Uber ကို ကျော်ပြီး တရုတ်နိုင်ငံရဲ့ အလွှမ်းမိုးဆုံး ပို့ဆောင်ဆက်သွယ်ရေး ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သူ

blank

စာချစ်သူတို့ရေ….

ရင်ထဲကတောင့်တလိုက်ရုံနဲ့ ကိုယ်သွားချင်တဲ့နေရာကို အရောက်ပို့ပေးနိုင်မယ့် ပို့ဆောင်ရေးဝန်ဆောင်မှုတွေရှိလာမယ်ဆိုရင် သင်ယုံမလား။

ယာဉ်ကြောပိတ်ဆို့မှုတွေကို တွန်းလှန်ဖြေရှင်းနိုင်ဖို့ သက်တောင့်သက်သာသွားလာလှုပ်ရှားနိုင်မယ့် ပို့ဆောင်ဆက်သွယ်ရေးစနစ်ကြီးတစ်ခုရှိလာဖို့ကော မျှော်လင့်လား။

  • ဖုန်းဆက်နေစရာ မလိုဘဲ application ကို သုံးပြီး “ကားငှားချင်တယ်” လို့ပြောလိုက်တာနဲ့ အငှားကားက မိနစ်အနည်းငယ်အတွင်းမှာ ရောက်လာမယ့် ဝန်ဆောင်မှု
  • ဘယ်လိုမျိုးငှားချင်လဲဆိုတာကို ပြောစရာမလိုပါဘဲ ငှားရမ်းသူ လိုချင်တဲ့ကားမျိုးကို ခန့်မှန်းနိုင်မယ့် AI (Artificial Intelligence) မောင်းနှင်စက်ရုပ်တွေပါတဲ့ အငှားကားစီးဖို့ဆိုတာ ကျွန်မတို့အတွက် အိပ်မက်ပါပဲ။

ကျွန်မတို့အတွက် စိတ်ကူးတွေကို အမှန်တကယ်ဖြစ်လာစေခဲ့သူ၊ အကြံကောင်းတစ်ချက်နဲ့ Uber ကို ကျော်တက်နိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ အလွှမ်းမိုးဆုံး ပို့ဆောင်ဆက်သွယ်ရေး ကုမ္ပဏီဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သူကတော့ ဂျင်း လီယူ (Jean Liu) ပဲဖြစ်ပါတယ်။

သူမတီထွင်ခဲ့တဲ့ AI (Artificial Intelligence) ပါ ကားတွေဟာ အသွားအလာရှင်းတဲ့လမ်းကို ရွေးပြီးချောချောရှူရှူသွားနိုင်တယ်။   စီးနှင်းတဲ့သူမရှိတဲ့အခါမှာလည်း သတ်မှတ်နေရာမှာ ဘေးကင်းစွာ ရပ်နေနိုင်တယ်ဆိုတော့ ပါကင်ရှားပါးမှုပြဿနာတွေအတွက် အကောင်းဆုံးအဖြေပဲပေါ့။

ဘေကျင်း သန်းပေါင်းများစွာသော ကားတွေရဲ့ ကျက်စားရာဖြစ်တာကြောင့် ကားရပ်စရာနေရာကို လိုက်ရှာရတာက ချွေးပြန်စရာ ကိစ္စတစ်ခုပါ။  သူမရဲ့အိပ်မက်ဟာ ဘကျင်းမြို့ရဲ့ လေထုညစ်ညမ်းမှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို ကြည့်ပြီး စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအိပ်မက်ဟာ သူမရဲ့ ကုမ္ပဏီကို ကမ္ဘာ့အကြီးမားဆုံး နည်းပညာကို အသုံးပြုထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်လာစေခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လီယူဟာ ၂ဝ၁၄ မှာ ဒီဒီ (Didi Chuxing) ကို ဝင်ရောက်ခဲ့ပါတယ်။ ပြီးတော့ တရုတ်ပြည်ရဲ့ သြဇာအရှိဆုံးအမျိုးသမီးနည်းပညာ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ အမေရိကန်အသံဝဲဝဲလေးနဲ့ သူမဟာ ကမ္ဘာ့ရင်းနှီးမြှပ်နှံသူတွေနဲ့ လျင်မြန်စွာဆက်သွယ်နိုင်စေတဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်လာစေခဲ့ပြီး ဒီဒီမှာ ရင်းနှီးမြှပ်နှံမှုတွေကိုလည်း တိုးပွားလာစေခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာနေရာရဖို့အတွက်ကတော့ ပထမဆုံး Uber ကို ဖယ်ရှားပစ်ဖို့လိုတယ်ဆိုတာကို တွေးမိတဲ့သူမက  (၂ဝ၁၅) အစမှာ လျော့ဈေးတွေအဆမတန်ပေးပြီး တရုတ်ပြည်ရဲ့ ပို့ဆောင် ဆက်သွယ်ရေးနယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးပစ်လိုက်ပါတယ်။

ပထမအစီအစဉ်အရ Uber ကို အနိုင်ယူပြီးတဲ့နောက်မှာ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ယာဉ်ကြောပိတ်ဆို့မှုတွေကို တားဆီးနိုင်မယ့် အစီအစဉ်နဲ့ ကားတွေကို ထုတ်လုပ်ဖို့ ဒုတိယအစီအစဉ်ကို ချမှတ်ခဲ့ပါတယ်။ ဆက်သွယ်သွားလာရေးစနစ်တစ်ခုလုံးကို ပြောင်းလဲခြင်းဟာ တစ်မြို့လုံးကို ပြောင်းလဲခြင်းလို့ လီယူက ယုံကြည်ထားပါတယ်။

ဒီဒီရဲ့ စမတ်ဖုန်း application လေးဟာ အမေရိကန်အခြေစိုက် Uber နဲ့ Lyft တို့နဲ့ ပြိုင်ဘက်တွေဖြစ်လာခဲ့တယ်။  တရုတ်ပြည်ရဲ့ မြို့ပေါင်း ၄ဝဝကျော်မှာ စီးနင်းသူ သန်းပေါင်း ၄ဝဝ ကျော်ရှိပြီး တစ်ရက်ကို ခရီးစဉ်ပေါင်း ၂၅ သန်းကျော်ရှိနေတဲ့ သူမရဲ့ လုပ်ငန်းဟာ Uber နဲ့ အခြား apps တွေရဲ့ နှစ်ဆဖြစ်လာခဲ့တယ်။

လီယိုဟာ သူမကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တဲ့သူတွေကိုအောင်နိုင်ခဲ့တဲ့အပြင်  ရင်သားကင်ဆာကို အနိုင်တိုက်ပြီး သေမင်းကိုတောင် စိန်ခေါ်နိုင်ခဲ့တဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။

ဒါဟာ ထက်မြက်ပြီး အောင်မြင်တဲ့အမျိုးသမီးတွေဟာ ကျွန်မတို့အမျိုးသမီးတွေအတွက် အားရှိစရာပဲ မဟုတ်လား စာချစ်သူတို့။

စာစောင်လေးကိုပြန်မျှဝေဖို့ SHARE လိုက်ပါဦးနော်။