မိဘကို အသက်ရှင်စဉ် တန်ဖိုးထားခြင်းဖြင့် အချိန်လွန်နောင်တတွေကို ရှောင်ရှားပါ။

blank

ကျွန်မမွေးရပ်မြေ ကနေ အဆောင်ကိုပြန်တော့ ဖေဖေကားဂိတ်ကိုလိုက်ပို့ပေးတယ်။ အိမ်မှာအမှာစကားတွေတသီကြီး ပြောပြီးတာတောင် အားမရဘဲ ကားဂိတ်ရောက်တဲ့အထိ အမှာစကားတွေခြွေနေတုန်း။

“ထမင်းအချိန်မှန်စားနော်။ အအေးမပတ်အောင်နေ၊ ညဖက်တွေမှာ အဆောင်ကနေ လျှောက်သွားမနေနဲ့နော်” စတဲ့ စကားတွေက ကျွန်မကို အသက်ရှူကြပ်စေတယ်။

“ဟုတ်ကဲ့ပါ ဖေဖေရာ။ သမီးက ကလေးမဟုတ်တော့ပါဘူး။ အဲ့ဒီလောက်မှာစရာမလိုပါဘူး” လို့ စိတ်မရှည်စွာ ပြန်ပြောမိတယ်။

“အေးပါကွာ… ဖေ့သမီး လူကြီးဖြစ်နေပြီဆိုတာ ဖေဖေသိပါတယ်။ မန်နေဂျာကြီးရေ…. ကဲ..ကဲ… ကားပေါ်တက်တော့။ ရောက်ရင်ဖေဖေ့ကို ဖုန်းဆက်ဦး”  ကျွန်မစိတ်ထဲမှာ စုတ်တစ်ချက်သက်မိပြီး   “ဟုတ်ကဲ့ပါ ဖေဖေရာ” လို့ပဲ ပြီးစလွယ်ဖြေမိတယ်။

ကျွန်မကားဂိတ်ကနေ အဆောင်ရောက်တော့ အထုပ်ကိုအပြန်ပစ်ချပြီး ကုတင်ပေါ်မှာ အားရပါးရအိပ်ချပစ်လိုက်တယ်။ ခရီးပန်းတဲ့ဒဏ်ကြောင့် ခဏလေးနဲ့ အိပ်ပျော်သွားတော့တယ်။ ကျွန်မအိပ်ယာက နှိုးလာတော့ နေတောင်တော်တော်စောင်းနေပြီ။ ရေမိုးချိုး၊ အဝတ်အစားလဲပြီး ညစာထွက်စားဖို့ သူငယ်ချင်းတွေကို ဖုန်းဆက်ဖို့ ဖုန်းကိုင်တော့မှ ဖေဖေ့ဆီက missed call တွေ၊ မက်ဆေ့ဂ်ျတွေ တသီကြီး တွေ့လိုက်တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“သမီးရောက်ပြီလား။ ဖေဖေက ဖုန်းမျှော်နေတာ။ ဖေဖေ့ဆီဖုန်းဆက်ပါ။ သမီးဖုန်းမဆက်တော့ စိတ်ပူနေတာ” စတဲ့ မက်ဆေ့ဂ်ျတွေကြည့်ပြီး စိတ်ညစ်သွားတယ်။ ဒီခရီးနဲ့ ဒီခရီး ဘာများဖြစ်တာကျနေတာပဲ။ စိတ်မရှည်စွာနဲ့ပဲ “သမီးရောက်ပြီ ဖေဖေ။ နောက်မှဖုန်းဆက်မယ်” လို့ စာတိုလေး ပို့ထားပြီး သူငယ်ချင်းတွေဆီဖုန်းဆက်လိုက်တယ်။

ဖေဖေတစ်ယောက်ဟာလေ စိတ်ပျက်ဖို့ကောင်းတာ။ မေမေရှိတုန်းက အဲဒီလောက်မဆိုးပါဘူး။ မေမေဆုံးပြီးတဲ့နောက်ပိုင်း ဖုန်းတွေတဂွမ်ဂွမ်ဆက်ပြီး ကျွန်မကို ဟိုဟာမှာ၊ ဒီဟာမှာနဲ့ ကလေးကျနေတာပဲ။ ဖေ့စ်ဘုတ်မှာလည်း ကျွန်မတင်ထားသမျှတွေမှာ comment ပေးတတ်လွန်းလို့ အကောင့်အသစ်တစ်ခုဖွင့် ဖေဖေ့ကို ဘလော့လုပ်ပြီး သုံးနေရတဲ့အဖြစ်။

“အိမ်ဘယ်တော့ပြန်လာမှလဲ” လို့ ဖုန်းဆက်ဆက်ပြီး မေးရတာနဲ့။ အလုပ်မအားရတဲ့အထဲ ဗျစ်တောက်ဗျစ်တောက်ကို နားထောင်ရတာ သိပ်စိတ်ကုန်ဖို့ ကောင်းတာပဲ။

