မတွေးထားခဲ့သော ရှုထောင့်များ၏ အခြားတစ်ဖက်၌

blank

စာသင်ခန်းလေးတစ်ခုမှာပေါ့။ ဆရာမက ဖိုးသားဆိုတဲ့ ၆နှစ်အရွယ်ကျောင်းသားလေးကို သင်္ချာသင်ပေးနေပါတယ်။

“ဆရာမက ဖိုးသားကို ပန်းသီးတစ်လုံးပေးမယ်၊ ပြီးတော့ နောက်တစ်လုံးထပ်ပေးမယ်၊ ပြီးတော့ နောက်တစ်လုံးထပ်ပေးမယ်။ ဒါဆိုရင် ဖိုးသားဆီမှာ ပန်းသီး ဘယ်နှလုံးရှိမှာလဲ” လို့ မေးလိုက်တယ်။

ဖိုးသားလေးက အနည်းငယ်စဉ်းစားပြီး “လေးလုံးရှိမှာပါ ဆရာမ” လို့ ယုံကြည်မှုအပြည့်နဲ့ ဖြေလိုက်တယ်။

ဆရာမက ဒီလောက်လွယ်တဲ့ မေးခွန်းလေးကို ဖိုးသားလေးဖြေနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပုံရပါတယ်။ ဒီလောက်လွယ်တဲ့ မေးခွန်းလေးကိုတောင် မဖြေနိုင်တာ စာသင်တုန်း ကောင်းကောင်းလိုက်နားမထောင်လို့နေမှာဆိုပြီး ဖိုးသားလေးကို စိတ်ပျက်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း ကလေးကို သေသေချာချာသင်ပေးချင်တာကြောင့် နောက်တစ်ခေါက်ထပ်မေးခဲ့တယ်။

“ဖိုးသား… ဆရာမ ပြန်မေးမယ်၊ သေသေချာချာနားထောင်နော်။ ဖိုးသားကို ပန်းသီးတစ်လုံးပေးမယ်၊ ပြီးတော့ နောက်တစ်လုံးထပ်ပေးမယ်၊ ပြီးတော့ နောက်တစ်လုံးထပ်ပေးမယ်။ ဒါဆိုရင် ဖိုးသားဆီမှာ ပန်းသီး ဘယ်နှလုံးရှိမှာလဲ”

ဆရာမရဲ့ မျက်နှာပေါ်က စိတ်ပျက်နေတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတဲ့ ဖိုးသားလေးဟာ သူ့လက်လေးတွေကို ထောင်ပြီး တစ်ချောင်းချင်းသေချာပြန်ပေါင်းခဲ့ပါတယ်။ ဒါပေမဲ့ ဖိုးသားလေးရဲ့ စိတ်ထဲမှာတော့ သူ့ဆရာမကို စိတ်ကျေနပ်စေမယ့်အဖြေကိုရှာရမယ်ဆိုတဲ့ အတွေးတွေ ရှိနေခဲ့ပါတယ်။ သူတွက်ထားတဲ့ အဖြေမှန်မဟုတ်ရင်တောင် ဆရာမကြိုက်လောက်မယ့်အဖြေပေါ့။

ဒီတစ်ခေါက်မှာတော့ ဆရာမရဲ့ အမေးကို ဖိုးသားလေးက တွန့်ဆုတ်ဆုတ်နဲ့ ဖြေလိုက်တယ်။

“၄ လုံးပါ ဆရာမ”

ဆရာမ တကယ်စိတ်ညစ်ရပါပြီ။ ဖိုးသားလေးကို ဒီလိုလွယ်တဲ့သင်္ချာကို ဘယ်လိုရအောင် သင်ပေးရလဲဆိုပြီး ဆရာမရဲ့ စိတ်ထဲမှာ အတွေးတွေများရပါပြီ။ အဲဒီအချိန်မှာ ဆရာမက ဖိုးသားလေးစတော်ဘယ်ရီကြိုက်တာကို သွားပြီးသတိရခဲ့တယ်။ ပြီးတော့ ဖိုးသားလေးက ပန်းသီးမကြိုက်တာကြောင့် သင်္ချာကို အာရုံစိုက်ပြီး မတွက်နိုင်တာလို့လည်း ထင်ခဲ့တယ်။ ချက်ချင်းဆိုသလိုပဲ ဆရာမအကြံရသွားပြီး

