မြန်မာနိုင်ငံရဲ့ ပညာရေးကို တိုးတက်စေချင်တယ်ဆိုတဲ့ Myanmar Metropolitan College (MMC) ရဲ့ ပဲ့ကိုင်ရှင် မခင်နှင်းစိုးနှင့် တွေ့ဆုံခြင်း

blank

“သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်” ဆိုသလို မြန်မာနိုင်ငံရဲ့ ပညာရေးအတွက်၊ မြန်မာလူငယ်တွေရဲ့ ပညာရေးအတွက် အကောင်းဆုံးကြိုးစားရင်း အောင်မြင်မှုတွေ ရရှိနေတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။ သူကတော့ Myanmar Metropolitan College (MMC) ရဲ့ Co-founder တစ်ဦးလည်းဖြစ်သလို၊ MMC ရဲ့ ဆရာမတစ်ဦးလည်းဖြစ်ပါတယ်။ သူမကတော့ မခင်နှင်းစိုးပါ။ မခင်နှင်းစိုးရဲ့ အကြောင်းတွေ၊ ကြိုးစားမှုတွေ၊ ခံယူချက်တွေကို သိရှိပြီး လေးစားအတုယူနိုင်ဖို့ သူမရဲ့ ၅ မိနစ်တာ အမေးအဖြေလေးကို ဖတ်ကြည့်လိုက်ရအောင်။

၁။ အရင်ဆုံး အစ်မအကြောင်းလေးကို ပြောပြပေးပါဦး။

အစ်မနာမည်က မခင်နှင်းစိုး။ မိသားစုကတော့ Singapore မှာပဲပေါ့နော်။ ဒီမှာကတော့ တစ်ယောက်တည်းပဲ။ အစ်မပြန်လာတာ။ အစ်မ ၁၉၉ဝ လောက်က မြန်မာပြည်က ထွက်သွားတာ။ မိသားစုနဲ့ ထွက်သွားပြီးတော့ Singapore မှာပဲ ကြီးတာပေါ့နော်။ ပြီးတော့ အဲဒီမှာပဲ ကျောင်းပြီး၊ High-school O’Level ထိပြီးပြီးတော့ Canada တို့၊ UK တို့မှာ higher education ဆက်တက်ခဲ့တာပေါ့နော်။ ပြီးတော့ Singapore ပြန်ရောက်ပြီးတော့ပဲ အလုပ်ပြန်လုပ်တယ်။ ပထမတော့ အင်ဂျင်နီယာနဲ့ ဘွဲ့ရတာဆိုတော့ အင်ဂျင်နီယာအနေနဲ့ Mortorola တို့၊ Philips တို့မှာ electronic engineer လုပ်လိုက်တယ်။ လုပ်ပြီးတော့ လုပ်သက် ၆ နှစ်လောက်ကြာတော့ အဲဒီမှာ intern လာတက်တဲ့ ကလေးတွေကို ကိုယ်က supervise လုပ်ရတယ်၊ mentor လုပ်ရတယ်ပေါ့နော်။ အဲဒီမှာလုပ်ရင်းနဲ့ ပညာရေးကို စိတ်ဝင်စားတယ်။ လူငယ်တွေနဲ့ လုပ်ချင်တယ်ဆိုပြီးတော့ စိတ်ကပေါ်လို့။ အဲဒီမှာ polytechnics ကို Singapore မှာ နောက်ဆုံးပေါ်တဲ့ polytechnics၊ Republic Polytechnics ပေါ့နော်။ ဆိုတော့ အဲဒီမှာ ဝင်ပြီးတော့ အလုပ်လုပ်ဖြစ်ခဲ့တယ်။ ဆိုတော့ အဲ့ဒါက ၂ဝဝ၅ လောက်ကတည်းက စလိုက်တာ၊ အဲဒီကတည်းက တစ်လျှောက်ပဲ ပညာရေးလောကထဲကို ဝင်ခဲ့တာ။ Polytechnics မှာ ဆရာမလုပ်ခဲ့တယ်။ ပြီးတော့ ချင်းမိုင်တက္ကသိုလ်တို့ဘာတို့မှာလည်း လုပ်ခဲ့တယ်။

၂။ အစ်မရဲ့ education background လေးကို ပြောပြပေးပါဦး။ အစ်မရရှိခဲ့တဲ့ ဘွဲ့တွေကိုရောပေါ့။

အစ်မရဲ့ ပထမ 1st Degree ကတော့ Electrical and Electronic Engineering အဲဒါကိုတော့ Brunel University မှာ သွားတက်ခဲ့တာပေါ့။ နောက်တော့ ဒီ NTU ကနေပြီးတော့ မာစတာတစ်ခုကို ယူလိုက်သေးတယ်။ Master of Science ပေါ့။ ဒါပေမဲ့ သူကတော့ engineering communication အပိုင်း၊ Proper communication တွေ လုပ်တာဆိုတော့လေ။ Polytechnics မှာ စာစသင်ပြီးတော့မှ Master of Education ကို သြစတျေးလျကနေပြီးတော့မှ ထပ်ယူလိုက်တယ်။

၃။ အစ်မအနေနဲ့ MMC ကျောင်း စတင်တည်ထောင်ဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါဦး။

