ဘယ်အလုပ်ပဲလုပ်လုပ် အကျိုးအမြတ်ကို မမျှော်ဘဲအစွမ်းကုန်ကြိုးစားပါဆိုတဲ့ လူငယ်ဒါရိုက်တာ Christina Kyi နဲ့ တွေ့ဆုံခြင်း

blank

        အခုတလော ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ ဆန်းသစ်တဲ့တင်ဆက်ပုံတွေ၊ ဇာတ်အိမ်တွေကြောင့် နာမည်ကြီးလာတာကတော့ ဥပါယ်တံမျဉ်နဲ့ မုဒြာခေါ်သံ ဆိုတဲ့ ဇာတ်ကားကြီး ၂ ကားပါပဲ။ ဒီဇာတ်ကားတွေ အောင်မြင်သလို ဒီဇာတ်ကားတွေရဲ့ ဖန်တီးရှင် Christina Kyi ရဲ့ အရည်အချင်း၊ ခံယူချက်၊ စိတ်ဓာတ်တွေကလည်း လေးစားဖွယ်ရာကောင်းလှပါတယ်။ အောင်မြင်မှုတစ်ခုရဖို့ ဘယ်လိုတည်ဆောက်ခဲ့တယ်၊ ဥပါယ်တံမျဉ်နဲ့ မုဒြာခေါ်သံကို ဘယ်လိုရိုက်ကူးခဲ့တယ်ဆိုတာကို သူမက ဂန္ထဝင်မဂ္ဂဇင်းမှာ ဒီလိုလေးမျှဝေခဲ့ပါတယ်။

၁။ အစ်မ မင်္ဂလာပါရှင့်။ အစ်မရဲ့ကိုယ်ရေးအကျဉ်းလေးနဲ့ မိသားစုအကြောင်းကို ပြောပြပေးပါဦး။

အစ်မနာမည်က ခရစ္စတီးနား ခီ (Central Base Productions) ပါ။ အစ်မလက်ရှိမှာတော့ Central Base Productions မှာ founder ရယ်၊ CEO ဆိုတဲ့ရာထူးကို လုပ်နေတယ်။ ဒီ Central Base Productions ရဲ့ဒါရိုက်တာတစ်ယောက်ပေါ့။ ဒါရိုက်တာတွေအများကြီးထားဖို့လည်း အစီအစဉ်ရှိတယ်လေ။ ရုပ်ရှင်ဒါရိုက်တာရယ်၊ ဇာတ်ညွန်းရေးတဲ့သူတစ်ယောက်အနေနဲ့ အစ်မကအလုပ်လုပ်တယ်ပေါ့။ အစ်မမိဘနှစ်ပါးစလုံး သက်ရှိထင်ရှားရှိနေပါတယ်။ မောင်လေးတစ်ယောက်ရှိတယ်။ သူလည်း သူ့မိသားစုနဲ့ပဲ။ အစ်မလည်း အစ်မမိသားစုနဲ့ပဲပေါ့။

၂။ အနုပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါအုံး။

အစ်မ New York မှာ ကျောင်းတက်မယ်ဆိုတော့ အမှန်တိုင်း ပြောပြရရင်တော့ Criminology  ဆိုပြီး ကျောင်းလျှောက်ထားတာ နည်းနည်းတောင်တက်နေပါပြီ။ ဒါပေမဲ့လည်း တကယ်ဖြစ်ချင်တာက အနုပညာသမားဆိုတာ ကျိန်းသေတယ်။ ဒါပေမဲ့ ဒါရိုက်တာတွေဘာတွေကတော့ တွေးတောင် မတွေးမိဘူးပေါ့နော်။ ငယ်ငယ်တုန်းကကျတော့ ကိုယ့်မျက်စိရှေ့မှာ အမြဲတမ်းမြင်တွေ့နေရတဲ့ ရုပ်ရှင်သမားဆိုတာ မင်းသားနဲ့ မင်းသမီးပဲဆိုတော့ ကိုယ်လည်းသရုပ်ဆောင်လုပ်ချင်တယ်ပေါ့။ အဲဒီ့တော့ အစ်မစဉ်းစားလိုက်တာက ရုပ်ရှင်ကို ကိုယ်တိုင်သာရိုက်တတ်ရင် ကိုယ်ရိုက်ချင်တဲ့ ဘယ်ဇာတ်လမ်းအမျိုးအစားမျိုးမဆို ရိုက်တတ်မယ်ဆိုပြီးတော့ သွားပြီးတော့ သင်တာပေါ့လေ။ ဒါပေမဲ့ကိုယ်သွားယူတဲ့ဟာက ယူမယ်ဆိုပြီးတော့ ဖြစ်သွားတာ။ ပြီးတော့ ဒါမျိုးသင်ဖို့ဆိုတာ လုပ်လေ့လုပ်ထလည်း မရှိဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ယောက်မှလည်း မကြားဖူးဘူးပေါ့။ ဒါပေမဲ့ အဲ့ဒီ့အချိန်မှာ အစ်မအမျိုးသားနဲ့ အစ်မနဲ့ကစပြီး ခင်နေတော့ တိုင်ပင်တဲ့အထဲမှာ ဒီလိုပဲ စကားတွေ ပြောနေတဲ့အချိန်မှာ သူကလည်း music major ယူမှာတဲ့။ ဆိုတော့ သူကလည်း အစ်မကို မြှောက်ပေးတာပေါ့။ (ရယ်လျက်) တက်သာတက် ဘာမှမဖြစ်ဘူး။ ဘာမှတွေးမနေနဲ့ပေါ့လေ။ အမှန်တော့ သူလည်းတခြားမေဂျာယူရင် ကောင်းမလားတွေးနေတဲ့အချိန်ပဲ။ အဖော်က ရှိသွားတော့အခါ နင် music ယူ၊ ငါရုပ်ရှင်ရိုက်မယ့်ဟာယူမယ်ဆိုပြီး အဲ့ဒီလိုမျိုးနဲ့ ရုပ်ရှင်လောကထဲကို ရောက်လာတာပေါ့။

