မိသားစုအတူရှိနေချိန်လေးတွေဆိုတာ ဘဝမှာအဖိုးမဖြတ်နိုင်တဲ့ရတနာ

ကျွန်မက သိပ်ကိုအလုပ်ရှုပ်တဲ့မေမေတစ်ယောက်ပေါ့။ အခုခေတ် အိမ်ထောင်ရှင်မိန်းမသား များနည်းတူ အိမ်မှုကိစ္စတစ်ဖက်၊ စီးပွားရေးအလုပ်တစ်ဖက်နဲ့ ခေတ်မီထက်မြက်တဲ့မိန်းမသားဆိုတော့ ကျွန်မရဲ့တစ်ဦးတည်းသောသားလေးကိုတောင် အချိန်တွေအများကြီး မပေးနိုင်ဘူးဖြစ်နေခဲ့တယ်။ သားကလည်း မိဘရင်ခွင်ကို ချွဲနွဲ့ချင်တဲ့အရွယ်ဆိုတော့ ကျွန်မကို အရမ်းကပ်တယ်။ မနက်ဆိုလည်း ကျွန်မကနှိုးမှ။ ထမင်းစားရင်လည်း ကျွန်မက ကျွေးမှ။ ကျောင်းသွားရင်လည်း ကျွန်မရဲ့ လက်ကိုဆွဲ ပြီးမှ သွားချင်တာ။

ဒါပေမဲ့ ကျွန်မကလည်း မနက်ဆို အိမ်ကိစ္စကတစ်ဖက်၊ ရုံးသွားဖို့ပြင်ဆင်ရတာကတစ်ဖက်နဲ့ ဆိုတော့ သားလိုချင်သလောက် အချိန်မပေးနိုင်ပါဘူး။ ညဘက်ဆိုလည်း ကျွန်မက ရုံးအလုပ်တွေ အိမ်အထိသယ်လာတဲ့အတွက် သားကို အချိန်မပေးနိုင်ဘူး။ ဒါကို သားက ကလေးဆိုတော့ နားမ လည်ပါဘူး။ ကွန်ပျူတာတစ်လုံးရှေ့ချပြီး စာရင်းအင်းတွေနဲ့ ခေါင်းကိုက်နေတဲ့ ကျွန်မအနားကို သား ရောက်လာတယ်။ ပြီးတော့ ကျွန်မလက်မောင်းကို လာကိုင်လှုပ်ပြီး….

“ မေမေ သားကို ပုံပြင်ပြောပြပါ ” လို့ ပူဆာတယ်။ ကျွန်မ စိတ်ရှုပ်သွားတယ်။

“  မေမေ မအားဘူး သား။ သားဘာသာသွားအိပ်တော့ ”

သားက ပေကတ်ကတ်နဲ့ ကျွန်မကို ကြည့်နေပါတယ်။

“ ပြောပြပါ မေမေရဲ့။ မေမေပုံပြောပြတာလေးကို နားထောင်ပြီးမှ သားအိပ်ချင်လို့ပါ ”

အလုပ်ကြောင့် ခေါင်းရှုပ်နေချိန်မို့ ကျွန်မတော်တော်စိတ်တိုသွားမိတယ်။

“ မေမေ အလုပ်ရှုပ်နေတယ်လို့ ဘယ်နှခါပြောရမှာလဲ။ သွား… အခုသွားအိပ်တော့ ”

ကျွန်မ လေသံမာမာနဲ့ အော်ငေါက်လွှတ်လိုက်တာကြောင့် သား ငိုမဲ့မဲ့နဲ့ အိပ်ခန်းထဲဝင်သွား တယ်။ ကျွန်မလည်း မျက်မှန်ချွတ်ပြီး သက်ပြင်းပူတစ်ချက်နဲ့ကျန်ရစ်ခဲ့တယ်။ ရုတ်တရက်စိတ်ရှုပ်ရှုပ်နဲ့ အော်ငေါက်လိုက်မိပြီးမှ စိတ်လည်းမကောင်းဖြစ်မိတယ်။ ဒါနဲ့ အလုပ်တွေမြန်မြန်လုပ်ပြီး သားရဲ့အိပ် ခန်းထဲဝင်သွားတော့ သားက အိပ်တောင်ပျော်နေရှာပါပြီ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သားရဲ့ နဖူးလေးကို ဖွဖွနမ်းရင်း သားအိပ်ရာခုတင်စွန်းမှာ ဝင်ထိုင်လိုက်ပါတယ်။ သားရဲ့ခေါင်းလေးကို အသာ ပွေ့ပြီး ကျွန်မပေါင်ပေါ် ခေါင်းအုံးခိုင်းလိုက်တယ်။ ပြီးတော့ သားငယ်ငယ်က ချော့သိပ်နေကျသီချင်း လေးကို ကျွန်မ ခပ်တိုးတိုးလေး ဆိုလိုက်ပါတယ်။ သားက အိပ်ချင်မူးတူးနဲ့မျက်လုံးလေး တစ်ချက် ဖွင့်ကြည့်တယ်။ ကျွန်မသီ ချင်းဆိုနေသံကြားတော့ မျက်နှာလေးပြုံးမြမြနဲ့ ပြန်အိပ်ပျော်သွားတယ်။

