ပျော်ရွှင်မှုဆိုတာ ငွေနဲ့ ဝယ်ယူလို့ရလား။

blank

တစ်နေ့မှာ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ စိတ်ရောဂါအထူးကုဆရာဝန်ဆီမှာ စိတ်ရောဂါကုထုံးခံယူဖို့ရောက်လာခဲ့တယ်။ သူမရဲ့ ဘဝဟာ ဘာမှ အဓိပ္ပါယ်မရှိတော့တဲ့အတွက် အသက်မရှင်ချင်တော့တဲ့အကြောင်းကို ဆရာဝန်ကို ရင်ဖွင့်ပြောဆိုလိုက်သတဲ့။

အဲ့ဒီအချိန်မှာ ဆရာဝန်က သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးကို ခေါ်ပြီး “ကျွန်တော် ဒေါ်မြကို ဒီကိုခေါ်ရတဲ့အကြောင်းအရင်းက သူမပျော်ရွှင်မှုလမ်းစကို ဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲဆိုတာကို ခင်ဗျားကို ပြောပြစေချင်လို့ပဲ။ သူမပြောတာတွေကို သေချာနားထောင်နော်” လို့ ပြောလိုက်သတဲ့။

အဲဒီအချိန်မှာ ဒေါ်မြက သူ့ရဲ့ တံမြက်စည်းကို ဘေးနားမှာ ချ၊ ခုံတစ်ခုံမှာ ဝင်ထိုင်ရင်း…

“ယာဉ်မတော်တဆမှုတစ်ခုကြောင့် ကျွန်မရဲ့တစ်ဦးတည်းသော သား သေဆုံးပြီး သုံးလအကြာမှာ ကျွန်မရဲ့ ခင်ပွန်းက ကင်ဆာရောဂါနဲ့ သေသွားခဲ့တယ်။ လောကအလယ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ကျွန်မအသက်ရှင်ချင်စိတ်တွေ ပျောက်ဆုံးနေခဲ့တယ်။ စားမဝင်၊ အိပ်မပျော်နဲ့ အပြုံးဆိုတာ ဘာမှန်းတောင် မသိလောက်အောင် စိတ်ဓာတ်ကျနေခဲ့တယ်။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုသတ်သေဖို့တောင် စိတ်ကူးမိတဲ့အထိပေါ့။ တစ်နေ့ အလုပ်ကနေ အိမ်ကိုအပြန်လမ်းမှာ ကျွန်မနောက်ကို ကြောင်လေးတစ်ကောင်လိုက်လာခဲ့တယ်။

ဆာလောင်အေးစက်မှုတွေကြောင့် ကျွန်မအိမ်ရဲ့တံခါးဝမှာ ခိုက်ခိုက်တုန်နေတဲ့ ကြောင်လေးကို ကြည့်ပြီး ကျွန်မအရမ်းသနားလာတယ်။ အဲ့ဒါနဲ့ပဲ ကျွန်မက ကြောင်လေးကို အိမ်ထဲကိုခေါ် စောင်အဟောင်းလေးနဲ့ သုတ်ပေးပြီး နွားနို့နည်းနည်းကို ပန်းကန်လေးထဲ ထည့်တိုက်မိတယ်။ အဲ့ဒီအချိန်မှာ နွားနို့ပန်းကန်ကို ပြောင်စင်သွားအောင် လျှာနဲ့လျက်နေတဲ့ ကြောင်ကလေးကိုကြည့်ပြီး ကျွန်မပျော်သွားသလိုပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နွားနို့သောက်ပြီးတော့ ကျွန်မခြေထောက်ကို ပွတ်သပ်နေတဲ့ ကြောင်ကလေးဟာ လပေါင်းများစွာကြာအောင် ပြုံးဖို့မေ့နေတဲ့ကျွန်မကို ပြုံးရယ်စေခဲ့တယ်။ အဲဒီအချိန်မှာ ကြောင်လေးတစ်ကောင်ကို ကူညီလိုက်လို့ ကျွန်မဒီလောက် ပျော်ရွှင်ရတယ်ဆိုရင် လိုအပ်တဲ့လူတွေကို ကူညီလိုက်မယ်ဆိုရင် ကျွန်မဘယ်လောက်တောင် စိတ်ချမ်းသာရမလဲဆိုတာကို  ကျွန်မစဉ်းစားမိသွားတယ်။