၃။ အစ်မငယ်ငယ်က ဝါသနာလေးတွေကိုလည်း သိပါရစေ။

အစ်မက ငယ်ငယ်ထဲကလည်း အနုပညာပဲ။ ဝါသနာအရဆိုရင်တော့ အနုပညာ ဝါသနာပါတယ်။ ဗမာအက,ကတာ တော်တော်ဝါသနာပါတယ်။ Traditional music တွေဆို အရမ်းကြိုက်တယ်။ ရေကူးတယ်။ အားကစားကတော့ တော်တော်လိုက်စားဖြစ်တယ်ပေါ့နော်။ စာအရမ်းဖတ်တယ်။ နောက်အစ်မ ၁ဝ နှစ်လောက်ထဲက ဇာတ်လမ်းတွေလျှောက်ရေးတယ်။ မဟုတ်တော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ အဲဒီ့ထဲကရေးတဲ့အကျင့်ပါနေတာ။ နောက် music တွေကြိုက်တယ်။ ကြိုက်တဲ့ music တစ်ခုဆို မပြီးနိုင် မစီးနိုင် အဲ့ဒါပဲနားထောင်နေတာ။ နောက်အစ်မ ၁ဝ နှစ်လောက်ကဖတ်တဲ့ အချစ်ဝတ္ထု အဆိပ်အတောက်ဖြစ်စေတဲ့ဟာ တချို့ဟာတွေကျတော့ လူငယ်ရဲ့စိတ်ကိုပိုကြွစေတယ်။ အဲဒီလိုမျိုးဟာတွေ သွားဖတ်ရင်လည်း ကိုယ်က အဲဒီလိုစာပေအမျိုးအစားတွေ ရေးဖြစ်နေရောပေါ့။ စိတ်ကူးတွေ သိပ်ယဉ်ပြီးတော့လေ။

၎။ အနုပညာလောကထဲစတင်ဝင်ရောက်တဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးတွေကိုလည်း ပြောပြပေးပါဦး။