အစ်မ Singapore က ပြန်ရောက်တဲ့အချိန် ၂ဝ၁၃ လောက်ပေါ့။ အဓိကကတော့ အစ်မဘဝမှာ ရည်ရွယ်ချက်က ကိုယ့်မြန်မာနိုင်ငံမှာ မြန်မာတွေအတွက် အသုံးဝင်တဲ့လူတစ်ယောက် ဖြစ်ချင်တာ။ အဲ့လိုမျိုးဆိုတော့ ပညာရေးလောကမှာဆိုရင် အစ်မက လူတွေအတွက် အသုံးဝင်မယ်လို့ ကိုယ့်ကိုယ်ကို ခံစားရတယ်ပေါ့နော်။ ဆိုတော့ ပညာရေးလောကမှာ အစ်မနဲ့ အသင့်တော်ဆုံးကို ကြည့်လိုက်တော့ private sector ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မက ပြောင်းလဲချင်တယ်။ ပညာရေးကို ပြောင်းလဲချင်တယ်ပေါ့နော်။ တကယ်နိုင်ငံတကာ တန်းမီတာဖြစ်ချင်တယ်။ နောက်ပြီးတော့ ပညာရေးကနေပြီးတော့ နိုင်ငံအတွက် တစ်နေ့ကျရင်ပေါ့နော် နိုင်ငံကို ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ Change Agent ပေါ့နော်။ ပြောင်းလဲမှုကို ယူဆောင်နိုင်တဲ့လူငယ်တွေ မွေးထုတ်ချင်တယ်။ အဲဒါနဲ့ပဲ အစ်မက ကဲ… အဲ့ဒါဆိုလည်း private education sector ကို စိတ်ဝင်စားတော့ အဲဒီလိုနဲ့ပဲ ဒီကျောင်းရဲ့ Co-founder မသဇင်အောင်နဲ့ ချိတ်မိသွားပြီးတော့ အစ်မတို့ အဲဒီမှာ စဖြစ်သွားတာပါပဲ။

၎။ ဒီကျောင်းကြီးတစ်ခုလုံးကို ဦးဆောင်ဖို့ အစ်မအနေနဲ့ အခက်အခဲတွေ တွေ့မှာပဲလေနော် အစ်မ။ အဲဒီအပိုင်းနဲ့ ပတ်သတ်ပြီးတော့ မျှဝေပေးပါဦး အစ်မ။ အခက်အခဲတွေကို ဘယ်လိုစိတ်နဲ့ ကျော်လွှားခဲ့လဲ။

တစ်ခုခုကို တည်ထောင်တယ်ဆိုရင်တော့ အခက်အခဲတော့ ရှိတာပါပဲ။ လူတိုင်းလည်း အခက်အခဲမျိုးစုံ ကြုံဖူးတယ်ထင်ပါတယ်။ အစ်မက အရင်တုန်းကကျတော့ ကုမ္ပဏီကြီးတွေမှာပဲ အလုပ်လုပ်ခဲ့တာပေါ့နော်။ ဒီ Institute ကြီးတွေမှာပေါ့။ အဲဒီတုန်းကတော့ professional တစ်ယောက်အနေနဲ့ပဲ လုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ အလုပ်က ကိုယ်နိုင်သလောက်လေးလုပ်လို့ ရတယ်ပေါ့နော်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် လုပ်ငန်းတစ်ခုကို set out လုပ်တဲ့အခါမှာ မလုပ်ရင် အဲဒါကြီးက ရပ်သွားတယ်ပေါ့နော်။ ဆိုတော့ ဘယ်လောက်အခက်အခဲရှိပါစေ၊ ကိုယ်က ရုန်းနေရတယ်ပေါ့နော်။ အဲဒါလေးပါပဲ။ နောက်တစ်ချက်က အဲ့လိုမျိုး ကိုယ်က စိတ်ဓာတ်အရမ်းကျပြီး ခက်ခဲတဲ့အချိန်တွေ ရောက်တယ်ဆိုတော့ကျရင် “ဘာလို့ ဒါကို စတင်ခဲ့တာလဲ” ဆိုတာကိုပဲ ပြန်စဉ်းစားလိုက်တယ်။ အဲဒါက အစ်မအတွက် အင်အားတွေပေးတယ်ပေါ့နော်။ အစ်မစတင်ခဲ့တုန်းက တကယ့်ကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ စခဲ့တယ်။ ဆိုတော့ အဲဒီရည်ရွယ်ချက်က အခုထိလည်း ရှင်သန်နေတုန်းပဲဆိုတော့ အဲဒီဟာကို ပြန်စဉ်းစားလိုက်တဲ့အချိန်မှာ ပြန်ပြီးတော့ ခွန်အားတွေပြန်ရလာတယ်။ အဲဒီလိုနဲ့ပဲ ဆက်ပြီးတော့ ကြိုးစားတယ်။ ပစ်တိုင်းထောင်လိုပေါ့။ လဲလိုက်ထောင်လိုက်၊ လဲလိုက်ထောင်လိုက်နဲ့ (ရယ်လျက်)။

၅။ MMC မှာရော ဘယ်အပိုင်းတွေနဲ့ ပတ်သက်ပြီး အဓိကသင်ကြားပေးနေလဲ အစ်မ။ ဘာ course တွေကို အဓိကထားပြီး သင်ပေးနေလဲ။

