နာကျင်မှုတွေဆိုတာ သင့်ဘဝကို ပိုကောင်းလာအောင် ထုဆစ်ပေးနေတဲ့အရာတွေပါ။

blank

မိတ်ဆွေတို့ရေ….

သာယာလှပတဲ့ မြို့လေးတစ်မြို့ရဲ့ အလယ်မှာ ပြတိုက်တစ်ခုရှိပါတယ်။ အဲ့ဒီပြတိုက်ရဲ့ ကြမ်းခင်းလေးတွေကို စကျင်ကျောက်နဲ့ ပြုလုပ်ထားပါတယ်။ အဲ့ဒီပြတိုက်ရဲ့ ဧည့်ခန်းထဲမှာတော့ စကျင်ကျောက်ရုပ်တုတစ်ခုကို ပြသထားပါတယ်။ ကမ္ဘာတစ်ဝှမ်းကလူတွေဟာ ရုပ်တုကို စိတ်ဝင်တစားလာရောက်ကြည့်ရှုကြတယ်။

တစ်ညမှာတော့ စကျင်ကျောက်အုတ်ချပ်ကြမ်းခင်းလေးတစ်ခုဟာ စကျင်ကျောက်ရုပ်တုဆီသွားပြီးတော့

“ရုပ်တုရေ…ငါတို့နှစ်ယောက်လုံးဟာ စကျင်ကျောက်တွေနဲ့ပဲ ပြုလုပ်ထားကြတာပါ။ နေရာတစ်ခုတည်းရဲ့မိုင်းတွင်းကထွက်၊ ကားတစ်စီးတည်းနဲ့ တင်လာပြီး ပန်းပုဆရာတစ်ယောက်တည်းကပဲ ထုပေးထားတာပါ။ ဒါပေမဲ့ လူတွေက မင်းကိုကျတော့ ချီးမွမ်းပြီး ငါ့ကိုကျ တက်နင်းသွားကြတယ်။ မတရားလိုက်တာကွာ” လို့ ပြောလိုက်ပါတယ်။ ဒီအခါမှာ စကျင်ရုပ်တုလေးက “

အုတ်ချပ်လေးရေ ငါတို့ကို မိုင်းတွင်းကသယ်ဆောင်လာပြီးတော့ ပန်းပုဆရာဆီမှာ ဘေးချင်းယှဉ်နေနေခဲ့ရတဲ့အချိန်ကိုမှတ်မိလား။ ပန်းပုဆရာက ပြောင်မြောက်တဲ့လက်ရာတစ်ခု ထုဆစ်ဖို့အတွက် မင်းကို အရင်ရွေးချယ်ခဲ့တာလေ။ ဒါပေမဲ့ မင်းက အထုဆစ်မခံဘူး။ စတင်ပြီးတော့ ပြိုလဲလာတယ်လေ မှတ်မိလား” လို့စပြီး မေးလိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီအခါမှာ အုတ်ချပ်လေးက

“မှတ်မိတာပေါ့။ ငါ အဲ့လူကြီးကို မုန်းတယ်။ ဘယ်လိုလုပ်ပြီးတော့များ ဆောက်တွေနဲ့ ငါ့ကိုထုဆစ်ရက်တာလဲ။ အရမ်းနာတာပဲ

လို့ပြန်ပြောတယ်။ ဒီအခါမှာ ရုပ်တုလေးက

“ဟုတ်တယ်။ မင်းက နာကျင်မှုကို ခံနိုင်ရည်မရှိတာကို သူမြင်တဲ့အခါ မင်းကိုဆက်ထုဆစ်ဖို့ လက်လျှော့လိုက်ပြီး ငါ့ကို ထုဆစ်ဖို့ဆုံးဖြတ်လိုက်တယ်လေ။ ငါကတော့ အောင်မြင်ချင်ရင် နာကျင်မှုကိုခံနိုင်ရည်ရှိရမယ်ဆိုတာ သဘောပေါက်တယ်လေ။ ဒါကြောင့် အာခံနေမယ့်အစား ဒီနာကျင်မှုတွေကို သည်းခံဖို့ ဆုံးဖြတ်လိုက်တယ်။ အုတ်ချပ်လေးရေ….အရာတိုင်းမှာ ပေးဆပ်ရမယ့် တန်ဖိုးရှိပြီးသားပါ။ လမ်းတစ်ဝက်မှာ လက်လျှော့ဖို့ဆုံးဖြတ်လိုက်တယ်ဆိုရင် အခုမင်းပေါ်မှာ နင်းလျှောက်နေတဲ့သူတွေကို အပြစ်တင်မနေပါနဲ့”

လို့ ပြန်ပြောလိုက်တယ်။

ဒီဇာတ်လမ်းလေးလိုပါပဲ။ တကယ်တော့ သင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေဆိုတာလည်း သင့်ဘဝကို ထူးခြားပြောင်မြောက်လာအောင် ထုဆစ်ပေးတဲ့ ပန်းပုဆရာတွေပါပဲ။ သင်ဟာ ဘဝရဲ့စမ်းသပ်မှုဒုက္ခတွေဖြစ်တဲ့ နာကျင်မှုတွေအားလုံးကို ခံနိုင်ရည်ရှိရဲ့လား။ ဒါမှမဟုတ် အုတ်ချပ်လေးလိုပဲ ညည်းညူပြီး အရှုံးပေးလိုက်တော့မှာလား။ သင့်ဆုံးဖြတ်ချက်ကပဲ သင်ဟာ လူတကာ လေးစားရတဲ့ စံပြလူတစ်ယောက် အဖြစ်ရှင်သန်မလား လူတွေတက်နင်းသွားတာခံရမလားဆိုတာကို ဆုံးဖြတ်ပေးသွားမှာပါ။

ဒါကြောင့် နာကျင်မှုတွေဆိုတာ သင့်ဘဝကို ပိုကောင်းလာအောင် ထုဆစ်ပေးတဲ့အရာတွေမို့ ညည်းညူမနေဘဲ အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။