တစ်ခါတလေမှာတော့ ဖေဖေ့ မက်ဆေ့ဂ်ျတွေကို မမြင်ယောင်ဆောင်မိတယ်။ ဖုန်းတွေကိုလည်း ကိုင်ချင်မှကိုင်တော့တယ်။ “ဖေဖေသမီးမအားလို့ နောက်မှပြန်ခေါ်မယ်။ သမီးအရမ်းပင်ပန်းနေလို့ အိပ်တော့မယ်နော်၊ မနက် presentation အတွက် စာတွေဖတ်စရာရှိသေးတယ်” စတဲ့ဆင်ခြေတွေပေးပြီး ဖုန်းမြန်မြန်ချပစ်ရတယ်။

တနင်္ဂနွေတစ်ရက်မှာတော့ ထုံးစံအတိုင်း ဖေဖေ့ဖုန်းဝင်လာတယ်။ အားရက်ကလေးမှာ ဆုံးမစကားတွေ နားထောင်မနေချင်တာနဲ့ ဖုန်းကိုအသံပိတ်ပြီး ဝေးဝေးမှာသွားထားပစ်လိုက်တယ်။ ညနေမှဖုန်းပြန်ခေါ်တော့မယ်လို့ စိတ်ကူးပြီး ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်လိုက်တယ်။ တနေကုန်အေးဆေးနား၊ အိပ်ရေးဝဝအိပ်ပြီး ဖုန်းကိုကိုင်တော့ ဖေဖေ့ဆီက missed calls 15 ခုကိုတွေ့တယ်။

တွေ့လား.. ဖေဖေဆိုတာလေ။ ဖုန်းကိုမရမကခေါ်တာပဲကြည့်။ မကိုင်မချင်းရအောင်ဆက်မယ်ဆိုပြီး ဇွဲနဘဲနဲ့ ခေါ်ထားပုံပဲ။ ကျွန်မလည်း ဘာကြောင့်ဖုန်းတွေဆက်တိုက်ခေါ်ရတာလဲဆိုတာကို မေးဖို့  ဖေဖေ့ဖုန်းကို ပြန်ခေါ်လိုက်တယ်။ သူများဖုန်းကို တရစပ်ခေါ်ထားပြီး ဖုန်း ချက်ခြင်းမကိုင်တဲ့အတွက် စိတ်ကောက်ချင်သွားတယ်။ တစ်ခါနှစ်ခါ ခေါ်ကြည့်ပြီး မကိုင်တော့ ကျွန်မစိတ်ပူလာတယ်။ တစ်ယောက်တည်းအိမ်မှာနေတဲ့  ဖေဖေက ဖုန်းကို ကိုယ်နဲ့မကွာဆောင်ထားတတ်တာ ကျွန်မသိတယ်။ ဖေဖေတစ်ခုခုများဖြစ်တာလားဆိုတဲ့ အတွေးနဲ့ ကျွန်မရင်တွေပူလာတယ်။  ခဏနေတော့ ဖုန်းပြန်ဝင်လာပေမဲ့ ဖုန်းဆက်တဲ့သူက အဖေမဟုတ်တော့ဘူး။

“ သမီး… ဦးက သမီးတို့အိမ်ဘေးက ဦးထွန်းပါ။ သမီးအဖေ မနက်ကပဲ ဆုံးသွားတယ် သမီးရေ…။ ရုတ်တရက် နှလုံးခုန်ရပ်ပြီး ဆုံးသွားတာသမီးရဲ့။ သမီးကို ဦးမနက်ကတည်းက ဖုန်းခေါ်ဖို့ကြိုးစားနေတာ”

ကျွန်မလေ… ဦးထွန်းပြောတဲ့ စကားတွေကို ဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့ဘူး……………….

အခုဆိုရင် မွေးရပ်မြေကို ပြန်လာဖို့ တကျီကျီပူဆာနေတဲ့အဖေ မရှိတော့ဘူး။

ကျွန်မဖုန်းကို တဂွမ်ဂွမ်မြည်တဲ့ဖုန်းတွေလည်း မရှိတော့ဘူး။

အရင်တုန်းက စိတ်ရှုပ်မိခဲ့တဲ့ မက်ဆေ့ဂ်ျလေးတွေကို ကျွန်မလွမ်းဆွတ်နေမိတယ်။

ဒါပေမဲ့လည်း……………………………………………………….

သေမင်းဆိုတာ ကျွန်မတို့ ချစ်ရသူတွေကို ခေါ်သွားပြီးရင် ပြန်တွေ့ခွင့် တစ်သက်လုံး မပေးတော့ ဘူးလေ။

ချစ်ရသူတွေအတွက် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါဦး။