တန်ဖိုးရှိတဲ့ သင့်အချိန်တွေကို သာမန်ဘဝမျိုးနဲ့ မကုန်ဆုံးမိပါစေနဲ့။

blank

မိတ်ဆွေ….

သင့်ဘဝကို အခုထက်ပိုပြီးတိုးတက်ပြောင်းလဲချင်ပေမယ့် ဒီနေရာကနေ တိုးတက်မလာဘူးလို့ ထင်နေပါသလား။ လူအများစုဟာ သာမန်ဘဝမှာပဲ ပျော်ပိုက်နေကြပြီး သင်က သူတို့နဲ့တန်းတူမနေဘဲ ပိုကြိုးစားနေတယ်ဆိုရင်လည်း တိုက်ခိုက်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သင်က သင့်ပန်းတိုင်အတွက် ကြိုးစားနေပေမယ့် သူတို့ကတော့ လက်လျှော့ခဲ့ကြတယ်ဆိုတာကို သတိပေးနေသလိုဖြစ်နေလို့ပါ။

လူအတော်များများ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ မရောက်ရှိခဲ့ကြဘူးဆိုတာ သူတို့မလုပ်နိုင်လို့၊ မတတ်နိုင်လို့မဟုတ်ဘဲ သက်တောင့်သက်သာရှိတဲ့ သာမန်ဘဝမှာပဲ အခြေချနေထိုင်လိုက်ကြလို့ပါ။ ပြီးတော့ သူတို့ဝန်းကျင်ကိုလည်း သူတို့လိုပဲ သူလိုငါလိုလူတွေနဲ့ ဝန်းရံထားလိုက်ကြလို့ပါ။ အဲ့ဒီလူတွေဟာ သင်အောင်မြင်သွားမှာကိုလည်း မလိုလားကြပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင် ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့ကြိုးစားနေတာလား၊ ဘာတွေပြောင်းလဲဖို့ ကြိုးစားနေတာလဲဆိုတာတောင် သတိမပြုမိဘဲ ” မအောင်မြင်ခင်ကတည်းက ပြောင်းလဲနေပြီ”၊ “သူဋ္ဌေးတွေက ပိုလောဘကြီးတယ်”စတဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေနဲ့လည်း သင့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် စကားနာထိုးကြပါလိမ့်မယ်။

ဒါပေမဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ ပြေးနေတဲ့ သင့်ရဲ့ ခြေလှမ်းတွေကို လုံးဝမရပ်တန့်ပစ်လိုက်ပါနဲ့။ ရပ်တန့်ပစ်လိုက်တဲ့နေ့ဟာ သင့်ဘဝလည်း သာမန်ဘဝတစ်ခုအဖြစ် ကုန်ဆုံးဖို့ အစပြုလိုက်တာပါပဲ။

သင့်ရည်မှန်းချက်ကို သေသေချာချာသိပါ။ အဲ့ဒီရည်မှန်းချက်ဆီရောက်အောင်ပဲ တစိုက်မတ်မတ်လျှောက်လှမ်းလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ တန်ဖိုးရှိတဲ့ သင့်အချိန်တွေကို သာမန်ဘဝနဲ့ ကုန်ဆုံးရမှာ နှမြောစရာကောင်းလို့ပါ။ အခုကော သင့်အချိန်တွေကို ဘယ်လိုအသုံးချဖြစ်နေလဲ။