ဖုန်းစွဲရောဂါကို ဘယ်လိုကုသမလဲ

blank

            ဒီဖုန်းစွဲရောဂါဆိုတာ နည်းပညာတွေတိုးတက်လာပြီးတဲ့နောက်ပိုင်း လူကြီးတွေရော၊ လူငယ်တွေရော၊ ကလေးတွေမှာပါ ဖြစ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ ဖုန်းကိုပဲ တစ်ချိန်လုံးသုံးနေတာ၊ ဖုန်းမရှိရင် မနေတတ်တဲ့ရောဂါပေါ့။ ဒီရောဂါကျွမ်းနေတဲ့သူတွေမှာ အမြင်အာရုံအားနည်းတာ၊ လူမှုဆက်ဆံရေးလျော့နည်းတာ၊ ချစ်ခြင်းမေတ္တာတွေ အေးစက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကုဖို့ကလည်း ဆေးမရှိ။ ဒီရောဂါကို ကုနိုင်ဖို့ဆိုတာ အမူအကျင့်လေးတွေကနေ စပြီး ပြင်သွားရမှာပါ။

ဖုန်းစွဲရောဂါကို ဘယ်လိုအမူအကျင့်လေးတွေကနေ စပြီး ပြင်မလဲ။ ကြည့်လိုက်ရအောင်။

၁။ တွေးနေတဲ့ပုံစံတွေကို ပြန်ပြောင်းလိုက်ပါ။ ဖုန်းစွဲရောဂါကို ပျောက်ဖို့ “ဖုန်းလျှော့သုံးမယ်” လို့ တွေးမယ့်အစား “ဘဝအတွက် အချိန်တွေပိုဖြုန်းရမယ်” လို့တွေးကြည့်ပါ။

၂။ ဘယ်အရာတွေကို ပိုပြီးအာရုံစိုက်ချင်လည်းလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဖုန်းမသုံးတဲ့အချိန်တွေမှာ ဘယ်အရာတွေကို စိတ်ပါလက်ပါလုပ်မလဲဆိုတာကို အရင်သတ်မှတ်ထားပါ။

၃။ အောင်မြင်မှုရယူဖို့အတွက် ပြင်ဆင်ပါ။ ရည်မှန်းချက်ပန်းတိုင် အကြီးကြီး မဟုတ်ရင်တောင် အသေးလေးတွေ ချမှတ်ပြီး အဲဒီရည်မှန်းချက်လေးတွေကို ရယူဖို့ အာရုံထားပြီး ကြိုးစားပါ။ ဖုန်းသုံးဖို့ကိုလည်း မေ့ထားလိုက်ပေါ့။

၎။ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ဖုန်းသုံးနေတဲ့အချိန်မှာ သင့်ရဲ့ကျောရိုးကဘယ်လိုပုံစံဖြစ်နေလဲ၊ သင့်ရဲ့ အသက်ရှူနှုန်းတွေ ဘယ်လိုဖြစ်နေလဲ ဆိုတာတွေးဖူးလား။ ဖုန်းသုံးလိုက်လို့ ခန္ဓာကိုယ်ကြီးက ပေါ့ပါးလန်းဆန်းသွားတာမျိုးရှိဖူးလား။ တွေးကြည့်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အလေ့အကျင့်လေးတွေကနေ စတင်ပါ။ အိမ်မှာဖုန်းထားပြီး လမ်းလျှောက်ထွက်ပါ။ Facebook ဖွင့်ကြည့်မယ့်အစား အပြင်ကို ငေးကြည့်လိုက်ပါ။ စစချင်းတော့ ခက်လိမ့်မယ်။ နောက်ကျရင်တော့ ကျင့်သားရသွားမှာပါ။

၆။ အမြင်လေးတွေကို ပြောင်းပါ။ သူများဖုန်းထုတ်ကြည့်တာမြင်တိုင်း ကိုယ်က လိုက်ထုတ်မကြည့်ပါနဲ့။ သူတို့ဖုန်းသုံးနေတဲ့အချိန်မှာ ကိုယ်ကဖုန်းမသုံးဘဲ အကျိုးရှိတာတွေလုပ်နိုင်တယ်ဆိုတာကို မြင်ပါ။

ဒီနည်းလေးတွေကိုသုံးပြီး သင့်ရဲ့ဖုန်းစွဲရောဂါကို ကုသလိုက်ပါနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။