အခန်းအပြင်မှာတော့ ညလေညှင်းအေးမြမြက နော့နော့လေးတိုက်ခတ်နေတယ်။ ညဥ့်နက်စ ပြုနေပြီမို့ ကျွန်မလည်း မှေးခနဲငိုက်သွားတယ်။

မျက်လုံးဖွင့်လိုက်တော့ မေမေက ကျွန်မနံဘေးမှာ ထိုင်နေတယ်။ ကျွန်မကို ပြုံးပြုံးလေး ကြည့် နေတယ်လေ။ မေမေက ကျွန်မကို တစ်နေရာကို ပြတယ်။ ကျွန်မလှည့်ကြည့်လိုက်တော့ အမျိုးသမီး တစ်ယောက်နဲ့ ဂါဝန်လေးဝတ်ထားတဲ့ချစ်စရာမိန်းကလေးတစ်ယောက်။ ကလေးမလေး တောက် တောက်တဲ့တဲ့လမ်းလျှောက်လာတာကို အမျိုးသမီးက ဆီးကြိုပွေ့ဖက်လိုက်တယ်။ ပြီးတော့ သားအမိ တွေ ခိုးခိုးခစ်ခစ်ရယ်လိုက်ကြတယ်။ မြင်ကွင်းက ပြောင်းသွားပါတယ်။ ကလေးမလေးက စက်ဘီးလေး စီးတတ်တဲ့အရွယ်ရောက်နေပါပြီ။ အမေဖြစ်သူက ကလေးမလေးရဲ့စက်ဘီးမလဲပြိုအောင် ဘေးကနေ လိုက်ထိန်းပေးနေတယ်။ သမီးလေးက “ မေမေ လွှတ်တော့။ သမီးဘာသာစီးချင်တယ်။ သမီးစီးတတ် ပြီ။ စီးနိုင်ပါပြီ ”တဲ့။ အမေဖြစ်သူက စက်ဘီးကို လွှတ်လိုက်ပြီး တဖြည်းဖြည်းချင်း စက်ဘီးနင်းသွားတဲ့ သမီးလေးကို ဝမ်းနည်းဝမ်းသာမျက်လုံးလေးတွေနဲ့ ငေးကြည့်ကျန်ရစ်ခဲ့တယ်။ ကျွန်မလည်း အဲ့ဒီလို ထပ်တူခံစားရတယ်။ ကျွန်မ ကြည့်နေတုန်းမှာပဲ မြင်ကွင်းကနောက်တစ်ခုပြောင်းသွားတယ်။

သမီးလေးက သတို့သမီးဝတ်စုံနဲ့အရမ်းလှနေတယ်။ သမီးလေးလက်ထပ်တော့မယ်။ အဖြူ ရောင်သတို့သမီးဝတ်စုံလေးနဲ့ သမီးလေးကို မေမေက နှမြောတသစွာနဲ့ ငေးကြည့်လို့မဝနိုင်အောင် ဖြစ်နေရှာပါတယ်။ သမီးလက်ကလေးကိုကိုယ်ပြီး ငေးမောနေတဲ့ မေမေ့ကို သမီးက ကြင်နာစွာပြုံးပြပြီး မေမေကိုင်ထားတဲ့လက်ကလေးကို ရုန်းထွက်လိုက်တယ်။ ပြီးတော့ သူစိမ်းယောကျာ်းပျိုတစ်ယောက် ရဲ့လက်တစ်ဖက်ကို အားကိုးယုံကြည်စွာနဲ့ ဆုပ်ကိုင်တွဲလိုက်ပါတယ်။