US မှာကျတော့လည်း US ရဲ့ပုံစံကကျတော့ အားလုံးက တစ်ကျောင်းတည်း တတ်နေတာဆိုတော့ knowledge ပိုင်းကျတော့ အဆင်ပြေတယ်။ ဒါပေမဲ့လည်း သူလည်း ဒါရိုက်တာဖြစ်ချင်တယ်။ ကိုယ်လည်း ဒါရိုက်တာဖြစ်ချင်တဲ့အခါကျတော့ ကြိုးစားကြရတယ်ပေါ့။ ကိုယ်ဘယ်လောက်လုပ်နိုင်တဲ့ စွမ်းအားကို ကိုယ်သူ့ထက် knowledge ဘယ်လောက်ရှိပါတယ်ဆိုတာပြပြီးမှပဲ ဒါရိုက်တာလုပ်ဖို့ ပိုအဆင်ပြေတယ်ပေါ့။ အားလုံးကလည်း ဒါရိုက်တာဖြစ်နိုင်တဲ့ အရည်အချင်းအများကြီးရှိကြတယ်ပေါ့။ ဒီဘက်ကိုပြောင်းလာတဲ့ အချိန်ကျတော့လည်း ဘာကြုံတွေ့ရလည်းဆိုတော့ အစ်မတို့သင်ထားတာနဲ့ ဒီဘက်ကလုပ်ရိုးလုပ်စဉ်နဲ့က တခြားစီဖြစ်နေတယ်။ တခြားစီဖြစ်နေတဲ့အချိန်မှာ အစ်မကဘယ်လောက်ပဲရှင်းပြရှင်းပြ သူတို့က ဒီ business မှာ အောင်မြင်နေတဲ့ producer တွေ ဒီအသိုင်းအဝိုင်းတစ်ခုလုံးက ဒီဟာနဲ့ပဲအောင်မြင်ပြီး တိုက်တာအဆောက်အဦးတွေပါ ဆောက်ထားနိုင်တဲ့သူတွေဆိုတော့ ကိုယ်ပြောတဲ့ industry ရဲ့ လုပ်ရိုးလုပ်စဉ်ဆိုတာကို ဒါကြီးကဟုတ်လား၊ မဟုတ်လားဆိုတာကိုလည်း သူတို့မယုံကြည်နိုင်ဘူး။ နောက်ပြီးတော့ ဒါကိုလုပ်လို့ရော ဒီထက်ပိုက်ဆံပိုရမှာလား၊ မရမှာလားဆိုတာလည်း အစ်မဘက်က guarantee လည်း မပေးနိုင်တော့ ဒီအခက်အခဲကတော့ ဒီနိုင်ငံကို စရောက်တဲ့အချိန်မှာ အစ်မအတွက် အကြီးမားဆုံး challenge ပေါ့။ ဘာလို့ဆို ကိုယ်လုပ်တတ်တဲ့ ကိုယ်သင်လာတဲ့ပညာနဲ့ ဒီဘက်ကလုပ်တဲ့ပုံစံနဲ့ အရမ်းကွဲပြားနေတာ။ လူနေမှုဘဝမှာကျတော့လည်း မတူညီဘူး။ နောက်ပြီးတော့ လူငယ်ဘဝကနေ US ကိုရောက်သွားတာဆိုတော့ ပြောမယ်ဆိုလို့ရှိရင် ကျောင်းတွေတက်လိုက်တဲ့အချိန်မှာ ကျောင်းတွေရဲ့ train ကပြောရဲဆိုရဲရှိရတယ်။ ဒီက society ကကျတော့ သိပ်ပြီးတော့ မိန်းမဆိုလည်း ပြောပြောဆိုဆို သိပ်ထက်ထက်မြက်မြက်ဆိုလည်း သိပ်ပြီးတော့ မကြိုက်ကြဘူးပေါ့နော်။ အဲဒီလိုမျိုးအနေအထားက တစ်ခုပေါ့နော်။ နောက် society နဲ့ လူနေမှုကို ဘယ်လိုပဲဖြစ်ဖြစ်နေတတ်အောင်နေတယ်ပေါ့။ အစ်မတို့လင်မယားနှစ်ယောက်ကလည်း နေတာထိုင်တာ အေးအေးဆေးဆေးနေတတ်တဲ့အတွက် ဒီနိုင်ငံမှာဖြစ်တည်နေတဲ့ လူနေမှုကို အဆင်ပြေအောင်နေလို့ရတယ်။ ဒါပေမဲ့ လုပ်ငန်းသဘောမှာကျတော့ အဆင်ပြေဖို့ လိုက်လျောဖို့ကျတော့ ဒါဟာကိုယ့်ရဲ့ career ဖြစ်သွားတဲ့အခါ မလိုက်လျောနိုင်ဘူးပေါ့။ အဲ့ဒီအခါကျတော့ အခက်အခဲကြုံရတာပေါ့။

