ကိုယ်မွေးထားတဲ့ သားသမီးကို သူစိမ်းတွေထက် နည်းနည်းပို ယုံကြည်ပေးပါမေမေနဲ့ဖေဖေ။

ကျွန်မက တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ။ ကျွန်မကို ၈တန်းလောက်ကစပြီး မေမေတို့ရဲ့ ဆရာဆိုတဲ့ ဘဘကြီးက စာသင်ပေးပါတယ်။ သီလ၊ သမာဓိပြည့်စုံသယောင် ဟန်ဆောင်ထားတဲ့ အဲ့ဒီလူကြီးကို မေမေနဲ့ဖေဖေက ယုံကြည်အားကိုးကြတယ်။ မေမေနဲ့ဖေဖေရဲ့ ကျူရှင်ဆရာဖြစ်ခဲ့ဖူးတဲ့ ဆရာဟာ အသက် ၅ဝ နီးပါးလည်း ရှိပါပြီ။ သူက စာအသင်အပြလည်း ကောင်းပါတယ်။ အရင်က စာညံ့တဲ့ကျွန်မဟာ ဆရာစာသင်ပြီး (၂) လလောက်မှာပဲ အမှတ်တွေ တက်လာခဲ့ပါတယ်။ မေမေနဲ့ဖေဖေကလည်း သိပ်ကျေနပ်သွားခဲ့ကြတယ်။ ဆယ်တန်းအထိ ဆရာ့လက်ထဲအပ်ပါတယ်ဆိုတဲ့ စကားဟာမေမေနဲ့ဖေဖေရဲ့ လက်သုံးစကားဖြစ်လာခဲ့တယ်။

အလုပ်များတဲ့မေမေတို့ အိမ်မှာမရှိတဲ့အခါ ဆရာ့လက်ထဲမှာ ကျွန်မကို ယုံယုံကြည်ကြည်အပ်ထားခဲ့ကြတယ်။ ကိုယ်ကျင့်တရားကောင်းပါတယ်ဆိုတဲ့ ဆရာဟာ အမေတို့လစ်ပြီဆိုတာနဲ့ ကျွန်မရဲ့ ရင်သားကို မတော်တဆကိုင်တာမျိုးတို့၊ သူရဲ့လိင်အင်္ဂါနဲ့ မထိတထိထိတာမျိုးတို့ လုပ်ပါတယ်။ သမီး စိတ်ထဲမှာ မနှစ်မြို့ပေမယ့် အသက်ရှူကြပ်နေပေမယ့် ကျွန်မမအော်ရဲခဲ့ဘူး။ ကျွန်မကိုအနောက်ကနေ အုပ်မိုးပြီး စာပြတဲ့အခါ ကျွန်မအော်ငိုပစ်ချင်တာပဲ။

တစ်နေ့မှာတော့ မေမေ့ကို အရဲစွန့်ပြီး ဖွင့်ပြောပြတယ်။ မေမေက “ စာမလုပ်ချင်လို့ ဆင်ခြေပေးနေတာမဟုတ်လား။ တိုက်ပုံအင်္ကျီအဖြူနဲ့ ပုဆိုးကိုပဲ အဝတ်များတဲ့ ဆရာဟာ ဒီလိုအဖြစ်မျိုးတွေလုပ်မှာမဟုတ်ဘူး။ နင်သာ ဘာမဟုတ်တာလုပ်လဲ မသိဘူး” ဆိုပြီး အရိုက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ စာသင်ချိန်တိုင်းဟာ ကျွန်မအတွက် ငရဲခန်းသမျှ ပူလောင်ခဲ့ပါတယ်။ “အမေတို့ အပြင်မသွားပါစေနဲ့” လို့ ဆုတွင်တွင်တောင်းပြီး စာလုပ်ရပေမယ့် အမေတို့မရှိတဲ့အချိန်က များတတ်ပါတယ်။ အဲ့ဒီအချိန်မှာဆို မွန်းကြပ်တဲ့စိတ်၊ ဝမ်းနည်းသိမ်ငယ်စိတ်၊ ကြောက်ရွံ့တဲ့စိတ်တွေနဲ့ ဆရာ့ရဲ့လက်သရမ်းမှုကို ခံခဲ့ရပါတယ်။
မေမေ့ကို အကြိမ်ကြိမ်ဖွင့်ပြောခဲ့တယ်။ ဒါပေမဲ့ မေမေက ကျွန်မစကားထက် ကိုယ်ကျင့်တရားကောင်းမွန်ပုံရတဲ့ ဆရာ့ကို ပိုယုံကြည်ခဲ့တယ်။

အခုဆိုကျွန်မက ဆယ်တန်းပြီး တက္ကသိုလ်ကျောင်းသူကြီးဖြစ်နေပြီ။ အခုထိ အိပ်မက်ဆိုးတွေနဲ့ လန့်နိုးတုန်း၊ ခြောက်ခြားစွာ မောဟိုက်တုန်း။ ကျွန်မကို ချဉ်းကပ်လာတဲ့ ယောက်ျားလေးတွေကို ကြောက်ရွံ့စွာရှောင်ဖယ်နေတုန်း။ အိမ်ထောင်ပြုတယ်ဆိုတဲ့ ကိစ္စကိုစဉ်းစားမိတယ်။ အဲ့ဒီကိစ္စကိုစဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကိုယ် မသတီသလို ခံစားရတယ်။ မသန့်စင်သလို ခံစားရတယ်။

စိတ်ဒဏ်ရာတွေရနေတဲ့ ကျွန်မ၊ ကျွန်မရဲ့ခန္ဓာကိုယ်ကို မချစ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ဒဏ်ရာတွေက ဆရာဆိုတဲ့သူပေးခဲ့တာလား။ ကျွန်မရဲ့ မေမေနဲ့ဖေဖေကြာင့်ရခဲ့တာလား။ မေမေနဲ့ဖေဖေသာ ကျွန်မကို ယုံကြည်ပေးခဲ့ပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရဲ့ ဓားစာခံအဖြစ် ဖြစ်ခွင့်မပေးခဲ့ရင်ကော ကျွန်မရဲ့ ဒဏ်ရာတွေက အခုထိ ရှိနေဦးမလား။ ကျွန်မရဲ့မိဘတွေက ကျွန်မကို သူစိမ်းထက်ပိုပြီး ယုံကြည်ပေးခဲ့ရင်လေ……….

ကျွန်မအခုလို ယုံကြည်ချက်မဲ့တဲ့သူတစ်ယောက်ဖြစ်နေဦးမှာလား။