စည်းမစောင့်တဲ့ သူငယ်ချင်းမနဲ့ ဆက်ခင်သင့်လား၊ ကိုယ့်ဂုဏ်သိက္ခာကို ဆက်ထိန်းသင့်လား။

blank

ဒီနေ့ဟာ သူမနဲ့ ကျွန်တော့်ရဲ့ချစ်သက်တမ်း ၁ နှစ်ပြည့်တဲ့နေ့လေးပါ။ အနေဝေးချစ်သူတွေမို့ တစ်လတစ်ခါ ကျွန်တော် သူမနေတဲ့မြို့လေးဆီ သွားပြီး သူမကို သွားသွားတွေ့လေ့ရှိပါတယ်။ ဒါပေမဲ့ ချစ်သက်တမ်း ၁ နှစ်ပြည့်တဲ့နေ့ကျရင် သူမက ကျွန်တော်နေတဲ့မြို့ထိ ကျွန်တော့်ကို လာတွေ့မယ်လို့ ပြောပါတယ်။ ကိုယ့်ချစ်သူလေးက ကိုယ့်ဆီ တကူးတက လာတွေ့မယ်ဆိုတော့ ကျွန်တော် ပျော်လိုက်တာ ပြောမနေပါနဲ့တော့။

ကျွန်တော် ဒီနေ့ သပ်သပ်ရပ်ရပ်လေးပြင်ဆင်ပြီး မြို့အထွက်လမ်းဘေးက ဆုတောင်းပြည့်ဘုရားမုခ်ပေါက်နားမှာ သူမအလာကို ထိုင်စောင့်နေပါတယ်။ မနေ့ည ဖုန်းပြောတုန်းက ကျွန်တော့်တို့မြို့ခံ သူမသူငယ်ချင်းဖြိုးဖြိုးအိမ်မှာ တည်းပြီး ဖြိုးဖြိုးနဲ့အတူ လာမယ့်အကြောင်း ပြောထားကြတယ်လေ။ သူမအချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဖြိုးဖြိုးအကြောင်းတော့ ဖုန်းပြောတိုင်း ခဏခဏထည့်ပြောဖြစ်လို့ လူချင်းမတွေ့ဖူးပေမဲ့ နာမည်တော့ တော်တော်ရင်းနှီးနေပါတယ်။

သူမနဲ့ဖြိုးဖြိုးရောက်လာတဲ့အခါ ကျွန်တော်တို့တွေ ဘုရားရင်ပြင်ပေါ်တက်ပြီး ဘုရားဝတ်ပြုကြတယ်။ ပြီးတော့ နေ့လည်စာအတွက် ကျွန်တော်သိတဲ့ဖက်ထုပ်ဆိုင်လေးမှာ သွားစားကြဖို့ ရွေးလိုက်တယ်။ သူမက ကျွန်တော့်ကို ဖြိုးဖြိုးနဲ့ မိတ်ဆက်ပေးပါတယ်။ သူတို့နှစ်ယောက်ကို ကြည့်ရတာ ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်နဲ့ နှစ်ယောက်သား တော်တော်သံယောဇဉ်ရှိပုံရတယ်။ ကျွန်တော်တို့မြို့ခံဆိုပေမဲ့ ဖြိုးဖြိုးကို ကျွန်တော် အခုမှ ပထမဆုံးအကြိမ်မြင်ဖူးတာပါ။ ကျွန်တော့်ကိုလည်း ဖော်ဖော်ရွေရွေစကားတွေ ပြောပါတယ်။ ဒီနေ့မှာတော့ ကျွန်တော် သူမကို လက်ဆောင်တွေ လိုက်ဝယ်ပေးတယ်။ ပြီးတော့ ဖြိုးဖြိုးရောအပါ ကျွန်တော်တို့သုံးယောက်သား မြို့အနှံ့လျှောက်လည်ကြတယ်။

ကျွန်တော်တို့မြို့လေးက သိပ်မကြီးလို့ လည်ပတ်စရာတွေက တစ်ရက်လောက်နဲ့ နှံ့သွားပါတယ်။ သူမအဖေက ကျန်းမာရေးသိပ်မကောင်းလို့ အကြာကြီးမနေတော့ဘဲ မနက်ဖြန် သူမမြို့လေးဆီပြန်တော့မှာတဲ့။ ကိုယ့်ချစ်သူနဲ့ခွဲရတော့မှာမို့ ဟန်တောင်မဆောင်နိုင်ဘဲ ကျွန်တော့်မျက်နှာလေးညှိုးနွမ်းနေပါတယ်။ သူမကတော့ ဖြိုးဖြိုးကို ဘာတွေမှာနေလဲမသိပါဘူး တတွတ်တွတ်ပြောပြီး ကျွန်တော့်ဘက်လှည့်လာပါတယ်။ သူမ ပြန်ရတော့မယ်ဆိုပေမဲ့ သူမကိုယ်စား ဖြိုးဖြိုးကို စောင့်ရှောက်ပေးဖို့၊ ကျွန်တော့်သူငယ်ချင်းလို သဘောထားပြီး ရင်းရင်းနှီးနှီးနေဖို့၊ ကျွန်တော့်ကို ကျန်းမာရေးဂရုစိုက်ဖို့ စုံနေအောင် မှာနေပါတယ်။ သူမပြန်သွားပြီး ၁ ပတ်ပြည့်တဲ့နေ့မှာ ဖြိုးဖြိုးက ရုံးပိတ်ရက်ပျင်းနေလို့ လျှောက်လည်ဖို့ ကျွန်တော့်ကို ဖုန်းဆက်ခေါ်ပါတယ်။ ကျွန်တော်လည်း ကျွန်တော့်ချစ်သူမှာထားတဲ့စကားကို ပြန်ကြားယောင်ပြီး အားနာနာနဲ့ လိုက်ပို့ပေးပါတယ်။