အခုကတော့ business ပိုင်းပဲ အများကြီးလုပ်တယ်ပေါ့နော်။ ပြီးတော့ short course တွေအနေနဲ့ စပြီး လုပ်တာကကျတော့ အစ်မကလည်း Singapore ကတည်းက short course တွေကို Polytechnics မှာ ဒီဇိုင်းဆွဲပြီးတော့ အပြင်ကလူတွေကို သင်ပေးခဲ့ဖူးတာရှိတယ်။ အဲဒါကတော့ ဘယ်လိုလဲဆိုတော့ Competency Base လို့ခေါ်တယ်။ တကယ်တတ်အောင် သင်တာပေါ့။ အဲ့ဒါကို short course တိုတိုလေးတွေ။ အဲဒီဟာလေးတွေကို အထူးသဖြင့် ဒီလုပ်ငန်းခွင်မှာ လိုအပ်နေတဲ့ လိုအပ်ချက်လေးတွေကို အစ်မတို့ကိုယ်တိုင်က ကိုယ့်ကျောင်းမှာလည်း မြင်တယ်။ တခြားမှာလည်း မြင်နေတယ်ပေါ့နော်။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ လူတွေအတွက် ဈေးနှုန်းကိုလည်း သက်သက်သာသာနဲ့ အချိန်တိုအတွင်းမှာ တစ်ခုခုကို သေချာတတ်သွားတယ်။ လက်တွေ့တတ်သွားမယ့် short course လေးတွေ ဆက်လုပ်ဖို့ လုပ်နေတယ်။

၆။ MMC ကနေ သင်တန်းအောင်မြင်သွားတဲ့ကျောင်းသားတွေအဖို့ အစ်မတို့ ဘယ်လို အခွင့်အလမ်းလေးတွေ ဖန်တီးပေးနိုင်ဖို့ ကြိုးစားနေလဲ အစ်မ။

အဓိကကတော့ အစ်မတို့ရဲ့ 1st focus က employability ပေါ့နော်။ အစ်မတို့ကျောင်းကအောင်သွားတဲ့သူတွေက လုပ်ငန်းခွင်ထဲမှာ လိုအပ်တဲ့ skills တွေ၊ ဗဟုသုတအသိပညာတွေပေါ့နော်၊ knowledge တွေရအောင် အဓိက သင်ပေးလိုက်တယ်ပေါ့နော်။ ဆိုတော့ သူတို့တွေ ဒီကျောင်းကနေ ဘွဲ့တစ်ခုရသွားရင် လုပ်ငန်းခွင်မှာ နိုင်ငံတကာကလူတွေနဲ့ ရင်ဘောင်တန်းပြီး တိုးနိုင်တဲ့အဆင့်ရောက်အောင် အဲ့ဒါကို အဓိက prepare လုပ်ပေးလိုက်တာပေါ့နော်။ နောက်တစ်ချက်က ဘာလဲဆိုတော့ အစ်မအမြဲယုံကြည်တာက ပညာဆိုတာ ဘဝတစ်သက်တာ လေ့လာသင်ယူနေရမှာလေ ဆိုတဲ့အတွက်ကြောင့် အစ်မတို့ကျောင်းက သင်ပေးလိုက်တာသည် ဘဝတစ်ဆစ်ချိုးမှာ foundation တစ်ခုလိုပဲရှိသေးတာ၊ နောက်ထပ် အထစ်ချိုးများစွာအတွက်ကို ဆက်ပြီးတော့ လေ့လာနေရဦးမှာ။ ဆိုတော့ အဲဒီလို လေ့လာတတ်တဲ့ skills ပေါ့။ အဲဒါကိုတော့ အင်္ဂလိပ်လို self-directed learning ပေါ့၊ ကိုယ့်ဘာသာကို လေ့လာနိုင်တဲ့၊ independent study လုပ်နိုင်တဲ့ အဲဒီလိုမျိုး အစ်မတို့က သင်ပေးလိုက်တယ်။ ဘာလို့လဲဆိုတော့ အစ်မတို့သင်ပေးတာ ဘယ်တော့မှ မလုံလောက်ဘူးလေ။ ဘယ်တော့မှ ပြီးပြည့်စုံသွားတာမဟုတ်ဘူး။ နောက်ပြီးတော့ ဒီကျောင်းကလူငယ်တွေကိုလည်း ဒီလိုမျိုး အမြဲတမ်းလေ့လာနေရမယ်ဆိုတဲ့ စိတ်မျိုးကို သွင်းထားလိုက်တာပေါ့လေ။ သူတို့ကို အမြဲ ကြိုးစားပြီးတော့ mentor လုပ်ပေးတယ်၊ မြင်သွားအောင်လည်း ရှင်းပြတယ်။ သူတို့နဲ့ project တွေလုပ်ကြတယ်ပေါ့နော်။

နောက်တစ်ခုကတော့ အစ်မ ဒီမှာလုပ်နေတာက healthy lifestyle။ အစ်မတို့ MMC မှာ education ကို all round ပေါ့၊ အဖက်ဖက်ကနေ ပါစေချင်တယ်။ ကျောင်းသားတွေကို activity လုပ်တဲ့အခါမှာ အစ်မက sports and fun ဆိုတာလည်း ထည့်ထားတယ်။ ဥပမာ ကျောင်းသားတွေကို stress လျော့အောင် တစ်လတစ်ခါ ဖြစ်စေပေါ့နော်၊ Zumba အတန်းတွေလုပ်ပေးတယ်။ နောက်ပြီးတော့ stress management အတန်းတွေ လုပ်ပေးတယ်။ နောက်ပြီးတော့ သူတို့ကို လမ်းထွက်လျှောက်တာတို့၊ ပြေးတာတို့ ပိုပြီး လုပ်ခိုင်းဖြစ်တယ်။ အဲဒီလို sports activities တွေလည်း လုပ်ပေးဖြစ်တယ်။ နောက်ပြီးတော့ speaker တွေဆိုရင်လည်း ဖိတ်ပြီးတော့ ကိုယ့်ကိုယ်ကို ကျန်းမာအောင် ဘယ်လိုနေရမယ်၊ ထိုင်ရမယ် အဲဒီလိုတွေလည်း လုပ်တယ်။ နောက် MMC ကျောင်းသားတွေကို တစ်လတစ်ခါ fruit day ဆိုပြီးတော့ ဝန်ထမ်းတွေရော ကျောင်းသားတွေရော အသီးတစ်မျိုးကျွေးတယ်။ စားချင်သွားအောင်ပေါ့။ နို့မို့ဆိုရင် မစားကြဘူး။ ဒါတော့ အကျင့်လေးဖြစ်သွားအောင် ကျောင်းကစပေးတာပါ။ တစ်လတစ်ခါစားတာကတော့ မလုံလောက်ပါဘူး။ နေ့တိုင်းတော့ စားပေးရမှာပေါ့။ ဒါပေမဲ့ ပိုပြီးတော့ သတိရသွားအောင်လို့လေ။