၅။ အစ်မအနေနဲ့ အခုလက်ရှိလုပ်ကိုင်နေတဲ့ အနုပညာအလုပ်တွေကိုလည်း သိပါရစေရှင်။

လောလောဆယ်ကတော့ အစ်မတို့ ဥပါယ်တံမျဉ် promotion ပေါ့။ နောက်ဒီလ ၂၆ ဆိုရင် Singapore ကိုသွားမယ်။ ဟိုမှာလည်း ပရိသတ်ကအရမ်းတောင်းဆိုနေတယ်ဆိုတော့ သွားပြီးတော့မှ နေရာလေးဘာလေးကြည့်ပြီးတော့ အဲ့ဒီမှာပွဲစီစဉ်ဖို့ သွားမယ်။ ပြန်လာပြီးရင်တော့ အစ်မတို့မှာ TV series ရေးနေတာရှိတယ်။ ၆ ပိုင်းလောက်တော့ ပြီးပြီပေါ့လေ။ အစ်မတို့က တစ်နှစ်ကို ၁၂ပိုင်းနဲ့ရိုက်မယ်။ နိုင်ငံခြားကပုံစံမျိုးပေါ့။ 1 season ဆို ၁ဝ ပိုင်းဆို ၁ဝ ပိုင်း၊ ၁၂ပိုင်းဆို ၁၂ပိုင်း ရိုက်မယ်။ ပြီးရင် တစ်ခါနားပြီး ထပ်ရိုက်မယ်။ နောက်နှစ်ကျရင် တစ်ခါပြန်လာပေါ့။ အဲဒီလိုပုံစံမျိုးနဲ့ အဲဒီလိုလုပ်ချင်တာ။ တစ်ဝက်လောက်ကတော့ ပြီးနေပြီ၊ အဲ့ဒါကိုဖတ် revise သေချာလုပ်ပြီးရင် အဲ့ဟာလေးအတွက်လည်း ကြိုတင်ပြင်ဆင်ချင်တယ်။ ပြီးတော့ အစ်မတို့ရဲ့ တတိယကားကိုတော့ အစ်မတို့စဉ်းစားထားတာ အစ်မတို့ အောက်တိုဘာ၊ နိုဝင်ဘာလောက် ရိုက်ချင်တယ်ပေါ့။ အစ်မတို့စဉ်းစားထားတာ။ တကယ်လို့ အောက်တိုဘာ၊ နိုဝင်ဘာရိုက်မယ်ဆိုရင် အေးလည်းအေးတယ်။ မိုးလည်းလွတ်လို့ ရိုက်မယ်ဆိုရင် အစ်မတို့ မိုးတွင်းကို pre-production ထိုင်ရတော့မယ်။ ဒီနှစ်ခုကြားထဲမှာ ဘယ်လို arrange လုပ်မယ်ဆိုတာကတော့ meeting မထိုင်ရသေးလို့ မသိသေးဘူးပေါ့နော်။

မုဒြာ ကတော့ အွန်လိုင်းမှာ demand အရမ်းများတယ်ပေါ့နော်။ အစ်မတို့ကကျတော့ ကြောက်တယ်ပေါ့နော်။ ဥပါယ်တံမျဉ်ရဲ့ အသွားလေးကကျတော့ ဘယ်လိုပြောမလဲ… suspense လေးရှိတယ်လေ။ အဖွက်တွေ၊ အမြှုပ်တွေနဲ့ သွားတာဆိုတော့ လူတွေက ဘာဖြစ်မလဲ၊ ဘာဖြစ်မလဲဆိုပြီး ကြည့်ကြတာပေါ့နော်။ လူတွေအတွက်ကျ entertaining ပိုဖြစ်တာပေါ့နော်။ ဒါပေမဲ့ မုဒြာကျတော့ အစ်မတို့က Cultural ကားလေးလည်းဖြစ်တယ်၊ ရိုးရိုး drama လည်းဖြစ်တော့ နည်းနည်းတော့လန့်တာပေါ့နော်။ အစ်မတို့ကတော့ အစွမ်းကုန်ကြိုးစားထားတယ်ပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၄ နှစ်ကဆိုတော့ ရိုက်ကူးရေးပိုင်းမှာ ချို့ယွင်းချက်လေးတွေတော့ ရှိတာပေါ့။ အဲဒီအချိန်တုန်းက drone တို့၊ စက်ပစ္စည်းတော်တော်များများက အဆင်မပြေဘူး။ မပြေပေမဲ့လည်း ဒီလိုပဲ ရိုက်လိုက်ရတဲ့ဟာတွေ ရှိတယ်ပေါ့။ အဲဒီအခါကျတော့ အခုလို ခေတ်မီလာတဲ့ အချိန်လည်းကျရော ပြန်ကြည့်မယ်ဆိုရင်တော့ လွဲနေတာတော့ အများကြီးပဲပေါ့။

၆။ ဝေဖန်မူတွေကြားကမှ အရမ်းအောင်မြင်လာတဲ့ အစ်မရဲ့ ဥပါယ်တံမျဉ်ဇာတ်ကားလေးနဲ့ ပတ်သက်ပြီး အခက်အခဲလေးတွေ၊ ကြိုးစားအားထုတ်ခဲ့ရတာလေးတွေ၊ အမှတ်တရလေးတွေကိုလည်း ပြန်မျှဝေပေးပါဦးရှင့်။

