စေတနာဆိုတာ အသွားအပြန်ရှိတဲ့အရာ

ကျွန်မက ဥပဒေကျောင်းသူတစ်ယောက်ပါ။ ကျွန်မမိဘတွေက နယ်က သာမန်ကုန်သည် မိသားစုလေးမို့ မြို့မှာ အဆောင်နေရင်း ကျောင်းတက်ရပါတယ်။ ကျွန်မကျောင်းမသွားခင် ထမင်း ဆိုင်မှာ မနက်စာစားတိုင်း လမ်းဘေးခွေးလေးတစ်ကောင် ကျွန်မထမင်းဝိုင်းဘေး လာလာမျှော်တတ် ပါတယ်။ အဲ့ဒီအခါ ကျွန်မမကုန်တဲ့ထမင်းနဲ့ အရိုးတွေကို ဆိုင်မှာဖော့ခွက်လေးတောင်းပြီး ခွေးလေးကို ထည့်ကျွေးလေ့ရှိပါတယ်။ ကျောင်းပိတ်ရက်တွေဆို ကျွန်မတို့အဆောင်နဲ့ မနီးမဝေးမှာရှိတဲ့ အဓိဋ္ဌာန်အောင်ဘုရားဆီသွားပြီး မကြာမကြာဆုတောင်းတတ်ပါသေးတယ်။

မြင်နေကျအတိုင်းပဲပေါ့။ ဘုရားနားမှာဆို ဘုရားကိုအကြောင်းပြုပြီး တောင်းရမ်းစားသောက်နေတဲ့သူတွေလည်း ရှိနေပါတယ်။ ဘုရားလာရင်း တစ်နေ့ကျွန်မ သတိထားမိတာက အသက်ကြီးကြီးအဘိုးကြီးနဲ့ သူ့မြေးလေးက တခြား သူတွေလို လူအနားကပ်မတောင်းဘဲ ပညာရေးအတွက်ဆိုတဲ့ ဆိုင်းပုဒ်လေးချထားပြီး ငူငူငိုင်ငိုင်နဲ့ ထိုင်တောင်းနေပါတယ်။ ကျွန်မလည်း အဲ့ဒီမြေးအဘိုးနားသွားပြီး အဘိုးကို အကျိုးအကြောင်း မေးကြည့်ဖြစ်ပါတယ်။ ကလေးရဲ့ မိဘနှစ်ပါးက အလုပ်လုပ်ရင်း မတော်တဆဖြစ်ပြီး သေဆုံးသွားလို့ အဘိုးကလည်း ဘာမှမလုပ်နိုင်လို့သာ တောင်းရမ်းတာဖြစ်ကြောင်း မျက်ရည်စမ်းစမ်းနဲ့ ပြောပြနေပါတယ်။ ကျွန်မမှာလည်း ကလေးအတွက် အပြည့်အဝမထောက်ပေးနိုင်ပေမဲ့ ကျွန်မပါလာတဲ့ငွေလေးအနည်းငယ်ကို ကလေးရှေ့ကခွက်ထဲ ထည့်ပေးလိုက်ပါတယ်။

ဒီနေ့တော့ ကျွန်မအိမ်က အကြော်အလှော်ဟင်းတွေနဲ့ ခြံထွက်ငှက်ပျောသီးတွေ ပို့ပေးလိုက်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ဝေမျှစားပေမဲ့ ငှက်ပျောသီးတွေက ပိုနေပါသေးတယ်။ “နောက်နေ့ဆို အမှည့်လွန်သွားလိမ့်မယ်။ ငါတို့ဘယ်လိုလုပ်ကြမလဲ ” လို့ ကျွန်မ သူငယ်ချင်းတွေကို မေးလိုက်ပါတယ်။ “ အဆောင်နဲ့တစ်အိမ်ကျော်က အိမ်သေးသေးလေးမှာ အဘွားတစ်ယောက်နေတယ်ဟ။ နင်တို့ကော သိလားမသိဘူး။ အဲ့ဒီအဘွားမှာ သားတစ်ယောက်ရှိပေမဲ့ အရက်သမားဆိုတော့ အဘွားကို ကောင်းကောင်းမကျွေးမွေးဘူးနဲ့ တူပါတယ်။ အဘွားခမျာ ပိန်လှီနေတာပဲ။ ငါတို့ အဲ့ဒီအဘွားကို သွားပေးရအောင်လေ ” ဆိုပြီး ကျွန်မသူငယ်ချင်းသူဇာက ပြောပါတယ်။ ဒါနဲ့ ကျွန်မတို့ အဘွားအတွက် ငှက်ပျောသီးသွားပေးရင်း ဝေယျာဝစ္စလေးတွေ ဝိုင်းကူလုပ်ပေးခဲ့ကြပါတယ်။

ဒီနေ့ အဆောင်နောက်က ခြံဝင်းထဲမှာ စာကျက်ဆင်းရင်း အပင်လေးတွေ ညှိုးနေတာတွေ့လိုက်ပါတယ်။ ကျွန်မတို့အဆောင်မှူးက ကလေး ၃ ယောက်ရဲ့ဝေယျာဝစ္စတွေလုပ်ပေးနေရလို့ အလုပ်ရှုပ်နေပုံရပါတယ်။ အပင်လေးတွေတောင် ရေလောင်းပေးချိန်မရဘူး။ ဒါနဲ့ ကျွန်မလည်း ခြံဝင်းထဲမှာ ချထားတဲ့ရေဆွဲပုံးလေးယူပြီး အပင်လေးတွေကို ရေလောင်းပေးလိုက်ပါတယ်။ နောက်ရက်တွေလည်း ကျွန်မ စာမကျက်ခင် အပင်လေးတွေ ရေဆွဲဆွဲလောင်းပေးလေ့ရှိပါတယ်။