၇။ အစ်မအနေနဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေကို စီမံအုပ်ချုပ်တဲ့နေရာမှာ ဘယ်လိုနည်းလမ်းတွေနဲ့ စီမံအုပ်ချုပ်လေ့ရှိလဲ။ ပြီးတော့ ဒီအပိုင်းမှာရော အခက်အခဲတွေ ရှိမှာပဲ။ ဘယ်လိုလေးတွေ manage လုပ်လေ့ရှိလဲ။

အဓိကကတော့ အစ်မဒီပြန်ရောက်ပြီးတော့ စထောင်တည်းကနေ အခုထိ ကိုယ့်ရဲ့ အုပ်ချုပ်ပုံတို့၊ အားလုံးနဲ့ deal လုပ်တာတို့ ကိုယ့်ဘာကိုယ်လည်း adjust လုပ်ရတယ်ပါ့နော်။ ဘာလို့လဲဆိုတော့ အစ်မက Singapore မှာပဲ နေတာကြာတယ်။ ဟိုနိုင်ငံမှာပဲ အလုပ်လုပ်ခဲ့တဲ့သူဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် Singapore မှာက အားလုံးကအရမ်းမြန်ဆန်တယ်။ မြန်မြန်အလုပ်ပြီးတယ်။ ပြီးတော့ အားလုံးက independent ပိုဖြစ်တယ်ပေါ့နော်။ ဒီမှာကကျတော့ အဲဒီ culture တစ်ခုလုံးကို နည်းနည်းပြန်ပြောင်းရတာပေါ့နော်။ ဒီမှာကကျတော့ လူတွေအားလုံးကို နည်းနည်းလေးပိုပြီး လက်တွဲခေါ်ရတယ်။ နောက်တစ်ချက်က မြန်မာ culture အရ စကားပြောတဲ့အခါမှာလည်း အင်္ဂလိပ်စကားကိုတော့ နည်းနည်း အလယ်လိုင်းပဲ၊ မြန်မာစကားကကျတော့ နည်းနည်းမာသလို။ တချို့ဟာတွေကျတော့လေ ရိုးရိုးပြောတာတောင် မာသလိုဖြစ်သွားတာပဲပေါ့နော်။ ကိုယ်ကတော့ ရိုးရိုးပြောလိုက်ပေမယ့် စကားက မာသွားတာမျိုးဖြစ်နိုင်တယ်။ အဲဒီလို communication style တွေကအစပေါ့နော် ပြန်ပြီး ညှိရတယ်ပေါ့။ အစ်မရဲ့ အဓိကရည်ရွယ်ချက်က ကျောင်းသားတွေဖြစ်စေ၊ ဝန်ထမ်းတွေဖြစ်စေပေါ့နော်။ အစ်မတို့ အားလုံးက ဘဝမှာ အရေးကြီးတာက အတွေ့အကြုံ၊ learning experience ပေါ့။ အစ်မက ပြန်စဉ်းစားလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ကျောင်းသားဘဝတို့၊ ကိုယ့်ရဲ့ လုပ်ငန်းမှာ လုပ်ခဲ့တဲ့ဘဝတွေမှာ ဘာတွေကို သွားသတိရလဲဆိုရင် ပျော်ခဲ့တဲ့အချိန်တွေက ကိုယ်နဲ့အတူတူလုပ်တဲ့သူတွေနဲ့ ပျော်ခဲ့ရတဲ့အချိန်တွေ၊ ခရီးတွေသွားတာတို့၊ activities တွေ လုပ်တာမျိုးပေါ့နော်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီတာတို့ပေါ့နော်။ ဆိုတော့ အဲဒီလိုမျိုးဟာကိုလည်း ဒီမှာရအောင် လုပ်ထားတယ်။ ဥပမာ – ကျောင်းသားတွေဆိုရင် project လုပ်ရင် ဒီ MMC Bazaar ဆိုပြီး ဈေးရောင်းပွဲတော် လုပ်ခိုင်းတယ်။ ဈေးရောင်းပွဲတော်ဆိုတော့ သူတို့ဘာသာ ပစ္စည်းကို ကိုယ်တိုင်တီထွင်ရတယ်။ ရောင်းတဲ့အခါမှာလည်း sales and marketing အပိုင်းပါတယ်။ တချို့တွေဆိုရင် အရမ်းရယ်ရတယ်။ မိဘတွေဆီက ပိုက်ဆံတောင်း၊ ရောင်းလည်းပြီးရော ဝက်ဝက်ကွဲရှုံးရော။ သိပ်မရောင်းရဘူးပေါ့နော်။ အဲဒီတော့ capital investment များပြီးတော့ တကယ်လည်းရောင်းရော ပစ္စည်းတွေကလည်း ဝယ်တာများ၊ များတော့ အမြန်ရောင်းထုတ်ရတော့ နည်းနည်းလေးပဲ ကျန်တယ်ပေါ့နော်။ ဆိုတော့ အရှုံးတွေများတယ်။ ဆိုတော့ အဲဒါတွေအကုန်လုံးကို သူတို့နဲ့ ပြန်ဆွေးနွေးပြီး report ရေးခိုင်းတာ။ ဒီတော့ သူတို့တွေက sale and marketing တတ်သွားတယ်။ ပြီးတော့ ဒီ accounting ပိုင်းကို ဘယ်လိုတွက်မလဲ။ ပြီးတော့ team building တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်မလဲ။ နောက် တချို့ကျောင်းသားတွေဆိုရင် ကုမ္ပဏီကြီးတွေမှာ sponsor တွေဘာတွေ သွားတောင်းတယ်။ ပြီးတော့ သူတို့ရဲ့ ပစ္စည်းလေးတွေ ထားပေါ့နော်။ အဲဒီလိုမျိုး sponsorship တောင်းတတ်တဲ့ ကျောင်းသားတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီလို project တွေလုပ်တာ သူတို့ကျောင်းပြီးတဲ့အချိန် ပြန်မေးလိုက်ရင် ဒီ MMC မှာ ဘာကြိုက်လဲဆိုရင် သူတို့ထဲမှာ ဒီ project တွေက ကျန်ခဲ့တယ်။ နောက် အစ်မရဲ့ ကျောင်းသားတွေအတွက်လုပ်ပေးဖို့ကတော့ သူတို့ရဲ့ learning experience၊ ကျောင်းလာတက်နေတဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သက်တောင့်သက်သာနဲ့ နောင်တစ်ချိန် MMC ကထွက်သွားရင်လည်း ဒါကိုအမှတ်ရနေတာမျိုး ဖြစ်စေချင်တယ်။