လူချင်းတွေ့ဖူးတာ သိပ်မကြာသေးဘဲနဲ့ ဖြိုးဖြိုးက ကျွန်တော့်ကို တရင်းတနှီးပြောဆိုဆက်ဆံပါတယ်။ နောက် ၃ ရက်လောက်နေတော့ ဖြိုးဖြိုးက ကျွန်တော်တို့အိမ်နားက မုန့်ဟင်းခါးကောင်းတယ်ဆိုလို့ စားချင်လို့ လာပို့ပေးဖို့ ဖုန်းထပ်ဆက်ပြန်ပါတယ်။ ငြင်းရင် ရိုင်းရာကျမှာစိုးလို့ ကျွန်တော်လည်း သွားပို့ပေးလိုက်ပါတယ်။

ဖြိုးဖြိုးက ကျွန်တော့်ကို ဖုန်းတွေခဏခဏဆက်ပြီး သူ့ဘဲနဲ့အဆင်မပြေတာတွေ ရင်ဖွင့်လေ့ပါတယ်။ တွေ့တဲ့အချိန်တိုင်းမှာလည်း ကျွန်တော့်ပုံစံက သူမရဲ့အနာဂတ်ခင်ပွန်လောင်းနဲ့ တစ်ထပ်တည်းတူကြောင်း၊ ကျွန်တော့်အပြုံးလေးတွေကို သဘောကျကြောင်း၊ ဝမ်းနည်းချိန်တိုင်း အမြဲရောက်လာပေးတဲ့ ကျွန်တော့်ကို အားကိုးကြောင်း ကျွန်တော့်မျက်လုံးကို စေ့စေ့ကြည့်ပြီး အမြဲပြောလေ့ရှိပါတယ်။

ကျွန်တော်မှာတော့  ချစ်သူမျက်နှာကြောင့် မကောင်းတတ်လို့သာ ဖြိုးဖြိုးရဲ့အပြုအမူ၊ အပြောအဆိုတွေကိုတော့ သိပ်သဘောမကျပါဘူး။ စိတ်ထဲမှာ တော်တော်မွန်းကြပ်နေတာတော့ အမှန်ပါပဲ။ ဖြိုးဖြိုးနဲ့ တွေ့ဖြစ်တိုင်း ကျွန်တော့်ကို မယုံမှာစိုးလို့ ကျွန်တော့်ချစ်သူကို အကျိုးအကြောင်းအားလုံး ပြောပြပြန်ရင်လည်း ကျွန်တော့်ချစ်သူက သူမသူငယ်ချင်းကို နားလည်ပေးဖို့ပဲ အမြဲပြန်ပြောပါတယ်။ ကျွန်တော့်ချစ်သူ ယုံကြည်နေတာမို့ ကျွန်တော်လည်း ဖြိုးဖြိုးတောင်းဆိုတိုင်း လိုက်လျောညီထွေနေပေးပါတယ်။ ဖြိုးဖြိုး အပြုအမူတွေက တဖြည်းဖြည်းဆိုးရွားလာပါတယ်။ ကျွန်တော့်ကို ဘယ်သွားသွားခေါ်တယ်။ ရုံးဆင်းချိန်တွေဆိုလည်း လာကြိုခိုင်းတယ်။ သူစိမ်းတွေကတောင် ကျွန်တော်တို့ကို သမီးရည်းစားစုံတွဲလို့ အထင်ခံရလောက်အောင် ဂရုစိုက်ပြနေတော့ ကျွန်တော့်မှာ နေရထိုင်ရခက်လိုက်တာ မပြောပါနဲ့တော့။ ကျွန်တော့်ချစ်သူကို ပြန်ပြောပြရင်လည်း ဖြိုးဖြိုးအပေါ် အယုံလွန်နေပြီး ကျွန်တော့်ဘက်ကပဲ အထင်လွဲနေတယ်လို့ ပြောပြန်ပါတယ်။

ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူဟာ ငွေအတူတူစုနေပြီး လက်ထပ်ဖို့အထိတောင် ရည်ရွယ်ထားကြတာပါ။ ဒါပေမဲ့ ဖြိုးဖြိုးနဲ့ သိပြီးကတည်းက ကျွန်တော့်စိတ်ထဲမှာလည်း “ ငါဒီလိုလုပ်နေတာ ငါ့ချစ်သူအပေါ် သစ္စာဖောက်ရာကျနေမလား ” ဆိုပြီး အမြဲမလုံမလဲဖြစ်ရပါတယ်။ ချစ်သူကို ဖြိုးဖြိုး ကျွန်တော့်အပေါ် စိတ်ကူးနေတဲ့အကြောင်း အထင်နဲ့ဖွင့်ပြောလိုက်ရင်လည်း ဖြိုးဖြိုး သိက္ခာကျသွားမှာလည်း စိုးရိမ်ရပြန်ပါတယ်။ သူမသူငယ်ချင်းဆီသွားတဲ့ ခြေလှမ်းတွေကို ရပ်ပစ်လိုက်ရမလား။ ဒီလိုပဲ ဖြိုးဖြိုးပေးတဲ့ အထာတွေကို မသိသလိုဟန်ဆောင်ပြီး လိုက်လျောနေရမလား။

ဒွိဟတွေများပြီး  ကျွန်တော်ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူးဗျာ။