ယောက်ျားတိုင်းမကောင်းဘူးလို့ သတ်မှတ်ထားတဲ့ မိန်းကလေးများသို့ ပန်ကြားချက်

blank

မိန်းကလေးတို့ရေ…။

မင်းတို့အသည်းကို ခွဲသွားတဲ့ ကောင်လေးတွေရှိကောင်းရှိလိမ့်မယ်။
မင်းတို့ခံစားချက်တွေကို ကစားသွားတဲ့ ယောက်ျားလေးတွေရှိကောင်းရှိလိမ့်မယ်။
ပေးပြီးသားကတိတွေကို မတည်၊ မိန်းကလေးတွေကို တန်ဖိုးမထားဘဲ တစ်မျက်နှာကနေ နှစ်မျက်နှာ အလွယ်ပြောင်းတတ်တဲ့ ယောက်ျားလေးတွေ၊ ယောက်ျားဝါဒီကို လက်ကိုင်ထားပြီး မိန်းကလေးတွေကို အနိုင်ပိုင်း၊ သစ္စာမဲ့တတ်တဲ့ ယောက်ျားလေးတွေ အကြောင်းလည်း မင်းတို့ကြားသိကောင်း ကြားသိခဲ့လိမ့်မယ်။ ဒါပေမဲ့ မိန်းကလေးတို့ရေ…။ မင်းတို့သိခဲ့တဲ့ ယောက်ျားလေးတွေအပြင် မိန်းကလေးတွေကို တန်ဖိုးထားပြီး နှလုံးသားကိုစောင့်ရှောက်ပေးတတ်တဲ့ ယောက်ျားလေးတွေလည်း ကမ္ဘာကြီးမှာ ရှိပါသေးတယ်။

တန်ဖိုးမထားခဲ့တဲ့ လူတစ်ယောက်ကြောင့် ယောက်ျားလေးတွေအားလုံးကို ခြုံငုံပြီး အပြစ်တင်တတ်တာမျိုး မလုပ်ပါနဲ့ကောင်မလေးရေ။ ကမ္ဘာကြီးမှာလေ မင်းဘေးနားမှာ ဖခင်အဖြစ်၊ သူငယ်ချင်းအဖြစ်၊ အစ်ကိုတွေမောင်တွေအဖြစ် မင်းကိုအေးချမ်းစွာ ချစ်မြတ်နိုးနေတဲ့ ပုရိသတွေရှိနေတယ်ဆိုတာကို မှတ်ထားပေးပါနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မိန်းကလေးတစ်ယောက်ကို အသည်းခွဲသွားတဲ့ ယောက်ျားလေးတွေရှိနေသလို ယောက်ျားလေးတွေကို အသည်းခွဲသွားတဲ့ မိန်းကလေးတွေလည်း ရှိပါတယ်။ ဒါဟာ ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်းဆိုတာထက် ဘဝနောက်ခံအသိုင်းအဝိုင်း၊ ဘဝအပေါ်ခံယူချက်နဲ့ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ကျင့်သိက္ခာတွေနဲ့ပဲ သက်ဆိုင်ပါတယ်။
တကယ်တော့ လောကမှာ လူကောင်းနဲ့လူဆိုးဆိုပြီး လူနှစ်မျိုးပဲ ရှိပါတယ်။ ကောင်းတဲ့သူက ကောင်းတဲ့အပြုအမူ၊ မကောင်းတဲ့သူက မကောင်းတဲ့အပြုအမူတွေ လုပ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် မင်းတို့အသည်းကိုခွဲသွားတဲ့ ယောကျာ်းလေးတွေကြောင့် ယောက်ျားထုကြီး တစ်ခုလုံးကို ခြုံငုံအပြစ်မတင်လိုက်ပါနဲ့။ ယောကျာ်းလေးတွေကိုယ်တိုင်ကလည်း မိန်းကလေးတွေကို တန်ဖိုးမထားတတ်တဲ့ ယောကျာ်းလေးတွေ၊ အချစ်ကိုကစားတတ်တဲ့ ယောက်ျားလေးတွေကို ရှုံ့ချတယ်ဆိုတာ သိထားပါ။

ပြီးတော့ တစ်စုံတစ်ယောက်ရဲ့အမှားကြောင့် နာကျင်ကြေကွဲပြီးတဲ့နောက်မှာ အပြစ်ရှိသူဟာ အဲ့ဒီလူရယ်၊ တစ်စုံတစ်ခုသော အခြေအနေတွေရယ်ပဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် မင်းကိုယ်မင်းအပြစ်တင်မနေပါနဲ့တော့။ ယောကျာ်းလေးတွေကို အပြစ်တင်နေတာတွေလည်း ရပ်လိုက်ပါ။ လူ့အဖွဲ့အစည်းအတွင်းက တို့တတွေမှာ တစ်ယောက်ကိုတစ်ယောက် မကောင်းတွေမြင်နေကြရင် တို့တတွေရဲ့ဘဝတွေ ဘယ်လိုအရှေ့ဆက်တိုးနိုင်ပါ့မလဲနော်။

ဒါ့ကြောင့် တစ်ဖက်သတ်စွပ်စွဲတတ်တဲ့ မင်းတို့အကျင့်လေးကို ပြင်ပြီး သာယာပျော်ရွှင်တဲ့ လူမှုအသိုင်းအဝိုင်းကြီးကို အကောင်းမြင်စိတ်တွေနဲ့ ကျော်ဖြတ်လိုက်ကြရအောင်။