ဥပါယ်တံမျဉ်ကို ရိုက်ကူးတဲ့အချိန်ကာလကတော့ ကြာတယ်ပေါ့။ အစ်မတို့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ရိုက်ကူးတာဆိုတော့ ဒီလုပ်ရိုးလုပ်စဉ်ကိုက တစ်နှစ်ကျော်ကျော်လောက် ကြာတယ်။ ပြီးတော့ ဆင်ဆာတွေ ဘာတွေပြပြီးတဲ့အချိန်မှာ အခက်အခဲအဖြစ်ဆုံးဆိုရင် ရုံရက်ရဖို့ပေါ့။ အဲ့ဒါကို လိုက်ပြီး ညှိနှိုင်းတဲ့အချိန်မှာ တော်တော်လေး အခက်အခဲဖြစ်ရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ ရုပ်ရှင်ဈေးကွက်က မင်းသားဈေးကွက်၊ မင်းသားကအဓိကဖြစ်တော့ မင်းသားကိုမေးလိုက်တဲ့အချိန်မှာလည်း မင်းသားက ဘယ်သူမှန်းမသိတာတစ်ကြောင်းပေါ့။ နောက်ပြီးတော့ မြန်မာပြည်မှာ လုပ်ရိုးလုပ်စဉ်အရ ပြောမယ်ဆိုလို့ရှိရင် မိသားစု ပိုက်ဆံရှိလို့ပဲဖြစ်ဖြစ်၊ ဒီမင်းသားကို ရုပ်ရှင်တင်ရိုက်တဲ့ tradition ကရှိခဲ့တာကို။ အဲ့ဒီကျတော့ မင်းသားသည် အစ်မရဲ့ အမျိုးသားဖြစ်တဲ့အခါကျတော့၊ သူ့အရည်အချင်းကိုလည်း မမြင်ဖူးတဲ့အခါကျတော့ အစ်မတို့က ပိုက်ဆံရှိလို့ ကိုယ့်ယောက်ျားကို မင်းသားတင်ရိုက်တယ်လို့တောင် ဝေဖန်ခံရတယ်။ ရုံရှင်ဖက်ကလည်း ဒီမင်းသားကို တင်ရိုက်တယ်ဆိုတာသည် ဒီမင်းသားသည် မင်းသားဖြစ်ထိုက်လို့ အစ်မတို့ရဲ့ အလုပ် nature ကို သူတို့သိမှာမဟုတ်ဘူးလေ။ အရှေ့မှာလည်း သာဓကတွေလည်း ရှိခဲ့တဲ့အခါကျတော့ ဒီကိစ္စဟာ အစ်မအတွက်တော်တော်ကို ရင်ဆိုင်ရတဲ့အခက်အခဲပေါ့။ ဘာလို့ဆို ပထမဦးဆုံး အစ်မကိုယ်တိုင်ကလည်း ဒါရိုက်တာဖြစ်ပြီးတော့ အမျိုးသားက မင်းသားဖြစ်ရတဲ့အခါ လိုက်ပြောနေရတာကိုက စိတ်အနှောင့်အယှက်ဖြစ်စေတယ်ပေါ့။ အစ်မတို့ရဲ့ career သွားပုံကကျတော့ personal life နဲ့ တစ်ခြားဆီပေါ့။ တကယ့် professional ဆိုလို့ရှိရင် တခြားနိုင်ငံတွေမှာလည်း မင်းသားနဲ့ဒါရိုက်တာ ယူထားတာတို့၊ မင်းသမီးနဲ့ ဒါရိုက်တာယူထားတာတို့ ရှိကြတယ်။ ဒါတွေဟာ personal life ကိုမှီပြီးတော့ အနုပညာဆိုတာ လုပ်ပြလို့ရတာမဟုတ်ဘူးလေ။ လုပ်ပြပေမယ့် ပရိသတ်က လက်ခံချင်မှ လက်ခံတာကို။ အဲ့ဒီအခါကျတော့ အစ်မတို့က သိန်းကိုထောင်နဲ့ချီပြီးမှ လုပ်ရတဲ့ လုပ်ငန်းတစ်ခုမှာ ဒီလုပ်ငန်းရော ကိုယ့်ရဲ့ career ဆိုတဲ့ director ရောကို ရင်းပြီးတော့မှ ဘာလို့ကိုယ့်ယောက်ျားကို မင်းသားတင်ရိုက်စရာမလိုဘူးလေ။ သူ့မှာ အရည်အချင်းမရှိဘူးဆိုရင်ပေါ့။ သူ့မှာ ဒီအရည်အချင်းတစ်ခုရှိပါတယ် ဆိုတာကိုလည်း ပြောဖို့ကျတော့ အစ်မအနေနဲ့ မလွယ်ဘူး။ ဘာလို့ဆို အစ်မက ဒါရိုက်တာအပြင် သူ့ရဲ့ အမျိုးသမီးပါ ဖြစ်နေတဲ့အတွက်ကြောင့် အဲ့ဒီဒုက္ခက အကြီးဆုံးရင်ဆိုင်ရတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင် ရုပ်ရှင်ကိုရုံတင်ဖို့ဆိုတဲ့အချိန်မှာတောင်မှ အစ်မတို့ company က တောက်လျှောက်ကလည်းလေ အစ်မကိုယ်ပိုင် company ဆိုပေမယ့် သူ့ကို promote လုပ်ပါဆိုတဲ့ စကားကို အစ်မပါးစပ်က မထွက်ဘူး။ တကယ်ဆိုလို့ရှိရင် production တစ်ခုကနေ မင်းသားတစ်ယောက်ကို တင်ပြီဆိုရင် ဥပမာ ရဲတိုက်ဆိုရင် သူတို့ company က promotion သိပ်ကောင်းတာပဲ။ သူ့ကားတွေ လုံးဝမထွက်ခင်ကတည်းက အစ်မတို့က ရဲတိုက်ဆိုတာ သိရတယ်လေ။ ဒါဟာလည်း marketing သဘောပဲ။ အစ်မ ဒီ marketing ကိုနားလည်သည့်တိုင်အောင် အစ်မမလုပ်ရဲဘူးဖြစ်နေတယ်။ အစ်မအနေနဲ့ အစ်မရဲ့ ethic ကိုထိန်းပြီးတော့ သူ့ကိုမလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ ရုပ်ရှင်ရုံပေါ်ကို စတင်တဲ့အချိန်မှာ သူသည် လူဒီလောက်မသိသေးတဲ့ မင်းသားဖြစ်နေတယ်။ တကယ်ဆိုရင် အစ်မတို့က ဒီထက်ပိုပြီး promotion ပိုသွားလို့ရတယ်။ အဲ့ဒီ personal life နဲ့ career နှစ်ခုကြားမှာ ညပ်နေတာ။ အဲ့ဒီ့အတွက်ကြောင့်မို့လို့ တချို့နေ့တွေမှာ နောင်တရတာမျိုးရှိတယ်။ ဘယ်သူမှ ဂရုမစိုက်ပဲလုပ်လိုက်ရရင် ကောင်းသားဆိုပြီး တစ်ခါတစ်လေကျတော့လည်း အဲ့ဒီဟာကြီးက အစ်မကို တကယ် အရမ်းအရှက်ရစေတယ်ပေါ့နော်။

