မိမိထံပြန်ရောက်လာမယ့် စက်ဝိုင်းလေးကို ကောင်းမွန်မှုတွေနဲ့ အစပျိုးထားရအောင်

blank

တစ်ခါက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ ရုံးသွားချိန်မှာ ကားပါကင်မှာ ကားထုတ်ဖို့လာသတဲ့။ သူကားတံခါးကိုဖွင့်ဖို့ကားအနားကိုကပ်လိုက်တဲ့အခါမှာ ကားအောက်ထဲအိပ်နေတဲ့ ခွေးတစ်ကောင်က ဒေါသတကြီးထွက်လာပြီး သူ့ရဲ့ခြေထောက်ကို ကိုက်ပြီး အဝေးကိုထွက်သွားတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူရုံးကိုရောက်တဲ့အခါမှာ အစည်းအဝေးခန်းထဲရောက်ဖို့ စက္ကန့်အနည်းငယ်နောက်ကျပြီးရောက်လာတဲ့ မန်နေဂျာအပေါ် ခွေးကိုက်လို့ထွက်နေတဲ့ ဒေါသတွေအကုန်လုံး ပုံချလိုက်တော့တယ်။ မန်နေဂျာကလည်း အပြစ်သေးသေးလေးကို ဇာချဲ့ပြီး ဆူတဲ့သူဋ္ဌေးကို ကြည့်မရတာနဲ့ သူ့အောက်က ဝန်ထမ်းတွေကို မကျေမနပ်နဲ့ ဒေါသသူပုန်ထတော့တာပေါ့။

အဲဒီကုမ္ပဏီက အောက်ခြေဝန်ထမ်းလေးကတော့ သန့်ရှင်းရေးဝန်ထမ်းကို အမှိုက်လှည်းတာ မပြောင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိဟောက်လိုက်တော့တယ်။ သန့်ရှင်းရေးဝန်ထမ်းလေး အိမ်ရောက်တဲ့အခါ တံခါးဖွင့်ပေးဖို့ကြာနေတဲ့ ဇနီးကို ဒေါကြီးမောကြီးနဲ့ တစ်ချက်ကြည့်လိုက်တယ်။ သူ့ရဲ့ဇနီးက “ရှင်ဒီနေ့နောက်ကျတယ်နော်။ ဘာဖြစ်နေလို့လဲ” လို့ မေးလိုက်တဲ့အခါ “ ငါက ကုမ္ပဏီကိုသွားပြီး ဘောလုံးသွားကန်တာမဟုတ်ဘူး။ ပင်ပန်းပြီးပြန်လာပါတယ်ဆိုမှ မင်းက ပူညံပူညံလုပ်သေးတယ်။ စိတ်ပျက်ဖို့ကောင်းတဲ့ မိန်းမ” ဆိုပြီး အော်လိုက်တော့တယ်။

အကြောင်းမရှိဘဲ အအော်ခံရတဲ့ ဇနီးဟာ အိပ်ခန်းထဲမှာ တီဗွီကြည့်နေတဲ့ သားကို “တစ်နေ့လုံး တီဗွီပဲကြည့်နေတော့တာပဲ။ သွားစမ်း။ စာသွားကြည့်” လို့ ဒေါသတကြီးပြောလိုက်တော့တယ်။ သူမရဲ့သားဟာ တီဗွီကြည့်နေကျအချိန် တီဗွီကြည့်တာကို လာအော်တဲ့မိခင်ကိုကြည့်ပြီး စိတ်တိုတိုနဲ့ အိမ်ပြင်ထွက်လာတော့တယ်။ သူလမ်းထိပ်ကိုရောက်တဲ့အခါမှာတော့ လမ်းဘေးမှာ အမှိုက်တွေကိုဖွနေတဲ့ ခွေးကို ခဲလုံးနဲ့ အသားကုန်ပစ်လိုက်တော့တယ်။

နာကျင်လွန်းလို့ “တ ဂိန် ဂိန်” အော်ပြေးသွားတဲ့ ခွေးဟာမနက်တုန်းက သူဋ္ဌေးကြီးကို ကိုက်ခဲ့တဲ့ခွေးလေးပဲပေါ့။

ဒီပုံပြင်လေးကို ဖတ်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ အပြုအမူတွေဟာ တစ်နေရာတည်းမှာ ရပ်မနေဘဲ လည်ပတ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဆီ တစ်ဖန်ပြန်ရောက်လာမယ့် စက်ဝိုင်းလေးအတွက် ချစ်ခြင်းမေတ္တာတွေ၊ ကောင်းမွန်မှုတွေနဲ့ အစပျိုးထားလိုက်ရအောင်။