ဝန်ထမ်းတွေဆိုလည်း ဒီလိုပဲ။ ဝန်ထမ်းတွေဆို ပိုပြီးတော့တောင် အရေးကြီးသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ပြောတယ် တစ်ပတ်မှာ ၅ရက်ခွဲက ဒီမှာနေကြရတာလေ။ ဆိုတော့ မိသားစုထက်တောင် ရုံးမှာ အချိန်ပိုရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခင်ခင်မင်မင်နဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့။ သူ့ဘက်ကိုယ့်ဘက် ကြည့်နေတာမျိုးမဟုတ်ဘဲနဲ့လေ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ တာဝန်ကို ပြီးအောင် လုပ်ရမယ်။ တချို့က ရှိတယ်လေ။ အားလုံး  ဝိုင်းလုပ်ဝိုင်းစားပေါ့နော်။ အဲ့ဒီကျတော့လည်း ဘယ်သူကတာဝန်ယူတယ်ဆိုတဲ့ဟာက clear မဖြစ်ဘူး။ အဲဒီလိုမျိုးမဟုတ်ဘူး။ အဲဒါကျတော့ စနစ်မကျဘူးလေ။ တာဝန်ကတော့ သူ့တာဝန်၊ ကိုယ့်တာဝန်ရှိမယ်။ ဒါပေမဲ့ အကူအညီလိုရင် တစ်ယောက်နဲ့တစ်ယောက် မတွက်ကပ်ဘဲ ကူညီတဲ့ culture ပေါ့။ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် တစ်ပတ်တစ်ခါ meeting လုပ်ရင် အစ်မကစာဖတ်တော့ သူတို့ကို ဖတ်ထားတာလေးတွေ နည်းနည်းလောက် ပြန် share တယ်။ ၅ မိနစ်၊ ၁ဝ မိနစ်လောက်ပေါ့။ နောက်ပြီးတော့ သူတို့ကို တစ်ပတ်တစ်ခါ ဘယ်အရာတစ်ခုကို အားရပြီးတော့ ပြီးမြောက်အောင် လုပ်နိုင်ခဲ့လဲဆိုတာကို ပြောခိုင်းတယ်။ အပတ်တိုင်းတော့ မရှိဘူး၊ ရှိတဲ့သူကတော့ ရှိတယ်ပေါ့။ အဲဒီလို share ခိုင်းတော့ကျတော့ positive  ဖြစ်တာပေါ့။ နို့မို့ဆိုရင် အလုပ်တွေကလည်း stress များတယ်လေ။  ဒီမှာကျတော့ ကျောင်းသားတွေနဲ့ ဆက်ဆံရတယ်။ Service Industry လိုဆိုတော့ လူအမျိုးမျိုးနဲ့ ဆက်ဆံရတယ်ဆိုတော့ သူတို့ကိုလည်း စိတ်ပျော်ရွှင်စေချင်တယ်။ နောက်ပြီးတော့ ဒါကြီးကို complain တက်လာလို့ ကိုယ်က ကိုယ့်အတွက် စိတ်ညစ်ညူးစရာလို့ မထင်စေချင်ဘူး။ Service industry က တစ်ခုကောင်းတာက ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် ကိုယ်တွေကလည်း မြန်မာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူတစ်ယောက်က complain တက်တယ်ဆိုတာ သူ့မှာ အခက်အခဲရှိလို့ တက်တာလေ။ အဲဒါကို ကိုယ်က ဖြေရှင်းပေးလိုက်နိုင်တယ်ဆိုရင် ဒါက ကိုယ် ကုသိုလ်ရတယ်ပေါ့နော်။ တို့တွေက ပိုက်ဆံမယူဘဲတောင် volunteer လုပ်နေတာလေ။ ဒါက လစာလည်းရတယ်၊ တစ်ချိန်တည်းမှာပဲ ကုသိုလ်လည်းရတယ်ပေါ့နော်။ ဆိုတော့ သူတို့ကို အဲဒီလိုလေး အမြဲတမ်း ပြောပြတယ်။ နောက်တစ်ချက်က complain တက်တယ်ဆိုတာ ဘယ်သူကမှတော့ စိတ်ညစ်ညူးပြီးပြောရတာကြီးကို ဘယ်သူက ကြိုက်မှာလဲ။ အားလုံးက ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်ကြတာလေ။ ဒီလိုလုပ်တယ်ဆိုကတည်းက သူတို့မှာ ဒီအခက်အခဲရှိလို့ပေါ့။ ဆိုတော့ အဲ့ဒါကို ကိုယ်အတတ်နိုင်ဆုံးလုပ်ပေးမယ်ဆိုရင် ကိုယ်ကုသိုလ် ရပါတယ်လို့။ သူတို့ စိတ်ကျေနပ်တာ၊ မကျေနပ်တာက သူတို့အပိုင်း။ ဒါပေမဲ့ ကိုယ့်ဘက်ကအဲဒီလိုမျိုး စိတ်ထားပြီးလုပ်ရင် ကုသိုလ်လည်းရ ဝမ်းလည်းဝပါတယ်။

