ဉာဏ်ရည်မြင့်သူ အမျိုးအစား (၃) မျိုးရှိတယ်။ သင်က ဘယ်အမျိုးအစားလဲ။

blank

         ကျွန်မတို့တွေက ဉာဏ်ကောင်းတယ်၊ ဉာဏ်ရည်မြင့်တယ်ဆိုတာကို တစ်သမတ်တည်း မှတ်ထင်ထားတတ်ကြပါတယ်။ အထူးသဖြင့် ကျောင်းစာမှာ တော်တဲ့သူတွေကို ဉာဏ်ကောင်းတယ်လို့ ပိုပြီးသတ်မှတ်တတ်ကြပါတယ်။ တချို့ကလေးတွေရှိတယ်….. ကျောင်းစာမှာ မတော်ပေမဲ့ အနုပညာနဲ့ပတ်သက်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းမှာ မြင့်နေတာမျိုးပေါ့။ “အီရှန်ဇာတ်ကား” လို့ နာမည်ကြီးတဲ့ အိန္ဒိယဇာတ်ကား Taare Zameen Par ထဲက ဇာတ်ကောင် အီရှန်လေးလိုပေါ့။ ကျောင်းစာကို မမှတ်နိုင်ပေမဲ့ ပန်းချီပညာမှာတော့ ဆရာထက်တောင် တော်နေတယ်လေ။

ဒီတော့ ဉာဏ်ရည်မြင့်မားခြင်းကို ဆန်းစစ်လေ့လာကြည့်တဲ့အခါမှာ ဉာဏ်ရည်မြင့်သူအမျိုးအစား (၃) မျိုးရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

၁။ လေ့လာဆန်းစစ်ခြင်းဆိုင်ရာ ဉာဏ်ရည် (Analytical intelligence)

ကွန်ပျူတာနဲ့တူတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းအားကောင်းတဲ့အခါ လေ့လာဆန်းစစ်ခြင်းဆိုင်ရာ ဉာဏ်ရည် မြင့်မားကြပါတယ်။ ပြဿနာတစ်ခုခုကြုံလာတဲ့အခါမှာ ပြဿနာကို ခွဲခြမ်းစိတ်ဖြာတယ်၊ အချက်အလက်တွေကို ဆန်းစစ်တယ်၊ ပြီးတော့ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို အမြန်ထုတ်နိုင်တယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ တီထွင်ဖန်တီးခြင်းဆိုင်ရာ ဉာဏ်ရည် (Creative intelligence)

အသစ်အဆန်းတွေနဲ့ ယဉ်ပါးနေတဲ့ ဦးနှောက်ပိုင်ရှင်တွေပေါ့။ သူများတွေက မဖြစ်နိုင်ဘူးထင်တဲ့ အရာတွေကို ဖြစ်အောင်လုပ်ပြနိုင်တဲ့ ဉာဏ်စွမ်းရှိကြတယ်။ လမ်းဟောင်းမလိုက်ပဲ လမ်းသစ်ဖောက်ပြီး ကြိုးစားတတ်ကြတဲ့သူတွေပါ။ များသောအားဖြင့် အနုပညာရှင်တွေမှာ တွေ့ရတတ်ပါတယ်။

၃။ လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ ဉာဏ်ရည် (Practical intelligence)

ကျောင်းစာတော်တဲ့သူတွေမှာ မှတ်ဉာဏ်ကောင်းခြင်းနဲ့အတူ လက်တွေ့လေ့ကျင့်ခြင်းဆိုင်ရာ ဉာဏ်ရည်တွေ ကောင်းမွန်နေတတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်ပြီး ဇွဲကောင်းတဲ့သူတွေပေါ့။ ဒီလိုဉာဏ်ရည်မြင့်တဲ့သူတွေဟာ ပညာမတတ်ရင်တောင် စီးပွားရှာတတ်တဲ့သူတွေ ဖြစ်နိုင်ပါတယ်။ သူတို့က လက်တွေ့ဘဝမှာ ဘယ်လိုကြိုးစားရမလဲဆိုတာ သိကြတယ်လေ။

ဒီဉာဏ်ရည် (၃) မျိုးကို သိသွားပြီဆိုရင် သင့်မှာ ဘယ်လိုဉာဏ်ရည်က အားကောင်းတယ်၊ ဘယ်လိုဉာဏ်ရည်ကတော့ အားနည်းနေတယ်ဆိုတာ သိသွားလောက်ပြီပေါ့နော်။ အဲဒီလို အားနည်းချက်၊ အားသာချက်ကို သိသွားပြီးပြီဆိုရင် သင်နဲ့အသင့်တော်ဆုံးဖြစ်မယ့် အလုပ်၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေကို အမျှော်အမြင်ရှိစွာရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

သင်က ဘယ်ဉာဏ်ရည်ပိုင်းမှာ အားသာလဲ။ Comment မှာ ဖြေကြားခဲ့ပါဦးနော်။