မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုး

blank

ညီမလေးရေ…။

လူတွေက စနောက်ပြီးပြောကြတယ်။ မိန်းကလေးတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့အမျှ ဈေးကွဲစပြုလာတဲ့ ဈေးမှာရောင်းတဲ့ ကုန်ပစ္စည်းတွေလိုပဲတဲ့။ တဖြည်းဖြည်းနဲ့ ရောင်းတဲ့သူက ဈေးလျှော့လျှော့ပြီး ရောင်းရတယ်တဲ့။ တကယ်တော့ တန်ဖိုးဆိုတာ ပစ္စည်းရဲ့ အရည်အသွေးပေါ်မှာပဲ မူတည်တယ်လို့ မမကတော့ထင်တယ်။ ရွှေဆိုတာက အချိန်ကာလတွေ ဘယ်လောက်ပဲကြာလာပါစေ ဈေးလျော့လာရိုးထုံးစံမှမရှိတာ။ ပြီးတော့ ညီမလေးကို အမှန်တကယ်တန်ဖိုးထားတဲ့ သူဆိုတာ ညီမလေး သတ်မှတ်ထားတဲ့ စံနှုန်းတွေကို တစ်ပြားသားမှမလျော့စေဘဲ ညီမလေးကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားမှာပဲလေ။

ချစ်သူကို ချစ်တဲ့စိတ်ကြောင့် အရာရာကို အလျှော့ပေးတယ်။ သတ်မှတ်ထားတဲ့ စံနှုန်းတွေကို လျှော့ချပေးတယ်။ ညီမလေးသတ်မှတ်ထားတဲ့ ဘဝစံနှုန်းတွေကို တစ်ထစ်ချင်းတစ်ထစ် လျှော့လျှော့ပေးတယ်လေ။ အချစ်ရေးတစ်ခုအဆင်ပြေဖို့ ညှိနှိုင်းဖို့လိုတယ်ဆိုပေမယ့် အမြဲတမ်းလျှော့ပေးနေရတာက ညီမလေးပဲဆိုရင် ဘယ်အဆင်ပြေပါ့မလဲနော်။ ညီမလေးနဲ့ ထိုက်တန်တဲ့ တန်ဖိုးကို မပေးနိုင်တဲ့သူတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကိုယ်ဈေးမချလိုက်ပါနဲ့ ညီမလေးရေ။ ညီမလေးကို အမှန်တကယ်ချစ်တယ်ဆိုရင် ညီမလေးနဲ့ ထိုက်တန်တဲ့တန်ဖိုးကို ပေးနိုင်ဖို့သူအားထုတ်ပါလိမ့်မယ်။

ညီမလေးဟာ…

ညီမလေးရဲ့ အိပ်မက်တွေကို ပံ့ပိုးကူညီပေးတတ်သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။

ညီမလေးရဲ့ ထက်မြက်မှုတွေကို လက်ခံပေးတတ်သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။

ညီမလေးရဲ့ စိတ်ဝင်စားမှုတွေကို အာရုံစိုက်ပေးတတ်သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။

ညီမလေးရဲ့ ရုပ်အလှထက် စိတ်အလှကို သတိထားမိမယ့် သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။

ညီမလေးရဲ့ အကောင်းအဆိုးတွေတိုင်းကို အရှိအတိုင်းလက်ခံပေးမယ့် သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။

ဒါ့ကြောင့် ညီမလေးရဲ့ တန်ဖိုးတွေကို သံသယပြန်ဝင်ရလောက်အောင် နှိမ့်ချဆက်ဆံတတ်သူရဲ့ လက်မှာ ညီမလေးကိုယ်ညီမလေး ပျောက်ဆုံးခံမနေပါနဲ့နော်။