မုတ်ဆိတ်ထူကြီးကြောင့် အောင်မြင်လာတဲ့မိန်းကလေး ဟာနမ် ကောလ် (Hanaam Kaur)

blank

           ဒီ ဗြိတိန်ကောင်မလေးက အသက် ၁၁ နှစ်အရွယ်မှာ polycystic ovary syndrome ဆိုတဲ့ ရောဂါကြီးကို ခံစားခဲ့ရပါတယ်။ ဒီရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ မျက်နှာနဲ့ ခန္ဓာကိုယ်နေရာ အနှံ့အပြားမှာ အမွေးအမျှင်တွေ အများကြီး ပေါက်လာတာပါပဲ။ အမျိုးသားတွေမှာ မုတ်ဆိတ်မွေးပေါက်သလိုပေါ့။ ဒီကောင်မလေးဟာ သူ့ရဲ့ မုတ်ဆိတ်မွေးတွေကြောင့် လူတောမတိုးဝံ့ဖြစ်ပြီး အမွေးတွေကို ရိတ်တယ်၊ ရိတ်လေလေ ပိုပြီး ထူထဲလေလေ ဖြစ်လာခဲ့ပါတယ်။ သူမနာမည်ကတော့ ဟာနမ် ကောလ် (Harnaam Kaur) ဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ်မှာတော့ သူမဟာ ဆစ်ခ် (Sikhs) ဘာသာထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီဘာသာရဲ့ ပညတ်ချက်တစ်ခုက အမွေးအမျှင်ရိတ်သင်ခြင်းကို တားမြစ်ထားတာပါပဲ။ မျှော်လင့်မထားဘဲ သူမရဲ့ဇာတ်လမ်းဟာ နိုင်ငံတကာအထိပျံ့နှံ့သွားခဲ့ပြီး အဖွဲ့အစည်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ ဒီလိုနဲ့ သူမဟာ ဖက်ရှင်နယ်ပယ်မှာ မော်ဒယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ London Fashion Week မှာ catwalk လျှောက်ရင်း ဝင်ငွေရှာနိုင်လာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ဟာနမ်ဟာ အောင်မြင်လာခဲ့ပြီး Illamasqua Cosmetics ရဲ့ ပင်တိုင်မော်ဒယ်ဖြစ်လာခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်မှာ ဟာနမ်ဟာ မုတ်ဆိတ်မွေးအပြည့်ရှိတဲ့ အသက်အငယ်ဆုံးအမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ ငယ်ရွယ်စဉ်တုန်းက နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံရတဲ့ ကောင်မလေးဟာ အခုတော့ စတားတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နှစ်ပေါင်းများစွာကြာ လှောင်ပြောင်ခံရတဲ့ဘဝက လွတ်လာပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ မော်ဒယ်၊ Instagram Star၊ အလှသစ်ရဲ့ ကိုယ်စားပြုသူအဖြစ် ရပ်တည်နိုင်နေခဲ့ပါပြီ။ သတို့သမီးဝတ်စုံဖက်ရှင်ရိုက်ကွင်းမှာဆိုရင် သူမရဲ့ မုတ်ဆိတ်တွေပေါ်မှာ ပန်းလေးတွေနဲ့အလှဆင်ပြီး ရိုက်ခဲ့ပါတယ်။ ပြီးတော့ အနီရောင်ဆာရီဝတ်ထားတဲ့ သတို့သမီးလေးအနေနဲ့လည်း ရိုက်ခဲ့ပါတယ်။ သူမရဲ့ ဓာတ်ပုံကို လန်ဒန်က Somerset House မှာလုပ်တဲ့ ပြပွဲမှာ ချိတ်ဆွဲထားပါတယ်။

ငယ်ငယ်တုန်းက လှောင်ပြောင်ခံရတဲ့ အတွေ့အကြုံတွေကိုလည်း ပြန်လည်မျှဝေခဲ့ပါတယ်။ “ကျွန်မ ငယ်ငယ်က မုတ်ဆိတ်မွေးတွေနဲ့ ရှက်လို့ဆိုပြီး အိမ်တွင်းအောင်းနေခဲ့တယ်။ ကျွန်မအမေက ကျွန်မကို သူများတွေလှောင်ပြောင်မှာ စိုးရိမ်ပြီး အလှပြင်ဆိုင်ကို ခေါ်သွားခဲ့တယ်။ တကယ်ကို ကြောက်စရာကောင်းတယ် သိလား။ စက္ကူပေါ်မှာ ဖယောင်းတွေသုတ်၊ ကျွန်မမုတ်ဆိတ်တွေကို ကပ်ပြီး ဆွဲခွာကြတာလေ။ ကျွန်မနာလွန်းလို့ အကျယ်ကြီးအော်မိတာ ကျွန်မဘေးခုံမှာ ထိုင်နေတဲ့ အန်တီကြီးတောင် လန့်ပြီး သူဖတ်နေတဲ့ မဂ္ဂဇင်းစာအုပ်ကို လွင့်ပစ်မိတဲ့အထိပါပဲ။ ကျွန်မ အရမ်းငိုခဲ့တယ်။ နောက်ရက်တွေမှာလည်း အနာခံပြီး ထပ်လုပ်ခဲ့တယ်။ ကျွန်မရဲ့ မုတ်ဆိတ်တွေက အရှည်မြန်တာကိုး။ ကျွန်မ ရိတ်လည်းရိတ်တယ်၊ အမွေးလည်း ချွတ်တယ်၊ ပြီးတော့ အပ်ချည်ကြိုးနဲ့တောင် နှုတ်ခဲ့သေးတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။

ဒီနေ့မှာတော့ သူမဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ယုံကြည်မှုနဲ့ လှောင်ပြောင်မှုတွေကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူအဖြစ် ဆောင်ရွက်နေပါတယ်။ အားနည်းချက်တွေကြောင့် ပုန်းကွယ်မနေတော့ဘဲ သူမရဲ့သူငယ်ချင်းတွေ၊ ခရီးသွားခဲ့တဲ့ပုံတွေကို လူမှုကွန်ရက်တွေမှာ တင်ခဲ့တယ်။ သူမဘဝမှာ သူမတစ်ယောက်တည်းအောင်မြင်ဖို့တင်မဟုတ်ဘဲ တခြားသူတွေကိုပါ ဆွဲခေါ်နိုင်ဖို့ ကြိုးစားပါတယ်။

သူမဟာ အမျိုးသမီးတိုင်းကိုတော့ အမွေးမရိတ်ဖို့ တွန်းအားမပေးခဲ့ပါဘူး။ “ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကျွန်မရဲ့ နည်းလမ်းအတိုင်းထားမယ်၊ ကိုယ့်ရဲ့ အမွေးအမျှင်တွေက ကိုယ့်ကို သက်တောင့်သက်သာမဖြစ်စေဘူးဆိုရင် ရိတ်ပါ။ ဒီလိုမဟုတ်ဘဲ မရိတ်ချင်ဘူးဆိုရင်လည်း ဒီတိုင်းသာထားလိုက်ပါ။ ဘာမှမဖြစ်ဘူး။” လို့ ပြောခဲ့ပါသေးတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး အားနည်းချက်ကနေ အားသာချက်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တဲ့ ဟာနမ်ကို သဘောကျလေးစားတယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါနော်။