ကောင်မလေးတွေကို ပါးစပ်အရသာခံပြီး စနောက်တတ်တဲ့ ကောင်လေးတွေအတွက် ပန်ကြားလွှာ

blank
ကောင်လေးတို့ရေ…။

လမ်းသွားရင်းကြားနေရတဲ့ “ ရွှတ်.. ရွှတ်” ဆိုတဲ့အသံတွေ၊  “တစ်ယောက်တည်းလား” ဆိုပြီး စနောက်တတ်တာတွေ၊ “လိုက်ခဲ့ရမလား” ဆိုပြီး စနောက်တတ်တာတွေအပြင် လမ်းလျှောက်လာတဲ့ မိန်းကလေးတစ်ယောက်ကို ခြေလှမ်းတွေမှားအောင် စနောက်တတ်တယ်နော်။ အဲ့ဒီလို စလိုက်တဲ့ အချိန်မှာ ရှင်တို့ဘယ်လို ခံစားရလဲ။ အရမ်းကိုပျော်ရွှင်စိတ်ချမ်းသာသွားသလား။ ရှင်တို့အတွက် အကျိုးတွေအများကြီးရှိသွာသလား။ ရှင်တို့ရဲ့ တစ်နေ့တာမှာ ဘာတွေထူးခြားသွားလဲ။

ရှင်တို့သိလား..။

ရှင်တို့အဲ့ဒီလို စနောက်လိုက်တာဟာ ရှင်တို့အတွက် ဘယ်လိုထူးခြားမှုတွေ မရှိပေမယ့် စနောက်ခံရတဲ့ မိန်းကလေးကိုတော့ စိတ်အနှောက်အယှက်တွေ အများကြီးပေးနိုင်ပါတယ်။ လူတစ်ယောက်အနေနဲ့ အလုပ်ဖိအားတွေ၊ ငွေကြေးအပူအပင်တွေ တပုံတပင်ရှိနေတဲ့ ကြားထဲမှာ ဘဝရဲ့ ရုန်းကန်ရတဲ့ နေ့တွေထဲမှာ ရှင်တို့ရဲ့ စနောက်သံတွေက တကယ်ကို စိတ်ပျက်ဖို့ကောင်းလှပါတယ်။

ရှင်တို့စနောက်တာကို အခြားတစ်ယောက်ကို ပြောပြမိရင် အဲ့ဒီလမ်းက မသွားနဲ့တဲ့။ ရှင်တို့ရဲ့ လုပ်ရပ်တွေကြောင့် ညနေမိုးချုပ်ရင် အိမ်ထဲက အိမ်ပြင် ထွက်ခွင့်ပိတ်ခံခဲ့ရတယ်။ ကျွန်မကြိုက်တတ်တဲ့ စကပ်တိုလေးတွေကို စွန့်လွှတ်ခဲ့ရတယ်။ ဖိနပ်မြင့်မြင့်လေးတွေကို သိမ်းထားခဲ့ရတယ်။ တစ်ခါတလေကျရင် မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာတာက ရှင်တို့စနောက်တာတွေကို ခံဖို့လား၊ ရှင်တို့ကို ရှောင်ရင်းတစ်ဘဝလုံး ကုန်သွားမှာလားလို့ စဉ်းစားမိတယ်။ ရှင်တို့ကို အဲ့ဒီလို မစနောက်ဖို့၊ မိန်းကလေးတွေကို လေးစားဖို့ သင်ပေးမယ့်အစား လူတွေက ကျွန်မတို့ကို ဘယ်လိုလမ်းလျှောက်လဲမှမသိတာ၊ ဝတ်ထားတာက စချင်စရာကိုး စတဲ့ စကားတွေနဲ့ ကျွန်မတို့ကို ထိုးနှက်ကြပြန်တယ်။ မယုံမရှိနဲ့ အဲ့ဒီလို ပြောတဲ့ထဲမှာ မိန်းကလေးတွေတောင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလောက်ဆိုရင်.. ရှင်တို့လည်း မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကြဉ်းကြပ်မှုကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ ပြီးတော့ မိန်းကလေးတွေဆိုတာ ရှင်တို့ဘေးမှာ ပုံစံမျိုးစုံနဲ့ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ ရှင်တို့စနောက်တဲ့ မိန်းကလေးဟာ တစ်စုံတစ်ယောက်ရဲ့ ညီမလေးဖြစ်နေသလိုပဲ၊ ရှင်တို့ညီမလေးဟာလည်း တစ်စုံတစ်ယောက်ရဲ့ စနောက်ခြင်းကို ခံရနိုင်တယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။

ကျွန်မတို့ အဲ့ဒီကွင်းဆက်ကြီးကို ရှင့်ဆီကနေ စပြီးဖြတ်ပစ်လိုက်ကြစို့လား။ ရှင်က လူကြီးလူကောင်းဆန်တဲ့ အမျိုးသားတစ်ယောက်ဆိုတာ ကျွန်မသိပါတယ်လေ။