ကိုယ့်ကိုယ်ကိုသတ်သေတာက ဒုက္ခတွေရဲ့ အဆုံးသတ်လား

blank

လောကကြီးကို လက်မြောက်အရှုံးပေးသွားသူကြီးရေ….။

ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့ ခံစားမှုက ဘာနဲ့မှမနှိုင်းသာပါဘူး။ နှလုံးသားတစ်ခုလုံး ပျောက်ဆုံးနေတဲ့ခံစားမှုနဲ့ အသက်ရှင်ရတော့မယ်ဆိုတာ နင့်ကို ဆုံးရှုံးလိုက်ရတဲ့နေ့က ငါသိလိုက်ရပါတယ်။ ခွဲခွာခြင်းဆိုတာ ပြန်လည်ဆုံတွေ့ဖို့ဆိုပေမယ့် ထာဝရခွဲခွာခြင်းနဲ့ ခွဲခွာသွားခဲ့နင့်ကိုတော့ ဆုံတွေ့ချင်ပေမယ့် မြင်တွေ့ခွင့်မရှိတော့ပါဘူးလေ။

ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေသွားပြီးတဲ့နောက်မှာ ကျန်ရစ်သူတွေက နာကျင်ရတယ်။ တစ်ခါတလေမှာ နင်မရှိတော့တာ တကယ်လား၊ အိပ်မက်လားလို့တွေးပြီး နာကျင်ကြေကွဲရတယ်။ Facebook ပေါ်မှာ လူတွေက နင်နဲ့ရိုက်ခဲ့တဲ့ပုံတွေ၊ အမှတ်တရအကြောင်းတွေ တင်ကြတော့ ဖုန်းကိုတောင် မကိုင်ချင်တော့လောက်အောင် စိတ်ညစ်မိတယ်။ ရက်တွေကြာလာတော့လည်း လူတွေက သူတို့ဘဝနဲ့သူတို့ရုန်းကန်ရင်း နင့်ကိုမေ့သွားကြတာပါပဲ။ ခဏတာ ကြုံရတဲ့ဒုက္ခတွေကို ရင်မဆိုင်နိုင်ဘဲ ထွက်သွားတဲ့ နင့်ကိုစိတ်တိုရ၊ နာကျင်ရနဲ့ ငါနင့်ကိုမကျေနပ်လိုက်တာ။

ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေသွားပြီးတဲ့နောက်မှာ ကျန်ရစ်သူတွေက နောင်တတရားတွေကျန်ရစ်ခဲ့ရတယ်။

နင်ကတော့ ဒုက္ခတွေကို ရင်မဆိုင်ချင်တာကြောင့်ရှောင်ပုန်းသွားပေမယ့် နင့်အမေရယ်၊ နင့်အဖေရယ် နင့်မောင်နှမတွေရယ်က ဘယ်လောက်နာကျင်ခံစားရလဲဆိုတာ နင်သိလား။ နင့်အမေဆိုရင် နင်ကိုယ့်ကိုယ်ကို သတ်သေသွားတာက သူဆူလိုက်လို့လို့ ထင်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးဖြစ်နေတုန်းပဲ။ နင့်အဖေကတော့ နင်လိုချင်တဲ့ ဟန်းဆက်လေး ချက်ခြင်းဝယ်မပေးလိုက်နိုင်တဲ့ ကိုယ့်ကိုယ်ကို မုန်းနေတယ်။ နင့်ညီမလေးကတော့ ခါတိုင်းလိုပဲ ရန်ဖြစ်နေကျပေမယ့် နင်သတ်သေတဲ့အထိ ဖြစ်သွားရလားဆိုပြီး ငိုလို့မဆုံးဘူး။

ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေသွားပြီးတဲ့နောက်မှာ ကျန်ရစ်သူတွေက ဒေါသထွက်ရတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နင်သိလား နင်ကိုယ့်ကိုယ်ကိုသတ်သေသွားပြီးတဲ့နောက်မှာ နင့်ကိုချစ်တဲ့သူတွေအားလုံး ဒေါသထွက်နေကြတယ်။ နင့်ကိုကော၊ ကိုယ့်ကိုယ်ကိုကောပေါ့။ နင်ကတော့ဘယ်သိပါ့မလဲ ရှုံးနိမ့်သူတစ်ယောက်လို နင်ထွက်သွားတာဟာ နင့်ဘေးနားကလူတွေကို ရှုံးနိမ့်သူတွေလိုခံစားစေတယ်ဆိုတာ။

ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေသွားပြီးတဲ့နောက်မှာ ကျန်ရစ်သူတွေက ဖျတ်လတ်တက်ကြွမှုတွေပျောက်ဆုံးကုန်တယ်။

အိမ်ရဲ့ဆည်းလည်းလေးနင်က လောကကြီးကနေ ရုတ်တရက်ထွက်သွားတော့ နင်တို့အိမ်တစ်ခုလုံးခြောက်သွေ့သွားတော့တယ်။ နင်တို့အိမ်ရဲ့ ထမင်းဝိုင်းလေးတွေ၊ စကားဝိုင်းလေးတွေက တိတ်ဆိတ်လို့ပေါ့။ အိမ်တစ်အိမ်လုံးပြောင်းဆန်အောင် လုပ်တတ်တဲ့ နင်ဟာ လောကကြီးကို အရှုံးပေးပြီး တကယ်ကောပျော်နေလားဆိုတာ ငါသိချင်မိတယ်။

ဒါကြောင့်လေ… နောင်ဘဝဆိုတာများရှိခဲ့ရင် နင်ဒီလို အဖြစ်ဆိုးမျိုးနဲ့ မတွေ့ကြုံပါစေနဲ့လို့လည်း ငါဆုတောင်းပေးနေပါတယ်ဟာ…..