တိုးတက်ဖို့အတွက် ကိုယ့်ကိုယ်ကိုဒီလိုစိန်ခေါ်ရဲလား။

blank

မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ်ရောက်နေရာကို သုံးသပ်ကြည့်ဖူးလား စာချစ်သူတို့…

မနေ့ကထက် ပိုသာတဲ့လူတစ်ယောက်ဖြစ်ဖို့ သင့်ကိုဘယ်အရာတွေက တားဆီးနေလဲဆိုတာကိုလည်း စဉ်းစားဖူးလား….

သူငယ်ချင်းကို မငြင်းချင်တာနဲ့ပဲ အရက်လိုက်သောက်တာ…. ကိုယ့်ရဲ့ဆန္ဒတွေကို စတေးပစ်တာ….ကိုယ်တန်ဖိုးထားတဲ့အရာတွေ၊ ကိုယ့်ရဲ့အိပ်မက်တွေနဲ့ သွေဖယ်စေတဲ့အကျင့်ဆိုးတွေကို မစွန့်လွတ်နိုင်တွေဟာ သင့်ကို ဒုံရင်းဒုံရင်းဘဝနဲ့ပဲ အချိန်ကုန်စေမှာပါ။

ကိုယ်ပိုင်းဖြတ်ထားတဲ့အရာတွေ၊ ကိုယ့်ကိုယ်ကိုတိုးတက်စေမယ့်အရာတွေကို တစိုက်မတ်မတ်လုပ်ဖို့အတွက် ကျွန်မနဲ့အတူ ဒီစိန်ခေါ်မှုလေးတွေကို လိုက်လုပ်ရဲလား စာချစ်သူတို့…

မနေ့ကထက် သာတဲ့သူဖြစ်ဖို့ ထိုက်တန်တဲ့ဆုလာဘ်တွေရဖို့ ခက်ခဲမှုတွေကြုံရမယ်ဆိုတာကို ယုံရဲလား….

မနက်ဖြန်ပြန်လှည့်ကြည့်လိုက်တဲ့အခါ ကျေနပ်ခြင်းအပြည့် ခံစားရဖို့ ဒီနေ့ကိုအကောင်းဆုံး အသုံးချရဲလား….

ဆုံးဖြတ်ချက်တိုင်းဟာ နောင်တတွေမပါဝင်ဘဲ နှစ်သက်ခြင်းတွေဖြစ်ပေါ်စေဖို့ သေချာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက်တွေချရဲလား.

လူအများစုနားနေကြတဲ့ အချိန်မှာ ကြိုးစားခြင်းတွေနဲ့ အချိန်တွေကို ကျော်ဖြတ်ရဲလား…

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကြုံလာတဲ့အခက်အခဲတွေကို မညည်းညူဘဲ ရင်ဆိုင်ဖြေရှင်းရဲလား….

ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မဖန်တီး၊မဖျက်ဆီးနိုင်ဘူးဆိုတာကို ယုံကြည်ရဲလား…

ကိုယ့်လုပ်ခဲ့တဲ့ အကြောင်းတွေအတွက် အကျိုးတွေမှန်သမျှကို တာဝန်ယူရဲလား….

ဒီနေ့ကစပြီး အခြေအနေတွေနဲ့ အခြားလူတွေရဲ့ လုပ်ရပ်တွေကို ဆင်ခြေပေးနေတာကို ဘယ်တော့မှမကြားစေရဘူးလို့ ကတိပေးရဲလား….

ကိုယ်ရောက်နေတဲ့နေရာကို မကျေနပ်ရင် ဒီထက်ပိုပြီးကြိုးစားမယ်..

ကံဆိုတာ အလုပ်ကောင်းရင် ကောင်းလာမယ့်အရာဆိုတာကို ယုံကြည်မယ်..

ကိုယ်တိုးတက်အောင်လုပ်လို့ရတဲ့နေရာတွေကို တိုးတက်အောင်လုပ်မယ်…

အချိန်တွေမဖြုန်းမိအောင် ကြိုးစားမယ်။

အသိပညာ ဗဟုသုတတွေကို ရှာဖွေမယ်။

အားနည်းချက်တွေက အားသာချက်ဖြစ်တဲ့အထိ ပြုပြင်ပဲ့ပြင်မယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်ဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်ရမယ့်အရာဖြစ်ပါတယ်။

ဒါ့ကြောင့် စာဖတ်ပရိသတ်ကြီးရေ… အခုအချိန်ဟာ သင်နှိုးထဖို့အကောင်းဆုံးအချိန်တစ်ချိန်ပါ။

သင်ကြိုးစားဖို့အကောင်းဆုံး အချိန်တစ်ချိန်ပါ။

သင်ထလျှောက်ဖို့ အကောင်းဆုံး အချိန်တစ်ချိန်ပါ။

မှိုင်တွေမိန်းမောနေတာတွေကို ရပ်လိုက်ပါ…

အားနာပြီး ကိုယ်မလုပ်ချင်တာတွေ လုပ်နေတဲ့အကျင့်တွေကို ရပ်လိုက်ပါ…

သင်လိုချင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ ကိုယ်ရယူချင်တဲ့ မနက်ဖန်တွေကို ပိုင်ဆိုင်ဖို့ တိုးတက်အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ အခုပဲ ထရပ်လိုက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။