သမီးလေးသို့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ မှာတမ်းတစ်စောင်

blank

သမီးလေးရေ….

ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ ဘာတွေလိုသလဲလို့ သမီးလေးမေးဖူးတယ်နော်။ သမီးက တကယ်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်တာလား။ အဲ့ဒါဆိုရင်တော့ မေမေ့ရဲ့ဒီစာလေးကို သေချာဖတ်ကြည့်လိုက်နော်။

ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လုပ်သမျှအလုပ်တွေကို ၁ဝဝ% အားစိုက်ပြီးလုပ်ပါ။ ဘယ်သူတွေက အသိအမှတ်ပြုပြုမပြုပြု၊ ဂုဏ်ပြုပြုမပြုပြု သမီးရဲ့ စွမ်းအင်တွေကို အကောင်းဆုံးအသုံးချပါ။ ရှုံးခဲ့ရင်တောင် အဆုံးစွန်အထိ ကြိုးစားခဲ့တယ်ဆိုတဲ့ စိတ်က သမီးကို ဂုဏ်ယူစေမှာသေချာတယ်လေ။

သမီးရဲ့ဘဝမှာ အသည်းကွဲတဲ့အခါမှာပဲဖြစ်ဖြစ်၊ အလုပ်မှာအတားအဆီးတွေ ကြုံရတာပဲဖြစ်ဖြစ် လွန်မြောက်နိုင်မယ်ဆိုတာကို ယုံကြည်ပါ။ ဘာပဲဖြစ်လာဖြစ်လာ သမီးကိုယ်သမီး ချစ်မြတ်နိုးတာကို မစွန့်လွှတ်လိုက်ပါနဲ့။ သမီးဟာ သမီးအတွက် အကောင်းဆုံးအဖော်ဆိုတာကို နားလည်ထားပါ။

ကိုယ့်ကိုယ့်ကိုယ် အရှိအတိုင်းလက်ခံပါ။ သူတစ်ပါးတွေရဲ့ သဘောထားအမြင်တွေကြောင့် ကိုယ့်ရဲ့စံသတ်မှတ်ချက်တွေကို မနိမ့်ချလိုက်ပါနဲ့။ ကိုယ့်ရဲ့တန်ဖိုးဆိုတာ ကိုယ်ကိုယ်တိုင်တည်ဆောက်ရတဲ့အရာဆိုတာကို အမြဲမှတ်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သမီးကိုယ်သမီး အမြဲယုံကြည်ပါ။ သမီးလုပ်နိုင်တယ်ဆိုတဲ့ သက်တောင့်သက်သာအခြေအနေတွေကနေ ဖောက်ထွက်ပါ။ စွန့်စားမှုကြောင့်ရလာတဲ့ အောင်မြင်မှုက ပျော်ရွှင်မှုအကြီးကြီးတွေကို သယ်ဆောင်ပေးနိုင်ပါတယ်။

ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ်ဘာတွေကို လက်ခံတယ်၊ လက်မခံဘူးဆိုတာတွေကို ရေရာသေချာမှုရှိပါစေ။ ကိုယ်လက်မခံတဲ့အရာတွေကို ငြင်းဆိုတတ်ဖို့ သင်ယူထားပါ။ အချစ်ရေးမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် သူများနဲ့အဆင်ပြေစေဖို့ ကိုယ့်လိပ်ပြာက လက်မခံနိုင်တဲ့အရာတွေကို ပြတ်သားစွာ ငြင်းဆိုနိုင်ပါစေသမီး။

ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လက်လျှော့ချင်စိတ်ဖြစ်နေတဲ့အခါတွေမှာတောင် ကြိုးစားပါ။ သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုတာကို မှတ်ထားပါ။ ဘဝဆိုတာ သေသေကြေကြေ တိုက်ရမယ့် တိုက်ပွဲတစ်ခုဆိုတာ နှလုံးသွင်းထားပါ။ ကိုယ့်ကိုယ်ကိုယ်ညှာတာသနားနေရင် သနားစရာသတ္တဝါတစ်ခုဖြစ်သွားမယ်ဆိုတာ မမေ့ပါနဲ့။