သက်ရှည်နုပျိုစေဖို့ အဖိုးတန်လျှို့ဝှက်ချက်လေးတစ်ခု

blank

အသက်ရှည်နုပျိုစေတဲ့ နတ်ရေကန်သာ ကမ္ဘာပေါ်မှာ တကယ်ရှိတယ်ဆိုရင်  သေချာတယ်၊ အဲဒီနတ်ရေကန်က ဂျပန်နိုင်ငံ အိုခီနာဝါကျွန်းစုမှာ ရှိနေမှာပါ။ ဘာလို့လဲဆိုတော့ အိုခီနာဝါကျွန်းသားတွေက ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူသားတွေ ဖြစ်နေလို့ပါပဲ။

ဘာကြောင့် သူတို့က အသက်ရှည်ရတာလဲ။

ပထမဆုံးအကြောင်းရင်းကို ပြောရရင် သူတို့ဟာ ဗိုက်ပြည့်တဲ့အထိ အစားမစားကြဘူး။ ၈ဝ% လောက်ဗိုက်ပြည့်ရင် စားတာကို ရပ်လိုက်တယ်။ ပြီးတော့ သူတို့စားတဲ့ အစားအစာတွေက ကယ်လိုရီအရမ်းနည်းပါတယ်။ ဒါကို သူတို့က diet လုပ်တယ်လို့ မှတ်ယူမထားဘူး။ ရိုးရာစားသောက်မှုပုံစံလို့ပဲ လက်ခံထားကြတယ်။ ကျွန်မတို့လည်း သူတို့အတိုင်း စားလို့ရပါတယ်။ ဒီနည်းလမ်းက ဝိတ်လည်းကျစေတယ်။

အစားလျှော့စားတာက ဘာကြောင့် အသက်ရှည်စေတာလဲ။

ကျွန်မတို့ခန္ဓာကိုယ်ထဲမှာ တယ်လိုမဲ (telomeres) လို့ ခေါ်တဲ့ ခရိုမိုဇုမ်းလေးတွေရှိပါတယ်။  အားကောင်းတဲ့ microscope နဲ့ ကြည့်မှ မြင်ရပြီး ခရိုမိုဇုမ်းတွေနဲ့ လုပ်ဆောင်ချက်တူပါတယ်။ အစားလျှော့စားတဲ့အခါ၊ ကယ်လိုရီတွေ လျှော့စားတဲ့အခါမှာ telomere တွေဟာ ရှည်ထွက်လာပါတယ်။ Telomere တွေရှည်လေ အသက်ရှည်ရှည်နေရလေဖြစ်ပြီး telomere တွေတိုလေ အသက်တိုတိုနေရလေဖြစ်ပါတယ်။ ဒီတော့ telomere တွေရှည်အောင် ဘယ်လိုလုပ်မလဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လက်တွေ့စမ်းသပ်ချက်တွေအရ အစားလျှော့စားရင် telomere တွေရှည်လာတာတွေကို တွေ့ရပါတယ်။ အစားလျှော့စားတယ်ဆိုတာက ပြောရလွယ်သလောက် လုပ်ရခက်ပါတယ်။ ဒါပေမဲ့ နည်းလမ်းလေးတွေတော့ ရှိတယ်။

အစားစားရင် အစားကိုပဲအာရုံစိုက်ပါ။ TV ကြည့်ရင်းစားတာ၊ ဖုန်းသုံးရင်းစားတာတွေက အာရုံများစေပြီး ဗိုက်ဝလို့ဝမှန်းမသိဖြစ်စေပါတယ်။ ဒီတော့ များများစားမိတာပေါ့။ ပြီးတော့ ကိုယ်စားနေတဲ့ အစားအစာတွေအပေါ်မှာ အသိနဲ့သတိလေးထားပါ။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို မစားဖြစ်အောင်ရှောင်ပါ။ စစချင်းမှာတော့ စိတ်မသက်မသာဖြစ်ရလိမ့်မယ်။ ဒါပေမဲ့ သည်းခံပြီး ကျင့်သွားရင် ကျင့်သားရသွားမှာပါ။

ဒီနည်းလမ်းလေးအတိုင်း စားသောက်နေထိုင်သွားမယ်ဆိုရင် သင်လည်း သက်ရှည်ကျန်းမာသူတစ်ယောက်ဖြစ်မှာ အသေအချာပါပဲ။