အိမ်က ပို့ပေးတဲ့မုန့်နဲ့အသီးတွေ ပိုတိုင်း အဘွားကို ခဏခဏသွားပေးဖြစ်တယ်။ တစ်ပတ် တစ်ခါ ဘုရားသွားတိုင်း ဟိုကလေးလေးကို ကျွန်မမုန့်ဖိုးလေးထဲက ထုတ်ထုတ်ပေးဖြစ်တယ်။ ထမင်းနဲ့ အရိုးတွေ ကျွန်မကျွေးပေးနေကျ ခွေးလေးကလေ အခုဆို ကျောင်းဆင်းချိန်တိုင်း ကျွန်မ နောက်ကနေ ပွတ်သီကပ်သီနဲ့ လိုက်လိုက်စောင့်ရှောက်တတ်နေပါပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီနေ့မှာ ကျွန်မစာမေးပွဲအားလုံးဖြေပြီးသွားလို့ နယ်မပြန်ခင်လေး အိမ်အတွက် ဝယ်စရာရှိတာ လေးဝယ်ဖို့ ဈေးဘက်ခဏသွားခဲ့ပါတယ်။ အပြန်လမ်းမှာ လူစိမ်းတစ်ယောက် ကျွန်မနားကပ်လိုက်လာ တာ သတိထားမိလိုက်ပါတယ်။ ကျွန်မ သူ့ကို လှည့်အကြည့်လိုက်မှာပဲ ကျွန်မကို ပါလာတဲ့ဓားနဲ့ချိန်ပြီး ပိုက်ဆံအိတ်ဆွဲလုသွားပါတယ်။ ကျွန်မလည်း ဘေးအကူအညီတောင်းရင်း အော်တာပေါ့။ လမ်းအကွေ့ လေးမရောက်ခင်မှာ ကျွန်မနောက်ကလိုက်နေကျ ခွေးလေးက အဲ့ဒီလူကို အတင်းထိုးဟောင်ရင်း လိုက်ဆွဲတယ်။ ဘုရားနားက မြေးအဘိုးနှစ်ယောက်လည်း လမ်းအကွေ့ကနေ ဝင်လာတော့ အဲ့ဒီလူ သွားမယ့်လမ်း ပိတ်သွားသလို ဖြစ်သွားတာပေါ့။ အဲ့ဒီအချိန်မှာပဲ အဘွားက ဆူညံသံတွေကြားလို့ တောင်ဝှေးလေးနဲ့ အပြင်ထွက်လာပြီး ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ အဲ့ဒီလူကို တောင်ဝှေးနဲ့ရိုက်လိုက်ပါ တယ်။ အဲ့ဒီလူလည်း အခြေအနေမဟန်တာနဲ့ ထွက်ပြေးသွားပါတယ်။ ကျွန်မလည်း အဘွားနဲ့မြေး အဘိုးနှစ်ယောက်ကို ကျေးဇူးတင်ကြောင်းပြောပါတယ်။ အဘိုးက သူတို့ကျေးဇူးထက် သူ့မြေးလေး ကျောင်းတက်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ကျွန်မကို ကျေးဇူးတင်ကြောင်း ပြန်ပြော ပါတယ်။

အဘွားကလည်း အခုဆို အစားမှန်မှန်စားနေရလို့ ကျန်းမာကြောင်းပြန်ပြောရင်း ကျွန်မကို ဆုတွေတောင်းပေးနေပါတယ်။  နောက်နေ့မှာတော့ အိမ်ပြန်ဖို့ အထုပ်အပိုးတွေ ပြင်ဆင်တယ်။ ပြီး တော့ အဆောင်မှူးကို နူတ်ဆက်စကားပြောရင်း ဘုရားစင်ကိုကြည့်လိုက်တဲ့အခါ ကျွန်မလောင်းနေ ကျအပင်လေးက ပန်းပွင့်တွေဘုရားကပ်ထားတာ တွေ့လိုက်တော့ ကြည်နူးမိရပါတယ်။

တကယ်တော့ လိုအပ်နေသူတွေကို တတ်နိုင်သလောက် ကူညီနေတာဟာ ကျွန်မမှာ ချမ်းသာလွန်း တာကြောင့် မဟုတ်သလို ကျွန်မကို ပြန်ကူညီမယ့်သူတိုးအောင် မျှော်လင့်ချက်ကြောင့်လည်း မဟုတ်ရ ပါဘူး။ ဒါပေမဲ့ စေတနာဆိုတာ တစ်ချိန်မှာ ပြန်အကျိုးပေးတတ်ပါတယ်။

စာချစ်သူတို့ကော နေ့စဉ်ဘဝမှာ ကိုယ်တတ်နိုင်တာလေးတွေ ပေးကမ်းလေ့ရှိလား။ ဒီနေ့ကော ဘာလေးတွေ ကူညီပေးဖြစ်ခဲ့လဲ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။