ယနေ့ခေတ်လူငယ်တွေ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်နေရလဲ

blank
၁။ အိမ်ထောင်ကွဲမိဘပြဿနာ

ယနေ့ခေတ်မှာ ကလေးတွေတော်တော်များများက အိမ်ထောင်ကွဲမိဘတွေကြောင့် မိစုံဖစုံမနေရတာတွေ၊ မိထွေးတွေ ပထွေးတွေနဲ့နေနေရတာတွေ များလာပါတယ်။ မိစုံဖစုံနဲ့မနေရတာဟာ ကလေးတစ်ယောက်အတွက်တော့ ဘဝတစ်ဝက် ဆုံးရှုံးသွားသလိုပါပဲ။

၂။ အရက်သေစာနဲ့ မူးယစ်ဆေးဝါးပြဿနာ

အသက် ၁၈ နှစ်မပြည့်သေးဘဲ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်လေးတွေရှိပါတယ်။ ဝမ်းနည်းစရာကောင်းတာက မိန်းကလေးတွေပါ ရှိနေတယ်ဆိုတာပါပဲ။ အညွန့်တလူလူနဲ့လူငယ်လေးတွေအတွက်တော့ ဒီအရာတွေဟာ အညွန့်ချိုးမယ့်လက်မည်းကြီးတွေပဲ မဟုတ်လား။

၃။ အရွယ်မတိုင်ခင် အရွယ်ရောက်ကြခြင်းပြဿနာ

ကလေးဆိုတာ ကလေးလိုပျော်တာ အကောင်းဆုံးပါ။ ကလေးတစ်ယောက်က အမေ့ရဲ့အင်္ကျီဝတ်၊ အဖေ့ရဲ့ လက်ဆွဲအိတ်ကိုင်ပြီး ရုံးသွားတမ်းဆော့တာမျိုးဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဒါပေမဲ့ အသက်ငယ်ငယ်လေးနဲ့ လူကြီးဖြစ်ချင်ကြပြီး ရည်းစားတွေထားကြတာ၊ အိမ်ထောင်ပြုကြတာတွေက ပြဿနာတစ်ခုဖြစ်လာပါပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကျောင်းတွင်းအနိုင်ကျင့်ခံရခြင်းပြဿနာ

ဒီလိုအနိုင်ကျင့်တာတွေမရှိဘူးမထင်ပါနဲ့။ ရှိပါတယ်။ လှောင်ပြောင်ခံရတာ၊ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခံရတာ၊ မုန့်တွေအတင်း ဝယ်ကျွေးခိုင်းခံရတာတွေက ကလေးတွေအတွက်တော့ စိတ်အားငယ်စေတဲ့အနိုင်ကျင့်မှုတွေပေါ့။ မိဘနဲ့ ကလေးကြားမှာ ပွင့်လင်းစွာမေးမြန်းပြောဆိုဖို့ လိုပါတယ်။

၅။ လိုချင်စိတ်များတဲ့ပြဿနာ

ကလေးတွေကို ငယ်ငယ်ကတည်းက လိုအပ်တာတွေပဲ ဝယ်ဖို့ အလေ့အကျင့်လေး ထားပေးထားသင့်ပါတယ်။ မဟုတ်ရင် ကလေးတွေရဲ့စိတ်ထဲမှာ သူများဝတ်ရင် ဝတ်ချင်၊ သူများကိုင်ရင် ကိုင်ချင်တဲ့ စိတ်တွေ ဖြစ်နေမှာပါ။ မိဘတွေက ဖြည့်ဆည်းမပေးနိုင်တဲ့အခါ ကလေးတွေမှာ စိတ်အားငယ်တာတွေ၊ ဝမ်းနည်းတာတွေဖြစ်ပြီး ကိုယ်လိုချင်တာကို ရအောင်ယူဖို့ မကောင်းစိတ်မွေးလာတာတွေ ဖြစ်တတ်ပါတယ်။

၆။ အဝလွန်ခြင်းပြဿနာ

ဒီနေ့ခေတ်ကလေးတွေဟာ ဝသထက်ဝလာတယ်၊ ပြီးတော့ ကျန်းမာကြံ့ခိုင်မှုတွေလည်း နည်းလာတယ်။ အစားအသောက်ပုံစံတွေကြောင့်ရယ်၊ ဖုန်းတွေ၊ tablet တွေအသုံးများပြီး လှုပ်လှုပ်ရှားရှား ဆော့ကစားတာမျိုး မလုပ်တော့တာရယ်ကြောင့်ဖြစ်ပါတယ်။

၇။ စီးပွားရေးပြဿနာ

အရင်ခေတ်တွေတုန်းက အထက်တန်းအောင်ပြီဆိုရင်ကို အလုပ်လေးဘာလေးရှာပြီး သင့်တင့်တဲ့ဝင်ငွေလေးနဲ့ ကောင်းကောင်းနေထိုင်သွားနိုင်တယ်။ ဒီဘက်ခေတ်မှာတော့ ရိုးရိုးဘွဲ့ရထားတာတောင် အလုပ်ရှာရခက်လွန်းတယ်။ ဒီတော့ စီးပွားရေးဆိုတာ လူငယ်လေးတွေအတွက် ပြဿနာတစ်ခုဖြစ်လာပါတယ်။

၈။ ဆင်းရဲမွဲတေမှုပြဿနာ

ဆင်းရဲသူနဲ့ ချမ်းသာသူအကြား ကွာခြားမှုကြီးမားလာတာနဲ့အမျှ လူငယ်တွေရဲ့ပညာရေး၊ ကျန်းမာရေးမှာ ခက်ခဲလာပါတယ်။ ဆင်းရဲမှုကြောင့် လူငယ်တွေစာရိတ္တပျက်ပြားလာတယ်၊ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးရပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်အောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်သင့်ပါတယ်။

၉။ လူရာသွင်းမခံရခြင်းပြဿနာ

မိသားစုမှာရော၊ နေရာတိုင်းမှာပါ ကလေးတွေ၊ လူငယ်တွေကိုဆိုရင် အရေးမပေးတတ်ကြဘူး။ မိသားစုရေးရာကိစ္စတွေ ဆွေးနွေးရင်လည်း ဝင်မပါခိုင်းဘူး။ ကျောင်းမှာ၊ ရုံးမှာ၊ နေရာတိုင်းမှာလည်း လူငယ်တွေရဲ့ အထင်အမြင်တွေ၊ အကြံဉာဏ်တွေကို ပယ်ထားတတ်ကြတယ်။ တကယ်တော့ လူငယ်တွေမှာ ပိုပြီးကောင်းမွန်တဲ့ အကြံဉာဏ်သစ်တွေ ရှိနေတတ်ပါတယ်။

        လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းလည်း တစ်ချိန်က လူငယ်တစ်ယောက်ပဲ၊ အိုဘားမားလည်း တစ်ချိန်က လူငယ်တစ်ယောက်ပဲ။ အနာဂတ်မျိုးဆက်သစ်တွေကို ပိုမိုကောင်းမွန်စေချင်တယ်ဆိုရင် လူငယ်တွေကို အလေးပေးစေချင်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ လူငယ်တွေရဲ့ပြဿနာတွေကို လူကြီးတွေအနေနဲ့ ဝိုင်းဝန်းဖြေရှင်းပေးသင့်ပါတယ်။ ဒါမှ ဆယ်စုနှစ်တွေ လွန်သွားပြီးတဲ့အခါမှာ ပိုမိုတိုးတက်ကောင်းမွန်တဲ့  နိုင်ငံတော်၊ ပိုမိုလှပတဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်နိုင်မှာ မဟုတ်လား။