၇။ အဲဒီလိုမျိုးအပိုင်းမှာရော တစ်ယောက်နဲ့တစ်ယောက်နားလည်မှုမလွဲအောင် ဘယ်လိုလုပ်ဖြစ်လဲ။

ပြောရမယ်ဆိုရင် ကိုဇဏ်ခီက တော်တော်အေးတယ်လို့ ပြောလို့ရတဲ့ လူတစ်မျိုးထဲမှာပါတယ်။ သူကသိပ်ပြီးတော့လည်း popular ဖြစ်ချင်ပုံမရဘူး။ အရင်တုန်းကဆို အစ်မက သူ့ကို အမြဲတမ်းပြောရတယ်။ Facebook တွေဘာတွေသုံးဆိုပြီး သူသုံးတော့သုံးတယ်။ Facebook သုံးရင် နည်းနည်းလှတာလေးတွေ တင်ပါဆိုပြီး ပြောရတယ်။ အဲဒီလိုပြောရင် သူကအမြဲတမ်းပြန်ပြောတဲ့ စကားရှိတယ်။ “နင့်အနုပညာကို မပြနိုင်သေးသရွေ့ နင်ဘာမှမမျှော်လင့်နဲ့။ ငါ့အနုပညာကို လူတွေ မတွေ့ဖူးသေးသရွေ့ငါ popular ဖြစ်နေလည်း အလကားပဲ” ပေါ့။ ဆိုတော့ သူ့ရဲ့ ခံယူချက်ကကျတော့ popular ဖြစ်ဖို့က အရေးမကြီးဘူး။ အနုပညာကိုသာ ပေါက်မြောက်သွားဖို့က အရေးကြီးတယ်ဆိုပြီး သူက အဲ့ဒါမျိုးတွေကို လုပ်ရတာဝါသနာက သိပ်မပါဘူး။ မပါတဲ့အခါ လုပ်တာတွေ မလုပ်တာတွေက သူ့အတွက်က issue ဖြစ်မနေဘူးပေါ့။ သူ့ကို အဲ့ဒါတွေက နားလည်အောင်လည်း ဘာမှမပြောရဘူး။ ဒါပေမဲ့ ဘာပြဿနာတစ်ခုရှိလဲဆိုတော့ သူ့ဘက်မှာလည်း “မိန်းမကြောင့်မို့လို့  role ရတယ်” ဆိုတာတွေကလည်း ကြုံတော့ ကြုံရတာပေါ့။ ဥပမာ – Mudras Calling မှာဆိုရင် အစ်မတို့သူ့ကို ဘယ်လိုရခဲ့တာလဲဆိုတော့ အစ်မတို့က facebook တို့၊ သင်တန်းကျောင်းတွေ၊ acting school တွေ၊ ကြေးမုံသတင်းစာ အကုန်လုံးမှာ အစ်မတို့က ကြေညာလိုက်တာ။ သရုပ်ဆောင်အသစ်လိုချင်သည်။ မင်းသား ဘယ်အရပ်အမောင်း၊ ဘယ်လိုပုံစံ၊ မင်းသမီးကဘယ်လိုပုံစံ လျှောက်လွှာကအစ အစ်မအကူအညီမပါဘူး။ သူ့ဘာသာသူ သွားလျှောက်တယ်။ သူ့ဟာနဲ့သူ လူမသိဘူး။ တချို့အပြင်မှာ သူ့ကိုမြင်ဖူးတာတွေ ရှိတော့ရှိမှာပေါ့။ အစ်မတို့ ရွေးချယ်ရေးအဖွဲ့က တချို့ကသူ့ကိုဘယ်သူမှန်းတောင် မသိဘူး။ အဲဒီလိုနည်းနဲ့ သူ့ဟာသူလာလျှောက်ပြီး Mudras Calling