အိမ်ရှင်မဆိုတာ မှီခိုခံသက်သက်လား။

blank

မှီခိုဆိုတဲ့ နာမည်ကိုယူပြီး တစ်အိမ်လုံးကို အသက်ဝင်နေအောင် မထားရတဲ့ အိမ်ရှင်မကြီးရေ….

အလုပ်ဝင်ချိန်ထွက်ချိန်သတ်မှတ်ထားခြင်းမရှိဘဲ အချိန်ပြည့်တာဝန်ကို မင်းထမ်းဆောင်ခဲ့တယ်။ လခသတ်မှတ်ခြင်းမရှိဘဲ တစ်အိမ်သားလုံးရဲ့ အပြုံးတွေကို စားသုံးပြီး မင်းပျော်ရွှင်နေခဲ့တယ်။  မင်းကိုတစ်ယောက်ယောက်ကများမေးခဲ့ရင် “ဘာမှမလုပ်ဘူး။ အိမ်မှာပဲ” လို့ မင်းဖြေလိမ့်မယ်။ မင်းဘာမှမလုပ်ဘဲ နေတဲ့နေ့ဆိုတာ အိမ်မှာမရှိခဲ့ပေမယ့် မင်းကတော့ ငွေမရှာဘူးဆိုတဲ့ ဂုဏ်ပုဒ်လေးကို ရောင့်ရဲစွာယူနေခဲ့တယ်လေ။

ကိုယ့်ကိုယ်ကိုယ်မှီခိုလို့ သတ်မှတ်ထားတဲ့ တစ်အိမ်သားလုံး မှီခိုခံရတဲ့ အိမ်ရှင်မကြီးရေ…။

မင်းနေမကောင်းတဲ့နေ့တွေမှာ ကြိတ်မှိတ်ပြီး ချက်ပြုတ်လျှော်ဖွပ်တယ်။ မင်းချစ်ရတဲ့သူ တစ်ယောက်ယောက်များ နေမကောင်းဖြစ်ကြည့် ပျာယာခတ်နေအောင် မင်းဂရုစိုက်ပေးတယ်။ အိမ်ရဲ့ ဘယ်နေရာမှာ မင်းမပါဘဲပြီးသလဲဆိုတာကို ကြည့်ကြည့်။ မင်းတစ်ရက်လောက်များ နားနေလိုက်ရင် တစ်အိမ်လုံး စစ်ခင်းထားသလို ထိန်းသိမ်းမရအောင် ရှုပ်ပွကုန်တယ်လေ။

ကိုယ့်လုပ်နေတဲ့အလုပ်တွေကို သာမန်ပါပဲလို့ သတ်မှတ်ထားတဲ့ အိမ်ရှင်မကြီးရေ….။

မနက်ထမင်းချိုင့် မှီအောင် ချက်ပေးဖို့ မင်းတတ်တဲ့ အချိန်စီမံခန့်ခွဲမှု၊ မင်းခင်ပွန်းအပ်တဲ့ ငွေတွေကို အလေအလွင့်မရှိအောင် တစ်လလုံးလောက်ငှအောင် သုံးဖို့ မင်းကျွမ်းကျင်တဲ့ ငွေကြေးစီမံခန့်ခွဲမှု၊ အလုပ်ပေါင်းများစွာကို တစ်ချိန်တည်းမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်တဲ့ မင်းရဲ့အရည်အချင်းတွေ၊ ကမ္ဘာကျော်စားဖိုးမှူးတွေလို မကောင်းရင်တောင် စိတ်စေတနာအပြည့်နဲ့ ချက်ပြုတ်ထားတဲ့ မင်းရဲ့ ချက်ပြုတ်မှု စွမ်းရည် ဒါတွေဟာ သာမန်မဟုတ်ဘူးဆိုတာ မင်းသိမှသိရဲ့လား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အရာရာမှာ ကိုယ့်ကိုယ်ကိုယ်နောက်ထားပြီး သားသမီးတွေအတွက် ဦးစားပေးတဲ့ အိမ်ရှင်မကြီးရေ….။

အသားငါးဈေးကြီးတဲ့အခါ မင်းဟာ သားသတ်လွတ်သမားဖြစ်သွားတတ်တယ်၊ အိမ်မှာ ထမင်းမလောက်တဲ့အခါ မင်းဟာ ဝိတ်လျှော့နေရပြန်ရော။ ဈေးကြီးကြီး အစားအစာတွေနဲ့ မိတ်ကပ်ပစ္စည်းတွေကို မကြိုက်တတ်တဲ့မင်းကို ဘာသားနဲ့ ထုထားလဲဆိုတာကို ကိုယ်သိပ်သိချင်မိတယ်။ မင်းရဲ့ကလေးငိုတဲ့အခါ မင်းရဲ့အမျိုးသားနှိုးသွားမှာစိုးလို့ အခန်းအပြင်မှာ သွားချော့သိပ်ခဲ့တယ်လေ။ မင်းပေးတဲ့ဆင်ခြေက သူကတစ်နေကုန်အလုပ်လုပ်နေခဲ့တာတဲ့လေ။ မင်းကော အိမ်မှာတစ်နေကုန်ဘာလုပ်နေခဲ့သလဲဆိုတာကိုတော့ မင်းမေ့နေခဲ့လေသလား။

အိမ်ရှင်မကြီးရေ….။

မင်းဟာ မှီခိုမဟုတ်ပါဘူး။ အားလုံးက မှီခိုရတဲ့ အိမ်ရဲ့ ကျောရိုးကြီးပါ။ မင်းကိုယ်မင်း အားငယ်သိမ်ငယ်နေတာတွေကို လွတ်ချပစ်လိုက်ပါ။ မင်းဟာသိပ်ကိုအရေးပါတဲ့သူတစ်ယောက်၊ ထူးခြားတဲ့သူတစ်ယောက်ဆိုတာ မမေ့ဘဲနဲ့ အခြားလူတွေကို ဂရုစိုက်သလို မင်းကိုယ်မင်းလည်း ဂရုစိုက်ပေးပါနော်။

မင်းကို အမြဲတမ်း တန်ဖိုးထားမြတ်နိုးနေတဲ့

ဂန္ထဝင်