ပြီးတော့ ကျောင်းသားတွေကို စာဖတ်စေချင်တာကြောင့် book club လေးလည်း လုပ်ထားပါတယ်။ နောက်တစ်ချက်က စာကလည်း အရင်က အစ်မတစ်ယောက်တည်း တင်နေတာ။ အစ်မဖတ်တဲ့ စာအုပ်တွေကလည်း သူတို့နဲ့ မကိုက်ဘူးလေ။ အဲဒါကြောင့်မို့ အခုဆို ကျောင်းသားတွေရော၊ ဝန်ထမ်းတွေရော အကုန်လုံးကို အရွယ်မျိုးစုံကလူတွေဖတ်တဲ့ဟာကို facebook လေးမှာ တင်ပေးတာ။ ဘာပဲဖြစ်ဖြစ် လာကြည့်တဲ့သူတွေကလည်း ငါတို့အရွယ်က ဒီလိုဖတ်တယ်လို့ အဲဒီလိုဖြစ်ကြတာပေါ့လေ။

၈။ အစ်မ အခု MMC ကျောင်းကို ဦးဆောင်လုပ်ကိုင်နေတဲ့အပြင် တခြားဘာလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ဖို့ ရှိသေးလဲ။

မရှိပါဘူး။ အစ်မက ပညာရေးသမားဆိုတော့ ပညာရေးကိုပဲဇောက်ချလုပ်သွားမှာပေါ့။ သေတဲ့အထိ ပညာရေးပဲပေါ့နော်။ ဒီလိုင်းကိုပဲလိုက်ဖို့ ဆုံးဖြတ်ထားပြီးသား။

၉။ အစ်မအနေနဲ့ အခုလိုလုပ်ငန်းတွေကို ဦးဆောင်နေတဲ့အချိန်မှာ အခက်အခဲတွေတွေ့ရင်၊ ပြဿနာတွေတွေ့ရင် ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ကျော်ဖြတ်လေ့ရှိလဲ။

ခုနကပြောသလိုပေါ့နော်။ “ငါဘာလို့ စခဲ့လဲ” ဆိုတာကို ပြန်စဉ်းစားတယ်။ နောက်တစ်ချက်ကတော့ အစ်မယုံကြည်တာက ဘဝက တိုတယ်။ လူတိုင်းသည် ဘယ်အချိန်မဆို ဖြုတ်ကနဲ သေသွားနိုင်တယ်။ ဆိုတော့ ဘဝမှာ ကိုယ့်အတွက် တန်ဖိုးရှိတာ၊ နောက်ပြီးတော့ လူ့ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိတာကိုပဲ လုပ်ချင်တယ်။ ဆိုတဲ့အတွက်ကြောင့် အစ်မတစ်ခုခု စိတ်ဓာတ်ကျတယ်၊ အရမ်းခက်ခဲတယ်ဆိုရင် အစ်မပထမ စဉ်းစားတာက “ငါဘာလို့စခဲ့လဲ”၊ “ဒုတိယက ငါ့ရဲ့ ဒီဘဝမှာ ငါ့ဘဝထဲက အချိန်ကိုထုတ်သုံးဖို့အတွက် တန်လား” ဆိုပြီးတော့ စဉ်းစားတယ်။ အများအားဖြင့်တော့ ဘာလို့ စခဲ့လဲဆိုတာကို မေးလိုက်ရင်တော့ ထိုက်တန်တဲ့အကြောင်းတွေက ပေါ်လာမှာပေါ့။  ဆိုတော့ အဲဒီမေးခွန်း ၂ ခုနဲ့ပဲ ဆုံးဖြတ်တယ်။