ဒီနေ့ကစပြီး သမီးလေးကို မေမေလက်တွဲလျှောက်ခွင့်မရှိတော့ဘူး။

ကျွန်မမျက်ရည်တွေစီးကျလာတယ်။ ကျွန်မ တိုးတိုးလေးရှိုက်ငင်မိသွားတယ်။ ကျွန်မ မျက်စိ ရှေ့က ပုံရိပ်လေးတွေ ဖြည်းဖြည်းချင်းဝေဝါးပျောက်ကွယ်သွားတယ်။ မေမေက ကျွန်မကို “ သမီး” လို့ ခေါ်ပြီး ပွေ့ဖက်ထားတယ်။ ကျွန်မလေ မေမေ့လက်တွေကို အားကိုးတကြီးဆုပ်ကိုင်ထားမိတယ်။ မေ မေက ကျွန်မကို ငယ်ငယ်တုန်းကလိုပဲ သူ့ပေါင်ပေါ်ခေါင်းအုံးအိပ်စေပါတယ်။

“ သမီးမြင်လိုက်တယ်မဟုတ်လား။ မေမေတွေရဲ့ဘဝမှာ သားသမီးကို တစ်သက်လုံးအပိုင် ချစ်ခွင့်ရတာမဟုတ်ပါဘူး။ အချိန်တန်တဲ့အခါ အတောင်အလက်စုံတဲ့အခါ သူတို့လေးတွေဟာ သူတို့ ရဲ့ဘဝသစ်ကိုပျံသန်းဖို့ မေမေတို့တွဲထားတဲ့လက်တွေကို ဖြုတ်ပေးရတာပါပဲ။ သူတို့မတောင်းဆိုရင် တောင် မေမေတို့က သူတို့ရဲ့အနာဂတ်အတွက် သူတို့ဘာသာလျှောက်ခွင့်ပေးရတယ်။ အဲ့ဒီလို လျှောက်နိုင်ဖို့ လိုအပ်တာတွေကို မေမေတို့လက်တွဲထားချိန်မှာပဲ ဖြည့်ဆည်းပေးခွင့်ရတာပါ။ ဒါ ကြောင့် သမီးလည်း သမီးရဲ့သားလေးနဲ့အတူရှိနေချိန်မှာ တန်ဖိုးထားပါ။ ဖြည့်ဆည်းပေးပါ။ ကွက် လပ်လေးတွေနဲ့ မကြီးပြင်းပါစေနဲ့နော်။ ကလေးဘဝရဲ့ နွေးထွေးလုံခြုံမှု၊ အပူပင်ကင်းမှု၊ ပျော်ရွှင်မှု တွေနဲ့ ကြီးပြင်းခွင့်ပေးလိုက်ပါ သမီးရယ် ”

ကျွန်မ ခေါင်းညိတ်လိုက်မိတယ်။ ဖျတ်ခနဲလန့်နိုးလာတော့ ကျွန်မက သားအခန်းထဲကနေ မ ထွက်ရသေးပါဘူး။ ဆုံးသွားတာကြာပြီဖြစ်တဲ့ မေမေ့ကို အခန်းထဲ လိုက်ဝေ့ဝဲရှာကြည့်ရင်းနဲ့မှ ကျွန်မ အိပ်မက်မက်နေတာကို သိလိုက်ရတယ်။

ကျွန်မနည်းနည်းလှုပ်လိုက်လို့ နိုးလာတဲ့သားလေးက အိပ်ချင်မူးတူးနဲ့ ကျွန်မမျက်နှာကို မော့ ကြည့်တယ်။ သူ့လက်ကလေးကို ဆုပ်ကိုင်ပြီး သူ့အနားမှာခုထိရှိနေသေးတဲ့ ကျွန်မကိုမြင်တော့ စိတ် ချမ်းသာသွားတဲ့ပုံနဲ့ ပြုံးသွားတယ်။ ပြီးတော့ ကျွန်မလက်ကို ခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်ရင်း “ မ သွားနဲ့ဦးနော် မေမေ ”တဲ့။ ကျွန်မ မျက်ရည်တွေကြားကနေ ပြုံးပြုံးလေး ခေါင်းညိတ်ပြလိုက်ပါတယ်။ ပြီးတော့ ကတိလေးတစ်ခုလည်း ပေးလိုက်တယ်။

“ စိတ်ချပါသားရယ်။ ဒီနေ့ကစပြီး သားက မေမေလက်မတွဲနဲ့တော့လို့ မပြောမချင်း သားရဲ့ လက်ကလေးကို မေမေဘယ်တော့မှ မဖြုတ်တော့ဘူးလို့ ကတိပေးပါတယ်ကွယ် ”

သားမျက်နှာပေါ်မှာ အပြုံးလေးတွေ ဝေသွားတယ်။ အပြင်မှာတော့ လမင်းကြီး ထိန်ထိန်သာ နေပါတယ်။ သားရဲ့အိပ်ခန်းလေးထဲမှာလည်း ကျွန်မတို့သားအမိရဲ့ ကြည်နူးစရာ အပြုံးလေးတွေနဲ့ ထိန်ထိန်သာလို့ပေါ့။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။