သင့်လက်တွဲဖော်ဟာ ပြီးပြည့်စုံသူတစ်ယောက် မဟုတ်ပါ။

blank

ညသန်းခေါင် ကျွန်တော်တရေးနိုးလာတော့ အိပ်မပျော်သေးဘဲ စာထိုင်ဖတ်နေတဲ့ ကျွန်တော့်ဇနီးကိုတွေ့တယ်။ “မိန်းမ အိပ်မပျော်ဘူးလား” လို့မေးတော့ သူမက အသာအယာခေါင်းညိတ်ပြတယ်။ “ကိုယ်ဟောက်နေလို့လား” လို့ ပြောတော့ ပြုံးပြုံးလေးကြည့်ပြီး “ဒါပေါ့ ကိုရဲ့” လို့ဖြေတော့ ကျွန်တော်သူမကို အားနာသွားမိတယ်။ ကျွန်တော်က “sorry ပါမိန်းမရယ်… ကိုယ့်ကြောင့်အိပ်ရေးပျက်ပြီ” လို့ပြောတဲ့အချိန်မှာ “ရပါတယ် ကိုရဲ့။ အိပ်မရတော့ စာဖတ်ရတာပေါ့” လို့ ချစ်စရာအသံလေးနဲ့ ပြန်ဖြေတယ်။ ကျွန်တော်က သူ့ကို တင်းတင်းကြပ်ကြပ်ဖက်ပြီး “နောက်တစ်ခါ ကိုယ်ဟောက်ရင် ကိုယ့်ကို နှိုးပေးပါကွာ၊ မိန်းမအိပ်ရေးပျက်မခံပါနဲ့နော်။ ကိုယ့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အတွက် အားနာလိုက်တာ” လို့ အားနာစကားဆိုတော့ သူက ကျွန်တော့်ကို

“ ဟိုတစ်နေ့က သူငယ်ချင်းတွေတွေ့ဆုံပွဲမှာ သီရိရဲ့ ယောက်ျားက သီရိကို လူရှေ့သူရှေ့မှာ အော်တာမှတ်မိလား” လို့ မဆီမဆိုင်မေးတယ်။ ကျွန်တော်က “မှတ်မိတယ်လေ။ ဘာဖြစ်လို့လဲ” လို့မေးတော့ သူမက

“ သီရိကို သနားလိုက်တာ၊ သူဘယ်လောက်ရှက်နေမယ်၊ အားငယ်နေမယ်ဆိုတာကို ကျွန်မကိုယ်ချင်းစာကြည့်လို့ရတယ်။ ကိုကျွန်မကို အဲ့ဒီလိုအော်ဖူးလား” လို့မေးတော့

“မအော်ဖူးပါဘူး။ မိန်းမရဲ့” လို့ ပြောတော့ သူမက

“အဲ့ဒါပဲလေ။ ကိုရဲ့ ကိုက ကျွန်မကိုလူရှေ့သူရှေ့မှာ ဘယ်တော့မှ မဆူမငေါက်ဘူး။ ကျွန်မကို အမြဲတမ်း လေးစားတမှုနဲ့ ပြောဆို ဆက်ဆံတယ်လေ။ ကျွန်မကို ချစ်တယ်။ မြတ်နိုးတယ်။ အဲ့ဒီအတွက် ကိုဟောက်တာလေးကို ကျွန်မသည်းခံနိုင်ပါတယ်” တဲ့။ ကျွန်တော်လေ သူမဖြေတာလေးကို သဘောကျပြီး သူမရဲ့ နှာခေါင်းလေးကို လိမ်ဆွဲမိတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှရေးသားတင်ဆက်သည်။

နောက်နေ့တွေမှာလည်း ကျွန်တော်ဟောက်နေဦးမယ်ထင်ပါတယ်။ သူမကိုတော့ ဘယ်တော့မှ မငေါက်မိအောင် သတိထားရပါဦးမယ်။

လူတိုင်းဟာ အားနည်းချက်ကိုယ်စီနဲ့ပါ။ သင့်လက်တွဲဖော်အပါအဝင်ပေါ့။

ဒါကြောင့် ကောင်းကွက်တွေကို မြင်အောင်ကြည့်ပြီး ချစ်ခင်ရသူတွေနဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ တည်ဆောက်လိုက်ကြစို့လား စာချစ်သူတို့ရေ။