၁ဝ။ အစ်မအနေနဲ့ အားတဲ့အချိန်မှာ ဘာတွေလုပ်ဖြစ်လဲ။

အစ်မ အဓိက ငယ်ငယ်ကတည်းက၊ ဆယ်ကျော်သက်ကတည်းက လုပ်လာတာ အခုထိကတော့ စာဖတ်တယ်၊ ပြေးတယ်။ အဲဒီနှစ်ခုပဲ အစ်မ အဓိက လုပ်လေ့ရှိတယ်။ တခြားဟာတွေလည်း ငယ်ငယ်တုန်းကတော့ sports အကုန်လုပ်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ကြီးလာတော့ အဲဒီ ၂ ခုကိုပဲ အဓိကလုပ်ဖြစ်တယ်။ စာဖတ်တယ်၊ ပြေးတယ်။ အရမ်းဦးနှောက်ခြောက်လာရင်တော့ အိမ်သန့်ရှင်းရေးလုပ်တယ်။ အစ်မက အိမ်သန့်ရှင်းရေးလုပ်ရတာ ကြိုက်တယ်။ အိမ်သန့်ရှင်းရေးတို့၊ ခြံထဲမှာ ဆင်းပြီး လုပ်တာတို့၊ ဦးနှောက်က ဘာမှ မစဉ်းစားရဘူးလေ။ ထမင်းချက်ရတာလည်း ကြိုက်တယ်။

၁၁။ အစ်မအနေနဲ့ တိုးတက်အောင်မြင်အောင်ကြိုးစားနေတဲ့ လူငယ်တွေအနေနဲ့ ဘယ်လိုစာအုပ်တွေ ဖတ်သင့်တယ်ဆိုတာကို အကြံပေးပါဦး။

စာအုပ်ကတော့လေ အစ်မယုံကြည်တာက လူတွေရဲ့ different age ပေါ့နော်။ အချိန်တိုင်းမှာ အစ်မတို့ဖတ်တဲ့ စာအုပ်တွေကတော့ ပြောင်းနေမှာပဲ။ ဆိုတော့ အခုအချိန်မှာ အစ်မ ဆယ်ကျော်သက်တုန်းက ဖတ်တဲ့စာအုပ်နဲ့ အခုဖတ်တဲ့စာအုပ် မတူဘူးပေါ့နော်။ ဆယ်ကျော်သက်အရွယ်မှာ ဆယ်ကျော်သက်တွေအတွက် အဓိက စိတ်အဝင်စားဆုံးက အချစ်ပဲ။ အဲဒီအချိန်မှာ အချစ်တို့၊ စူးစမ်းချင်တယ်တို့၊ ရယ်စရာတို့၊ ဒါမျိုးတွေပေါ့နော်။ ဆိုတော့ ငယ်ငယ်က ဆယ်ကျော်သက်တုန်းကတော့ ဝတ္ထုပဲဖတ်တာ။ နောက် ၃ဝ ကျော်လာတယ်၊ ၂ဝကျော် ၃ဝမှာတော့ လူက အများအားဖြင့် အလုပ်စလုပ်ကြတယ်ဆိုတော့ အဲဒီအချိန်မှာတော့ အစ်မက အကြံပေးချင်တာက တိုးတက်အောင်ပေါ့နော်။ ဥပမာ- ကိုယ်က သူများဘဝကို စိတ်ဝင်စားတယ်ဆိုရင် ကိုယ်လေးစားတဲ့သူရဲ့ အထ္ထုပ္ပတိလိုမျိုး၊ သူတို့ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကို ဖတ်ကြည့်တာမျိုး၊ ဝတ္ထုဆိုလည်း ရသကို သေချာပေးနိုင်တဲ့ ဝတ္ထုပေါ့။ အဲဒီလို ဝတ္ထုမျိုးဖတ်မယ်ဆိုလည်း အစ်မပြောချင်တာကတော့ ကာရိုက်တာတွေကို ဖတ်ပြီးတော့ ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ကြည့်လို့ရတယ်လေ။ ဒီကာရိုက်တာတွေက ဒီလိုဖြစ်နေတယ်၊ ငါရော ဘယ်လိုလဲဆိုတာပေါ့။ ဆိုတော့ နောက် အသက် ၄ဝ တို့ဘာတို့၊ နောက်ပိုင်းကျရင်လည်း စာအုပ်တွေရဲ့အရသာက ပြောင်းသွားချင်ပြောင်းသွားမယ်ပေါ့နော်။ ဒါပေမဲ့ အစ်မယုံကြည်တာက စာဖတ်တာမှာ အဓိကအရေးကြီးတာက reflective thinking (ပြန်ပြန်ပြီး ဆန်းစစ်တဲ့ အလေ့အထ)က အရေးကြီးတယ်။ ဘယ်အရွယ်မဆိုပေါ့နော်။ ဆယ်ကျော်သက်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော်ခက်တယ်။ ဆယ်ကျော်သက်တုန်းကတော့ စိတ်ကူးယဉ်တာများကြတယ်။ ဆိုတော့ ဆယ်ကျော်သက်မှာ ဝတ္ထုဖတ်တယ်၊ စိတ်ကူးယဉ်တယ်။ အဲဒီအချိန်မှာ လူငယ်တွေအတွက် အရေးကြီးတာက စိတ်ကူးယဉ်လွန်မသွားဖို့ပေါ့။ စိတ်ကူးယဉ်လွန်သွားရင် မှားတတ်တယ်။ ဒါပေမဲ့  အသက် ၂ဝ နောက်ပိုင်းကျရင်တော့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တတ်တဲ့ အလေ့အထလေးကို လုပ်ပေးမယ်ဆိုရင် တစ်ချိန်လုံး ၂ဝကနေ နောက်ပိုင်းပေါ့နော်။ ဘယ်လို စာအုပ်ဖတ်ဖတ် တန်ဖိုးရှိမယ်လို့ ထင်ပါတယ်။ အစ်မကကျတော့ အဓိကကတော့ အခုအချိန်မှာ သတင်းစာဖတ်တာများတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ကမ္ဘာမှာ ဘာဖြစ်နေလဲ၊ ကိုယ့်နိုင်ငံမှာ ဘာဖြစ်နေလဲ၊ ကိုယ့်ပတ်ဝန်းကျင် ဘာဖြစ်နေလဲ သိချင်လို့ပေါ့နော်။ အဓိကကတော့ biography တွေ ဖတ်တယ်။ ကိုယ်လေးစားတဲ့လူတွေအကြောင်းပေါ့။ အရမ်းကို ရုန်းကန်ပြီး အောင်မြင်လာတဲ့အကြောင်းပေါ့နော်။ အဲဒီလိုမျိုးတွေ ဖတ်လေ့ရှိတယ်။ အိုင်းစတိုင်းတို့၊ ဘင်ဂျမင်ဖရန်ကလင်တို့ရဲ့ အကြောင်းပေါ့။ သမိုင်းမှာ အရမ်းနာမည်ကြီးခဲ့တဲ့သူတွေအကြောင်း ဖတ်တယ်။ အခုနောက်ပိုင်းတော့ ရသကျတော့ ဆုရထားတဲ့ လူတွေအကြောင်းဖတ်တယ်။ နိုင်ငံတကာမှာ ဆုပေးထားတဲ့ စာအုပ်တွေလေ။ အင်္ဂလိပ်လို စာအုပ်တွေကတော့ ပိုများတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုယ့်အတွက် အကျိုးရှိမယ့်စာအုပ်၊ ဥပမာ – career အတွက် အကျိုးရှိမယ်၊ ကိုယ့်အလုပ်အကိုင်အတွက်၊ ကိုယ့်တက်လမ်းအတွက်၊ ကိုယ့်ကို စိတ်ဖြေဖျောက်ပေးနိုင်တဲ့ စာအုပ်မျိုးတွေဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။

