ပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေတဲ့ ပလပ်စတစ်အိတ်အန္တရာယ်

blank
လူကြီးမင်းများရှင်…

ပစ္စည်းတွေဝယ်တဲ့အခါ သယ်ရလွယ်ကူစေတဲ့ အသုံးပြုမှုလွယ်ကူတဲ့ ပလပ်စတစ်တွေဟာ ရောင်းသူဝယ်သူတွေရဲ့ သည်းခြေကြိုက်ပေါ့။ ဒါပေမဲ့ ကျွန်မတို့သုံးကောင်းကောင်းနဲ့ သုံးနေကြတဲ့ ပလပ်စတစ်တွေဟာ ကျွန်မတို့အတွက် ဘယ်လိုသက်ရောက်မှုတွေရှိနေလဲဆိုတာကိုကော တွေးမိကြရဲ့လား။ အမေရိကန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ရဲ့ သုတေသနတစ်ခုအရ တစ်ကမ္ဘာလုံးအတိုင်းအတာမှာ နှစ်စဉ်ပလပ်စတစ်သုံးစွဲမှု (၅ဝဝ) ဘီလီယံလောက် ရှိနေပြီ်လို့သိရပါတယ်။

Recycle လုပ်ပြီး အသုံးပြုမယ်ဆိုရင် အသစ်ထုတ်လုပ်တာထက် နှစ်ဆပိုကုန်စေတဲ့ ပလပ်စတစ်တွေဟာ ဆွေးမြေ့ဖို့လည်း နှစ်ပေါင်းများစွာကြာတတ်တာကြောင့် ပလပ်စတစ်သုံးစွဲမှုများလာလေလေ ပတ်ဝန်းကျင်မှာညစ်နွမ်းမှု များလေလေပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပလပ်စတစ်အိတ်တွေဟာ ရေထဲကိုရောက်သွားတဲ့အခါ ရေနေသတ္တဝါတွေကို ထိခိုက်စေတယ်၊ မီးရှို့ဖျက်စီးပြန်ရင်လည်း လေထုကို ညစ်နွမ်းစေမယ်။ စည်းကမ်းမဲ့ စွန့်ပစ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်က တိရိစ္ဆာန်တွေကို အသက်ဆုံးရှုံးစေတယ်။

ဆွေးမြေ့ဖို့ခက် ပတ်ဝန်းကျင်အတွက် အန္တရာယ်များစွာပေးနေတဲ့ ပလပ်စတစ်တွေဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝအတွက် အစိတ်အပိုင်းတစ်ခုဖြစ်နေတဲ့အတွက် လုံးဝအသုံးမပြုဖို့တော့ ခက်ခဲပါတယ်။

ဒါကြောင့် ပလပ်စတစ်တွေကို တိုက်ဖျက်ဖို့အတွက်..

ပလပ်စတစ်အသုံးပြုမှုကို တတ်နိုင်သလောက် ငြင်းဆန်မယ်။

ပြန်လည်အသုံးပြုလို့ရတဲ့ အဝတ်အိတ်တွေ၊ စက္ကူအိတ်တွေကို အစားထိုးသုံးစွဲမယ်။

မိမိအသုံးပြုထားတဲ့ ပလပ်စတစ်တွေကို ပြန်လည်အသုံးပြုမယ်။

မဖြစ်မနေ အသုံးပြုထားတဲ့ ပလပ်စတစ်အိတ်တွေကို ရေမြောင်းထဲပစ်ချတာ၊ မီးရှို့တာမျိုးမလုပ်ဘဲ စနစ်တကျစွန့်ပစ်မယ်။