ချစ်ရသူထံသို့ အိတ်ဖွင့်ပေးစာ

ချစ်ရတဲ့သူရေ….

အကောင်းအဆိုးတွေတိုင်းကို အတူတူဖြတ်ကျော်ရင်း အချစ်ခရီးကို လျှောက်လှမ်းလာကြတာ နေ့ရက်တွေက ကုန်လို့ကုန်မှန်းတောင် မသိခဲ့ဘူး။ ချစ်ခဲ့တဲ့ ရက်စွဲတွေမှာ

  •     ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးစေခဲ့တဲ့အတွက်
  •     မေတ္တာနဲ့ယှဉ်ပြီးဖြစ်ပေါ်လာတဲ့ နွေးထွေးတဲ့ စကားလေးတွေအတွက်
  •     တစ်နေ့ပြီးတစ်နေ့ရှင့်ကိုပိုပိုတိုးပြီးချစ်စေခဲ့တဲ့အတွက်
  •     ကျွန်မအပေါ်ထားခဲ့တဲ့ စိတ်ရှည်မှုတွေအတွက်
  •     ကျွန်မကိုယ်ကျွန်မတောင် နားလည်ရခက်ခဲတဲ့အချိန်တွေမှာ ကျွန်မကိုဖေးမမှုတွေအတွက်
  •     ကျွန်မရှေ့ရောက်လာမယ့်ရန်စွယ်တွေတိုင်းကို ကာကွယ်ပေးခဲ့တဲ့အတွက်
  •  ရှင့်ကိုချစ်ဖို့အတွက် ကျွန်မကိုယ်ကျွန်မ ချစ်ဖို့ အရေးကြီးတယ်ဆိုတာကို နားလည်စေခဲ့တဲ့အတွက်

အချစ်တစ်ခုမှာ မျက်ရည်တွေ၊ ငြင်းခုံမှုတွေလည်း ပါဝင်ပေမယ့် အချစ်တွေလျော့မသွားဘူးဆိုတာ ကျွန်မကိုနားလည်စေခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မလေ….

ကျွန်မရှင်နဲ့ဘယ်လောက်ပဲ ငြင်းခုံရန်ဖြစ်ပါစေ ရှင့်လက်ကို အမြဲတမ်း ဆုပ်ကိုင်ထားပါ့မယ်။  ကျွန်မတို့ဘဝမှာ ဘာတွေပဲဖြစ်လာဖြစ်လာ သစ္စာတရားတွေရှိနေသေရွှေ့ ကျွန်မရှင့်ဘေးမှာ အမြဲတမ်းရှိနေပေးပါ့မယ်။ ဘဝမှာ မုန်တိုင်းတွေရောက်လာခဲ့ရင်လည်း ချစ်ခြင်းတွေတည်ရှိနေသရွေ့ ကျွန်မရှင်နဲ့အတူ ရင်ဆိုင်ပေးပါ့မယ်။ ရှင့်ရဲ့အားနည်းချက်တွေကိုလည်း ရှင့်ရဲ့ချစ်ခြင်းတွေကို မြတ်နိုးသလို အသာအယာနမ်းရှိုက်နှစ်သိမ့်ပေးမယ်။ ဘယ်သူတွေ ဘယ်လိုသွေးခွဲခွဲ ကျွန်မတို့မခွဲဘူးနော်။

ဘာဖြစ်လို့လဲဆိုတော့…..

ရှင်ကကျွန်မရဲ့ ကိုယ်ပိုင်အရည်အသွေးတွေကို မြင့်တင်ပေးခဲ့ပြီး လောကကြီးမှာအချစ်စစ်တကယ်ရှိတယ်ဆိုတာကို နားလည်စေခဲ့တယ်။ ရှင်လည်း ကျွန်မလက်ကိုအခုလိုပဲ မြဲမြံစွာကိုင်ထားပေးပါ။ ကျွန်မလည်းရှင့်လက်ကို နောက်ဆုံးအချိန်ထိတွဲထားပေးမယ်လေ။ ကျွန်မပေးနိုင်တဲ့ သစ္စာတရားနဲ့ ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာကို အပြည့်အဝပေးမယ်။ ရှင့်ဆီကလည်း အဲဒါတွေကလွဲပြီး ဘာမှမလိုချင်ဘူးနော်။ ရှင်ကကျွန်မရဲ့ပျော်ရွှင်မှုဖြစ်သလို ကျွန်မကလည်းရှင့်ရဲ့အပြုံးဆိုတာကို နားလည်စေခဲ့တဲ့အတွက် ရှင့်ကိုကျေးဇူးတင်ပါတယ်။

ရှင့်ရဲ့ အသည်းတစ်ခြမ်း