၁၂။ အခုခတ်မှာ မိန်းမသားတွေရဲ့ ကြိုးစားမှု၊ ဦးဆောင်မှုတွေကလည်း ယောက်ျားတွေနဲ့ ရင်ဘောင်တန်းလာနိုင်ပြီပေါ့နော်။ အဲဒီအတွက် ညီမငယ်လေးတွေအတွက်ရော ဘာအကြံလေးတွေပေးချင်လဲ။

အစ်မက ငယ်ငယ်ကတည်းက အင်ဂျင်နီယာအနေနဲ့လည် တက္ကသိုလ်မှာ တက်ခဲ့တာဆိုတော့လေ အစ်မစိတ်ထဲမှာ ဘယ်တုန်းကမှ ကွာဟမှုရှိတယ်လို့ မထင်ခဲ့ဘူး။ ငယ်ငယ်ကတည်းက မဖြစ်တာ။ ယောက်ျားလေးနဲ့ မိန်းကလေး ကွာတယ်လို့ကို အစ်မက မစဉ်းစားမိဘူး။ ယောက်ျားလေးက physically အရပ်အမောင်းအရ၊ body အရ ပိုပြီးအားသန်တယ်၊ ကိုယ်နဲ့ မတူဘူး။ ဒါကတော့ လက်တွေ့အနေနဲ့ ယုံကြည်ပြီးသား။ ဒါပေမဲ့ အရည်အချင်းမှာတော့ ယောက်ျားလေးမို့ ပိုတော်တယ်၊ မိန်းကလေးမို့ ပိုတော်တယ်လို့ တစ်ခါမှ မစဉ်းစားမိဘူးလေ။ မိန်းကလေးမို့လည်း ပိုတော်တယ်ဆိုတာမျိုးကို လက်မခံဘူး။ ဒါပေမဲ့ အစ်မယုံကြည်တာက မိန်းကလေး ဒါမှမဟုတ် ယောက်ျားလေး ဘယ်သူမဆို သူ့မှာ ကိုယ်ပိုင်အရည်အချင်းတွေ ရှိတယ်။ ဆိုတော့ အစ်မအားလုံးကို အကြံပေးချင်တာ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းက ဘာလဲ။ ကိုယ့်ရဲ့ အားနည်းချက်က ဘာလဲပေါ့နော်။ အဲဒါကို အဓိက အားသာချက်ကို သိအောင်၊ နားလည်အောင်လုပ်ပြီးတော့ ကိုယ့်ကိုယ်ကို တိုးတက်အောင်၊ ကိုယ့်ရဲ့ အရည်အချင်းကို ဘယ်လိုပိုပြီးတိုးတက်အောင်လုပ်မလဲ၊ အားနည်းချက်ကို သိပြီး ဘယ်လိုကြိုးစားမလဲဆိုတာကို သိဖို့ ကိုယ့်ဘာသာကိုယ်ပဲ focus လုပ်ပြီးတော့ တစ်နှစ်တစ်ခါ  တိုးတက်နေတဲ့ လူဖြစ်အောင် ကိုယ့်ဘာသာကိုယ် ဆက်ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။

မခင်နှင်းစိုးရဲ့ အမေးအဖြေလေးကို ဖတ်ပြီး ဘဝအောင်မြင်ဖို့အတွက် ဘယ်အချက်တွေကို လိုက်နာသင့်တယ်၊ ဘယ်လို စိတ်ဓာတ်မွေးမြူသင့်တယ်ဆိုတာကို သိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မအားလပ်တဲ့ကြားက ဂန္ထဝင်မဂ္ဂဇင်းအတွက် အချိန်ပေးပြီး ဖြေကြားပေးသွားတဲ့ မခင်နှင်းစိုးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။