ကိုယ့်ရဲ့ဖြစ်တည်မှုကို သူများဘဝတွေနဲ့ မနှိုင်းယှဉ်သင့်ပါဘူး

blank

           ထုတ်ဖော်မပြောကြပေမဲ့ လူအများစုရဲ့ စိတ်ထဲမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကို သူများတွေနဲ့ နှိုင်းယှဉ်မိတတ်ကြပါတယ်။ “ငါက သူ့လောက်မတော်ဘူး၊ ငါက သူ့လိုလည်မလှဘူး၊ သူက ငါ့ထက်ပိုပြီး ချမ်းသာတယ်” စတဲ့အတွေးတွေနဲ့ အတွင်းစိတ်ကနေ ကိုယ့်အပူကိုယ် ရှာနေတတ်ကြပါတယ်။ ဒီလိုမျိုး နှိုင်းယှဉ်ပြီး အားငယ်နေတာမျိုးက တကယ်ကို မဖြစ်သင့်ပါဘူးနော်။ မဖြစ်သင့်တဲ့အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်။

၁။ လောကမှ ဘယ်သူမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။

လောကမှာ ပြီးပြည့်စုံတဲ့သူဆိုတာမရှိပါဘူး။ တစ်နေရာမှာ သာလွန်နေတယ်ဆိုရင်တောင် တစ်နေရာမှာ အားနည်းချက်လေးတွေ ရှိနေတတ်ပါတယ်။ လူတစ်ယောက်က တစ်နေရာမှာ သင့်ထက်သာချင်သာနေနိုင်ပေမဲ့ သင်မမြင်နိုင်တဲ့ နောက်ကွယ်မှာ သင့်ထက် အားနည်းနေတတ်တာတွေ ရှိပါတယ်။ သင့်ထက်ချမ်းသာပေမဲ့ သင့်လောက်မလှတဲ့သူတွေရှိနိုင်တယ်။ သင့်ထက်လှပေမဲ့ သင့်လောက်ပညာမတော်တာတွေ ရှိနိုင်တယ်။ ဒါကြောင့် သူများနဲ့ နှိုင်းယှဉ်ပြီး အားငယ်မနေပါနဲ့။

၂။ သင်မြင်နေရတဲ့ ကွာခြားချက်တွေဟာ သင့်အမှားကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။

သင့်ထက် ပိုပြီးအောင်မြင်တဲ့ (ဒါမှမဟုတ်) သင့်ထက်ပိုပြီးခန္ဓာကိုယ်လှတဲ့ သူကိုတွေ့တဲ့အခါ သင်သိထားရမှာက ဒီလိုကွာခြားချက်တွေက သင့်အမှားကြောင့် မဟုတ်ဘူးဆိုတာပါပဲ။ သင်လည်း သူတို့လို အောင်မြင်အောင်၊ လှပအောင် ကြိုးစားနိုင်ပါတယ်။ ဒါဟာ ဝမ်းနည်းအားငယ်ရမယ့် ကိစ္စမဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဒီလို နှိုင်းယှဉ်မှုတွေက မနာလိုဝန်တိုမှုတွေဆီ ဦးတည်နေပါတယ်။

ဒီလိုနှိုင်းယှဉ်မှုတွေကြောင့် အပြုသဘောဆောင်အတွေးတွေဖြစ်ပြီး ကြိုးစားချင်စိတ်ဖြစ်တယ်ဆိုတာ ရှားပါတယ်။ များသောအားဖြင့်ကတော့ ယှဉ်စရာမရှိလိုက်ယှဉ်ပြီး မနာလိုစိတ်တွေဖြစ်လာကြတာများပါတယ်။ မနာလိုစိတ်တွေဆိုတာ မနာလိုခြင်းခံရသူထက် မနာလိုစိတ်ရှိသူမှာ ပိုပြီး ထိခိုက်တတ်ပါတယ်။ တစ်ဖက်သတ်မနာလိုပြီး တစ်ယောက်တည်း အမုန်းပွား၊ တစ်ယောက်တည်း စိတ်ဆင်းရဲနေရသလိုပေါ့။

ဒါကြောင့် အကောင်းဆုံးက သင့်ရဲ့ အရှိအတိုင်း စစ်မှန်စွာနေထိုင်ပါ။ သင့်ဘဝမှာလည်း သူများတွေထက် သာလွန်တဲ့ အားသာချက်တွေ အများကြီးရှိပါတယ်။ ကိုယ့်ရဲ့ အားသာချက်တွေကို တန်ဖိုးထားပါ။ အားနည်းချက်တွေကို အားသာချက်တွေဖြစ်အောင် ပြောင်းလဲပါ။ ဘာလို့လဲဆိုတော့ သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်က သင်ကိုယ်တိုင်ပဲမဟုတ်လား။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။