က မင်းသားဖြစ်သွားတာ။ ဒါပေမဲ့ အများစုကကျတော့ ဒီ history ကိုမသိဘူး။ ဒီရွေးချယ်ရေးလုပ်တဲ့အချိန်မှာ အစ်မတို့ဘယ်သူတွေ လာရွေးချယ်သွားပါတယ်ဆိုတဲ့ စည်းတစ်ခုစောင့်ပေးလိုက်တာ။ မရခဲ့တဲ့သူတွေကကျတော့ သူတို့ကြိုက်မှာ မဟုတ်ဘူးလေ။ သူတို့မျက်နှာကြီးပြပြီးတော့ သူတို့မရွေးချယ်ခံလိုက်ရတဲ့အတွက် သူတို့ဂုဏ်သိက္ခာကို ငဲ့ခြင်းအားဖြင့် အစ်မက အဲ့ဒီကဓာတ်ပုံတွေကို သိပ်မတင်ဖြစ်ဘူး။ မတင်ဖြစ်တဲ့အခါကျတော့ သူဘယ်လိုအရွေးချယ်ခံလိုက်ရတယ်ဆိုတဲ့ history ကို လူတွေတော်တော်များများက မသိဘူး။ စပြီးတော့ Mudras Calling ကိုသိတုန်းကလည်း သူက နိုင်ငံခြားသားလိုလို ဘာလိုလိုနဲ့ ဖြစ်ခဲ့တာ။ အခုချိန်ကျတော့မှ အစ်မရဲ့အမျိုးသားဆိုတာ သိတဲ့အချိန်ကျတော့ ဒီတိုက်ခိုက်မူက ပိုရှိလာတာပေါ့။ ဘာလို့ဆို history ကလည်း မပြောပြထားတဲ့အတွက် မသိဘူး။ တစ်ဖက်မှာကျတော့လည်း မိန်းမကဒါရိုက်တာလုပ်ပြီး ယောကျာ်းက မင်းသားဖြစ်သွားတယ်ပေါ့။ ဒီဟာပေါ်မှာကကျတော့ လိုက်ဖြေရှင်းပေးလို့ရတဲ့ ကိစ္စမျိုးမဟုတ်တော့ အဲ့ဒီလိုဟာမျိုးကြုံတဲ့အခါ စိတ်မကောင်းတာရယ်၊ အဓိကကျတော့ ကိုယ့်ရဲ့ career ပေါ်မှာ ကိုယ်ထားတဲ့ယုံကြည်ချက်ကို နည်းနည်းပုတ်ခတ်ခံရတယ်လို့ သတ်မှတ်တာပေါ့။

၈။ အစ်မအနေနဲ့ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်တွေမှာ self-improvement ဖြစ်အောင် ဘယ်လိုလေးတွေ လေ့လာဖြစ်လဲ။

အစ်မက ခုနပြောသလိုပဲ film making နဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်တယ်။ ရုပ်ရှင်ဆိုရင် ကားကောင်းတွေကို အမြဲကြည့်တယ်။ သူတို့ရဲ့ create လုပ်တဲ့ပုံစံရှိတယ်လေ။ အဲ့ဒါတွေကို အမြဲလေ့လာတယ်။ တချို့ဟာလေးတွေကို သူတို့ဘယ်လိုဇာတ်ညွှန်းကို သယ်သွားလဲ။ ဇာတ်ညွှန်းပေါ်မှာ ဘယ်လိုရိုက်တာလဲဆိုတာလေးတွေ အမြဲတမ်းအစ်မလေ့လာဖြစ်နေတယ်ပေါ့နော်။