အဲဒါနဲ့ပဲ နောက်တစ်နေ့မနက်အစောကြီးထပြီး အိမ်ဘေးနားက နာတာရှည်ရောဂါသည်အတွက် ဆန်ပြုတ်ပြုတ်ပြီး သွားပေးလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး လူတိုင်းအပေါ်မှာ ကျွန်မတတ်နိုင်သလောက် ကူညီခဲ့တယ်။ ကျွန်မကူညီလိုက်တဲ့သူတွေ အဆင်ပြေသွားတာကို ကြည့်ပြီး ကျွန်မလည်း ပျော်ရွှင်လာခဲ့တယ်။

အခြားလူတွေကို ကူညီရင်းစိတ်ချမ်းသာလာတဲ့ ကျွန်မအခုဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာနိုင်ပြီလေ” လို့ သူမရဲ့ ဖြစ်အင်ကို ပြောပြလိုက်သတဲ့။

အဲဒီအချိန်မှာ အမျိုးသမီးငယ်ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ကျလာခဲ့တယ်။ သူမဆီမှာ ငွေနဲ့ ဝယ်ယူလို့ရတဲ့အရာတွေအားလုံးရှိတယ်။ ငွေနဲ့ဝယ်လို့မရတဲ့ပျော်ရွှင်မှုက လွဲရင်ပေါ့။ ပျော်ရွှင်မှုရဲ့လျှို့ဝှက်ချက်ဆိုတာ ကိုယ်တစ်ယောက်တည်း ပျော်ရွှင်ဖို့ ကြိုးစားတာမဟုတ်ဘဲ အခြားလူတွေကိုပျော်ရွှင်အောင်ပြုလုပ်ပေးခြင်းဆိုတာကို သူမနားလည်လာခဲ့တယ်။

ပျော်ရွှင်မှုဆိုတာ ပန်းတိုင်တစ်ခုမဟုတ်ပါဘူး။ အမြဲလျှောက်လှမ်းနေရမယ့် ခရီးတစ်ခုဖြစ်ပါတယ်။

ပျော်ရွှင်မှုဆိုတာ မနက်ဖြန်ရယူရမယ့်အရာမဟုတ်ပါဘူး။ ဒီနေ့ဖန်တီးရမယ့်အရာဖြစ်ပါတယ်။

ပျော်ရွှင်မှုဆိုတာ သူမတွေကိုမှီခိုပြီး ရရှိနိုင်တဲ့အရာ မဟုတ်ပါဘူး။ သေချာပေါက် ရအောင်ဖန်တီးယူဖို့ ဆုံးဖြတ်ချက်တစ်ခုပါ။

ပျော်ရွှင်မှုဆိုတာ သင့်ရဲ့ဖန်တီးမှုတွေမှာပဲ မူတည်ပါတယ်။ ပိုင်ဆိုင်မှုတွေနဲ့ မသက်ဆိုင်ပါဘူး။

ဒီစာစောင်လေးကို ဖတ်ပြီးသွားတဲ့သင်ဟာ ကိုယ်ကိုယ်တိုင်ရဲ့ပျော်ရွှင်မှုကို ဖန်တီးဖို့အတွက် တာဝန်ရှိသွားပြီဖြစ်တဲ့အတွက် ဝေမျှပါ။ ပျော်ရွှင်ပါ။ ငွေနဲ့ဝယ်မရတဲ့ စိတ်ချမ်းသာမှုတွေကို အားရှိပါးရှိ ပိုင်ဆိုင်လိုက်ပါ။

ချစ်ခင်ရသူတွေအတွက် ဝေမျှပေးလိုက်ပါဦး။