“ဖိုးသားရေ… သားကို ဆရာမက စတော်ဘယ်ရီသီးတစ်လုံးပေးမယ်၊ ပြီးတော့ နောက်တစ်လုံးထပ်ပေးမယ်၊ ပြီးတော့ နောက်တစ်လုံးထပ်ပေးမယ်။ ဒါဆိုရင် ဖိုးသားဆီမှာ စတော်ဘယ်ရီသီး ဘယ်နှလုံးရှိမှာလဲ”

မေးခွန်းအဆုံးမှာ ဆရာမရဲ့ အပြုံးကို မြင်လိုက်ရတဲ့ ဖိုးသားလေးက သူ့လက်ချောင်းလေးတွေကို တစ်ချောင်းပြီးတစ်ချောင်းချိုးရင်း တွက်ချက်နေခဲ့ပါတယ်။ ဖိုးသားလေးရဲ့ စိတ်မှာ ဘာဖိအားမှ မရှိတော့ပေမဲ့ ဆရာမမှာတော့ ရှိနေခဲ့ပါတယ်။ သူသုံးလိုက်တဲ့ နည်းလမ်းအသစ်၊ မေးခွန်းအသစ်က အသုံးဝင်ပါ့မလားလို့ပေါ့။

စက္ကန့်အနည်းငယ်အကြာမှာတော့ ဖိုးသားလေးက အားရဝမ်းသာစွာနဲ့ “၃ လုံးပါ ဆရာမ” လို့ ဖြေခဲ့ပါတယ်။

ဖိုးသားလေးရဲ့ အဖြေမှန်ကို ကြားလိုက်တဲ့အခါ ဆရာမက အောင်နိုင်သူအပြုံးနဲ့ ကျေနပ်နေပါတယ်။ သူမရဲ့ နည်းလမ်းမှန်တယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ပန်းသီးကိစ္စကိုတော့ မကျေနပ်နိုင်သေးပါဘူး ဒါကြောင့် ဖိုးသားလေးကို ပြန်မေးလိုက်တယ်။

“ကဲ… ဖိုးသားရေ။ ဆရာ အခုသားလေးကို ပန်းသီးတစ်လုံးပေးမယ်၊ ပြီးတော့ နောက်တစ်လုံးထပ်ပေးမယ်၊ ပြီးတော့ နောက်တစ်လုံးထပ်ပေးမယ်။ ဒါဆိုရင် ဖိုးသားဆီမှာ ပန်းသီး ဘယ်နှလုံးရှိမှာလဲ” ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဖိုးသားလေးက “၄ လုံး” လို့ပဲ ပြန်ဖြေခဲ့ပါတယ်။

ဆရာမက စိတ်ပျက်တဲ့ အမူအရာနဲ့

“ဘယ်လိုလုပ်ပြီး ၄ လုံးဖြစ်သွားရပြန်တာတုန်း၊ ခုနကကျ မှန်ပြီးတော့ အခုကျမှားပြန်ပြီ ဒါလောက်လေးတောင် မသိတော့ဘူးလား… ဟမ်” ဆိုပြီး ခပ်ငေါက်ငေါက်ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ဖိုးသားလေးက ကြောက်ရွံ့တွန့်ဆုတ်တဲ့အမူအရာနဲ့

“ဘာလို့လဲဆိုတော့ သားရဲ့ အိတ်ထဲမှာ ပန်းသီးတစ်လုံးရှိနေလို့ပါ” လို့ တိုးတိုးလေး ပြန်ဖြေခဲ့ပါတယ်။

ကျွန်မ ဒီပုံပြင်လေးကို သိပ်ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ စကားလုံးတွေရဲ့ စွမ်းအားကို ဖော်ပြနေလို့ပါ။ ဆရာမက ဘယ်လိုပဲ မှားတယ်ပြောနေပါစေ… သူယုံကြည်တဲ့အမှန်တရားကိုပဲ ပြောသွားတာဟာ ကလေးတွေရဲ့ ရိုးသားမှုမဟုတ်လား။

နောက်ပြီး သင်ခန်းစာတစ်ခုရလိုက်တာက

“တစ်စုံတစ်ယောက်ဟာ သင်မျှော်လင့်ထားတဲ့အဖြေနဲ့ မတူတဲ့အဖြေကိုပေးနေတယ်ဆိုတိုင်း သူ့ကိုမှားနေတယ်လို့ ပြောလို့မရပါဘူး။ ကိုယ်ထင်မထားတဲ့ ရှုထောင့်တွေ၊ အခြေအနေတွေ ရှိနေတတ်ပါတယ်” ဆိုတာပါပဲ။

ဒီစာစောင်လေးကနေ အသိအမြင်တစ်ခုခုရလိုက်တယ်ဆိုရင် မိတ်ဆွေတွေအတွက် SHARE ပေးလိုက်ပါနော်။