၉။ ဇာတ်လမ်းတွေရဲ့ ဇာတ်ညွှန်းတွေကိုလည်း အစ်မကိုယ်တိုင် ရေးတာပဲလား။

အဲဒီလိုတော့ မဟုတ်ဘူးပေါ့လေ။ ဥပါယ်တံမျဉ်ဆိုရင် ကိုဇဏ်ရေးတာ၊ သူပဲရေး၊ သူ့ idea ပဲပေါ့။ Mudra Calling ကျတော့ အစ်မရေးတာ၊ အစ်မ idea ပေါ့။ တစ်ခုကို ရေးတော့မယ်ဆိုရင် အဲဒီတစ်ခုရဲ့ mood သွင်းလိုက်တာ၊ Culture ရိုက်တော့မယ်ဆိုရင် culture နဲ့ သက်ဆိုင်တဲ့စာတွေ များများဖတ်တယ်။ Culture ကို များများလေ့လာလိုက်စားတယ်။ မေးသင့်မေးထိုက်တဲ့သူတွေကို မေးတယ်။ အဲဒီလိုပဲ အချစ်ကားရိုက်တော့မယ်ဆိုလည်း အချစ်နဲ့ ပတ်သက်တဲ့ ဟာလေးတွေ များများကြည့်ပေး၊ ကိုယ့် mood ကိုက အဲဒီထဲရောက်နေတာ။ ဒိုင်ယာလော့တွေကတော့ အပြန်အလှန်ပြောပေးရတယ်။ Natural ဖြစ်ရဲ့လားပေါ့။

၁ဝ။ အစ်မအနေနဲ့ အလုပ်နဲ့ မိသားစုဘဝမှာ (work-life integration) ဖြစ်အောင် ဘယ်လိုလေးတွေစီမံဖြစ်သလဲ။

အစ်မအနေနဲ့ အလုပ်ကိုလည်း အများကြီးလက်ခံလေ့မရှိဘူး။ အလုပ်ကိုလည်း အစ်မရဲ့ထုံးစံအတိုင်း အလုပ်ဆိုလို့ရှိရင် တစ်ကျော့မပြီးဘဲနဲ့ နောက်တစ်ကျော့ကိုလက်ခံထားတာမျိုး အစ်မမလုပ်ဘူး။ အလုပ်တွေပုံပြီးတော့ ကိုယ်ယူထားတဲ့ငွေနဲ့ သေချာတာဝန်မယူနိုင်မှာကို မကြိုက်ဘူး။ အဲ့ဒါကြောင့်မို့လို့ တစ်ခုပြီးမှပဲ တစ်ခုကိုလုပ်တယ်။ အားတဲ့အချိန်ကတော့ မိသားစုအတွက်ပဲပေါ့။ အဲ့ဒီတော့ အဆင်ပြေပါတယ်။

၁၁။ အစ်မအနေနဲ့ အလုပ်တွေများတဲ့အခါ စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေလျှော့ပါသလဲ။

အစ်မအနေနဲ့ ဘာသာရေးလည်းလုပ်တယ်ပေါ့နော်။ နောက်တစ်ခုက ခုနပြောသလို ခွန်အားဖြစ်စေတဲ့စာတွေ ဖတ်တယ်။ နောက်တစ်ခုက အစ်မ music နားထောင်တယ်။

၁၂။ အစ်မအနှစ်သက်ဆုံး ဘဝဒဿနလေးရှိရင်လည်း ပြောပြပေးပါအုံး။

စေတနာသည် ကံပဲ။

၁၃။ အစ်မလိုပဲ နယ်ပယ်အသီးသီးမှာ ကြိုးစားရပ်တည်နေကြတဲ့ မိန်းမသားတွေအတွက် အားပေးစ ကားလေးတစ်ခွန်းလောက် လက်ဆောင်ပါးပေးပါဦးရှင့်။

ဘာအလုပ်ကိုပဲလုပ်လုပ် စေတနာအပြည့်ထားပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တဲ့ အလုပ်ကိုပဲ ရွေးချယ်ပါ။ ကိုယ့်အလုပ်က ကိုယ်ကြိုက်နှစ်သက်ပြီဆိုလို့ရှိရင်လည်း ဖိဖိစီးစီးလေး ကြိုးစားပါ။ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကို အကျိုးအမြတ် အဓိကမထားဘဲနဲ့ ဘာပြန်ရမလဲဆိုတာထက် ကိုယ်အစွမ်းကုန်ပေးလိုက်ပြီး ကြိုးစားမယ်ဆိုရင်တော့ ကိုယ်ဖြစ်ချင်တာတစ်နေ့ဖြစ်လာမှာပါ။

မှတ်သားစရာတွေအများကြီးပါဝင်နေတဲ့ အစ်မရဲ့ အဖြေလေးတွေကို စာချစ်သူများလည်း နှစ် သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ မေးခွန်းလေးတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ အစ်မ Christina Kyi ကို ဂန္ထဝင်ဝိုင်းတော်သားများအားလုံးက ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။