ခေါင်းအုံခေါင်းကိုက်ဖြစ်စေနိုင်တဲ့ စားစရာများ

blank

             တစ်ခါတလေကျ ဘာလို့ခေါင်းကိုက်ရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာမရဖြစ်တတ်ပါတယ်။ အာရုံကြောအားနည်းလို့လား၊ ခေါင်းလျှော်မှားလို့လား၊ နေမကောင်းချင်လို့လား စသဖြင့် တွေးမရဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အစားမှားလို့ ခေါင်းကိုက်တာလားလို့ တွေးမိလား။ အစားအစာကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်နော်။

ဒါကြောင့် ဂန္ထဝင်ပရိသတ်ကြီးအတွက် ရှောင်နိုင်စေဖို့ ခေါင်းကိုက်စေတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သက်တမ်းကြာနေတဲ့ ချိစ်တွေ

သက်တမ်းကြာနေတဲ့ ချိစ်တွေနဲ့ တခြား ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေမှာ တွေ့ရတဲ့ tyramine ဓာတ်ဟာ ခေါင်းကိုက်စေပါတယ်။

၂။ ချဉ်တဲ့ အသီးတွေ

သံပုရာသီး၊ ရှောက်သီးတို့လို ချဉ်တဲ့အသီးတွေမှာပါတဲ့ စစ်ထရစ်အက်ဆစ်က သွေးတွင်း pH ပမာဏကို ထိခိုက်စေပြီး ခေါင်းကိုက်ခေါင်းအုံဖြစ်စေပါတယ်။

၃။ အေးတဲ့ အစားအစာတွေ

ရေခဲမုန့်တွေ၊ အအေးတွေက ရင်ကိုတော့ အေးစေတယ်။ ဒါပေမဲ့ ခေါင်းကိုက်စေပါတယ်။ အထူးသဖြင့် အရမ်းပူနေချိန်မှာ အရမ်းအေးတာကို စားလိုက်ရင် ပိုဆိုးပါတယ်။

၎။ ဂလူတန် (gluten) ပါတဲ့ အစားအစာများ

Gluten ကို ဂျုံ၊ ဂျုံကြမ်း၊ ဘာလီနဲ့ နှံစားပြောင်းတွေမှာ တွေ့ရတတ်ပါတယ်။ Gluten ဓာတ်နဲ့ မတည့်တဲ့သူတွေ အဲဒီအစားအစာတွေကိုစားမိရင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။

၅။ ဟင်းခတ်မှုန့်

ဟင်းခတ်မှုန့်တွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဟင်းခတ်မှုန့်တွေထဲကမှ လူကို ဘေးဥပါဒ်ပိုဖြစ်စေတဲ့ ဟင်းခတ်မှုန့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

– Meat tenderizer တွေ၊ ပဲငံပြာရည်၊ ကြာရှည်ခံစားစရာတွေမှာ တွေ့ရတတ်တဲ့ မိုနိုဆိုဒီယမ် ဂလူတမိတ်

– ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်းတွေမှာ တွေ့ရတတ်တဲ့ နိုက်ထရိတ်နဲ့ နိုက်ထရိုက်များ

– အအေးတွေ၊ သကြားမပါတဲ့ အစားအစာတွေနဲ့ ကလေးအားဆေးတွေမှာပါတတ်တဲ့ အက်စပါတမင်း (AMP)နဲ့ ဆူးခရို့စ်

– ချိုချဉ်၊ ရေခဲမုန့်၊ အာလူးကြော်၊ ယိုနဲ့ တခြားအရောင်ပါတဲ့စားစရာတွေမှာ တွေ့ရတဲ့ အရောင်ဆိုးဆေးများ

၆။ ကဖင်းဓာတ်

ကဖင်းဓာတ်က ခေါင်းကြည်စေတယ်ဆိုပေမဲ့ အများကြီးသောက်မိရင်လည်း ခေါင်းတွေအုံပြီး ကိုက်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ကော်ဖီ ၂ခွက်ထပ် ပိုမသောက်တာအကောင်းဆုံးပါ။ ကော်ဖီတင်မက ချောကလက်၊ ကိုကိုး၊ လက်ဖက်ရည်နဲ့ ကိုကာကိုလာကိုလည်း အရမ်းကြီးမသောက်သင့်ပါဘူး။

၇။ အရက်သေစာများ

အနီရောင်ဝိုင်တွေကပဲ ခေါင်းကိုက်စေတယ်လို့ ထင်နေသလား။ မဟုတ်ဘူးနော်… ဘီယာ၊ အရက်၊ ဝိုင် အားလုံး များများသောက်ရင် မူးပြီး နောက်ရက်ကျရင် ခေါင်းကိုက်တာပါပဲ။ အရက်သေစာတွေကြောင့်ဖြစ်ရတဲ့ ခေါင်းကိုက်ဝေဒနာ ၂ မျိုးရှိပါတယ်။ ပထမတစ်မျိုးက သောက်ပြီးပြီးချင်း နာရီပိုင်းအတွင်းမှာ ပေါ်လာတတ်တဲ့ ခေါင်းကိုက်ဝေဒနာနဲ့ နောက်တစ်မျိုးက အရက်သောက်ပြီး နောက်တစ်နေ့အရက်နာကျမှ ကိုက်တတ်တဲ့ ခေါင်းကိုက်ဝေဒနာဖြစ်ပါတယ်။

ခေါင်းကိုက်စေတဲ့ အစားအစာတွေကို သိပြီးပြီဆိုတော့ ခေါင်းမကိုက်အောင် ဒီအစားအစာတွေကို ရှောင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။