အရူးက တမူးသာတယ်ဆိုတာ

blank

             တစ်ခါက စိတ္တဇဆေးရုံကို ကုန်တွေနေ့စဉ်ပို့ပေးရတဲ့ ကုန်တင်ကားအမောင်းဆရာတစ်ယောက်ရှိတယ်တဲ့။ တစ်နေ့မှာတော့ သူဟာ ကားကို ရေမြောင်းတစ်ခုနားကို ရပ်ထားပြီး ထုံးစံအတိုင်း စိတ္တဇဆေးရုံထဲကို ပစ္စည်းတွေချဖို့ ဝင်သွားတော့တယ်။ ပစ္စည်းတွေချပေးပြီးပြန်တဲ့အချိန်မှာ ကားကိုကြည့်မိလိုက်တဲ့အခါ အနောက်ဘီးတစ်ခု လေပြားနေတာကိုတွေ့လိုက်ရတယ်။ ပြားချပ်နေတဲ့ ဘီးလုံးကိုကြည့်ပြီး ပေါက်နေတယ်ဆိုတာကိုလည်း သဘောပေါက်လိုက်တာပေါ့။ မှောင်ရိပ်ကလည်း သမ်းနေပြီဆိုတော့ ဘီးအပိုကို မြန်မြန်ထုတ်ပြီး ကားဘီးလဲဖို့ပြင်ရတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကားဆရာက ကားဘီးတွေလဲပြီး ပြန်တပ်မယ်ပြင်တဲ့အခါမှာ ဖြုတ်ထားတဲ့နပ်တိုင်လေးခုဟာ မြောင်းထဲကိုကျသွားတော့တယ်။ ရေမြောင်းထဲကျသွားတဲ့ နပ်တွေကိုရှာဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာထက် ခက်ခဲတာကြောင့် သူ့ခမျာ လက်မှိုင်ကျပြီး စိတ်ညစ်နေတော့တာပေါ့။

အဲဒီအချိန်မှာ သူ့ဘေးကနေ စိတ္တဇဝေဒနာရှင်တစ်ယောက်ဖြတ်သွားတော့တယ်။ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကားဆရာကြီးကိုကြည့်ပြီး သူက “ဘာဖြစ်တာလဲ” လို့မေးတော့တာပေါ့။ ကားဆရာကြီးဟာ စိတ်ညစ်ညစ်နဲ့ဖြစ်ကြောင်း ကုန်စင်ကိုပြောပြပြီး စိတ္တဇဝေဒနာရှင်ကို “သူကများ ဘာကူညီနိုင်တာမှတ်လို့” ဆိုတဲ့အကြည့်နဲ့ ကြည့်နေလိုက်တော့တယ်။

သူ့စကားကိုဆုံးတဲ့အခါ စိတ္တဇဝေဒနာရှင်က အားရပါးရရယ်လိုက်သတဲ့။ “တုံးလိုက်တာ ကားဆရာရယ်။ ဒါကြောင့်ခင်ဗျား တစ်သက်လုံးကားမောင်းတဲ့ ဘဝက မတက်တာ” လို့ပြောတော့ ကားဆရာအနေနဲ့ ဒေါသထွက်သွားတာပေါ့။ “အရူးကများ ရာရာစစ” လို့ တွေးမိပြီး ဆွဲထိုးချင်တဲ့ စိတ်ကိုမနည်းထိန်းထားရတော့တယ်။ “မင်းကအဲ့ဒီလောက်တော်နေရင် နတ်တိုင်တွေကို ဘယ်လိုပြန်ယူရမလဲ မင်းသိရင် ပြောပြကွာ” လို့ စိတ္တဇဝေဒနာရှင်ကို စိန်ခေါ်ပြီးမေးလိုက်တော့တယ်။

“ကားဆရာရေ… ခင်ဗျားဆီမှာ တာယာနောက်ထပ် သုံးလုံးရှိသေတယ်လေဗျာ။ အဲဒီ သုံးလုံးကနေ နပ်တိုင်တစ်ခုဆီဖြုတ်။ ပြီးရင် ဒီတာယာမှာ တပ်လိုက်ပေါ့ဗျ။ ပြီးရင်အနီးဆုံးဝပ်ရှော့ကို ဖြည်းဖြည်းမောင်းသွား။ အဲဒီမှာတာယာတစ်ခုချင်းစီက နပ်တိုင်တစ်ခုစီကို တပ်လိုက်ပေါ့ဗျာ။ လွယ်လွယ်လေးကို” လို့ပြောလိုက်သတဲ့။

စိတ္တဇဝေဒနာရှင်ကြီးရဲ့ စကားဆုံးတဲ့အခါ ကားဆရာကြီးက သူ့နဖူးသူရိုက်ပြီး “ဟုတ်သားပဲ။ ငါဘာလို့ အဲဒီလိုမတွေးမိတာပါလိမ့်” လို့ ပြောမိတော့တယ်။ ပြီးတော့ “မင်းက ဒီလောက်ဉာဏ်ကောင်းရက်နဲ့ စိတ္တဇဆေးရုံရောက်နေတာလဲ” လို့ မေးလိုက်တာပေါ့။ အဲဒီအခါမှာ စိတ္တဇဝေဒနာရှင်က သူ့ကို ပြုံးကြည့်ပြီး “ကျုပ်က ရူးသာရူးနေတာပါ။ မတုံးသေးပါဘူး” လို့ပြောပြီး ထွက်သွားတော့တယ်။

ကားဆရာကတော့ ရယ်ရမလို ငိုရမလိုနဲ့ ကျန်ခဲ့တော့တယ်။