အလိုကြီးရင် အရနည်းတတ်ကြောင်း ပြသသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်

blank

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ကတ်စေးနည်းပြီး သဘောထားသေးသိမ်လွန်းတဲ့ လူချမ်းသာကြီးတစ်ယောက်ရှိတယ်။ ဗလဆိုတဲ့နာမည်နဲ့ ဆန့်ကျင်ဖက်ပိန်လှီလှီခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဦးဗလရဲ့ စူးရှလွန်းတဲ့ မျက်ပေါက်ကျဉ်းကျဉ်းတွေက ဘယ်သူတွေကို ကွက်ကျော်ရိုက်ပြီး ဘယ်လိုစီးပွားဖြစ်အောင်လုပ်ရမလဲဆိုတာကို အမြဲတမ်းတွေးတောနေတတ်သတဲ့။

တစ်ရက်မှာတော့ ဦးဗလအိမ်က ရွှေဒင်္ဂါး (၅ဝ) ပြားထည့်ထားတဲ့ ရွှေအိတ်တစ်အိတ်ပျောက်သွားသတဲ့။ တစ်ပြားကိုနှစ်ပြားရအောင်ခွာတတ်တဲ့ ဦးဗလအတွက်တော့ ကမ္ဘာပျက်စရာ အဖြစ်အပျက်ပဲပေါ့။  အိမ်တစ်အိမ်လုံးကိုမြေလှန်ပြီးရှာ၊ တစ်ရွာကိုလုံး ပိုက်စိပ်တိုက်ရှာပေမဲ့ ရွှေအိတ်ကြီးကတော့ အစအနတောင်ရှာမရဘူးပေါ့။ နောက်ဆုံးမှာတော့ တစ်ရွာလုံးကို ရွှေအိတ်ရှာတွေ့ရင် သူ့ကိုအကြောင်းကြားဖို့ ကြေငြာထားပြီး အခြေအနေထိုင်စောင့်နေရတော့တာပေါ့။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုနဲ့ရွှေအိတ်ပျောက်ပြီး နှစ်ရက်အကြာမှာ အလုပ်သမားတန်းလျားက အလုပ်သမားတစ်ယောက်ရဲ့ ဆယ်နှစ်အရွယ်သမီးဟာ နောက်ဖေးက သစ်ပင်တွေကြားထဲမှာ အထုပ်တစ်ထုပ်ကိုတွေ့သတဲ့။ ဘာအထုပ်များဖြစ်နေမလဲလို့ စူးစမ်းကြည့်လိုက်တဲ့အခါ ရွှေဒင်္ဂါးပြား (၅ဝ) ကိုတွေ့သတဲ့။ သူမဟာချက်ခြင်းဆိုသလိုပဲ သူမဖခင်ကိုခေါ်ပြီး ရွှေအိတ်အကြောင်းကို ပြောပြလိုက်တာပေါ့။ သူမဖခင်က ဝမ်းသာအားရပဲ သူဋ္ဌေးကြီးဆီပြန်သွားပေးဖို့ ပြင်တော့တာပေါ့။ အဲဒီအချိန်မှာ သမီးဖြစ်သူက သူဋ္ဌေးကြီးအတွက် ဒီဒင်္ဂါး(၅ဝ) ပြားမရှိတာက ဘာမှမထူးခြားပေမဲ့ သူမတို့သားအဖအတွက်တော့ ရွှေဒင်္ဂါး(၅ဝ) ပြားဟာ ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်မှာဖြစ်တာကြောင့် အဲဒီရွှေအိတ်ကိုယူပြီး ထွက်သွားဖို့ပြောတာပေါ့။ အဲဒီအချိန်မှာ အလုပ်သမားကြီးက ဆင်းရဲပေမဲ့ သူ့တန်ဖိုးထားရာဖြစ်တဲ့ ရိုးသားမှုကိုရွှေနဲ့မလဲလှယ်နိုင်ကြောင်း၊ စိတ်သောကရောက်နေတဲ့ ထမင်းရှင်သူဋ္ဌေးကြီးကို သစ္စာမဖောက်နိုင်တဲ့အကြောင်းပြောပြီး ရွှေထုပ်ကြီးကို မပြီး သူဋ္ဌေးကြီးဆီသွားတော့တယ်။

စိတ်သဘောထားသိမ်ဖျင်းတဲ့ သူဋ္ဌေးကြီးဟာရွှေထုပ်ပြန်လာပေးတဲ့ အလုပ်သမားကြီးကို ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့အပြင် ဒင်္ဂါးပြား (၇၅) ပြားထည့်ထားတဲ့အကြောင်းပြောပြီး ကျန်(၂၅) ပြားကို ခိုးရကောင်းလားဆိုပြီး စွပ်စွဲသတဲ့။ အလုပ်သမားကြီးကလည်း သူရတဲ့ရွှေအိတ်ကို တွေ့တဲ့အတိုင်းပဲ လာပေးကြောင်း ရှင်းပြပေမဲ့ ဦးဗလကတော့ ဘယ်လိုမှလက်မခံဘူးပေါ့။ ကြံရမရတော့တဲ့ အလုပ်သမားကြီးဟာ ရွာသူကြီးဆီကိုသာ အဆုံးအဖြတ်ခံယူဖို့ သွားကြဖို့ တောင်းပန်လိုက်တော့တယ်။

လောဘစိတ်တွေမွှန်နေတဲ့ သူဋ္ဌေးကြီးဟာ အလုပ်သမားကြီးကို ဒေါသတကြီးနဲ့ခေါ်ပြီး သူကြီးမင်းဆီလာခဲ့တာပေါ့။ သူကြီးဆီကိုရောက်တဲ့အခါ နှစ်ဖက်စလုံးကပြောတာကို နားထောင်ပြီးတဲ့ အခါ အလုပ်သမားကြီးရဲ့ သမီးဖြစ်သူကိုခေါ်ပြီး “သမီး.. ဒီရွှေအိတ်ကို ရခဲ့တုန်းက ရွှေဒင်္ဂါး ဘယ်နှစ်ပြားပါလဲ” လို့မေးသတဲ့။ ကောင်မလေးက မဆိုင်းမတွဆိုသလိုပဲ “ ပြား (၅ဝ) ပါ သူကြီးမင်း။ ကျွန်မအဖေ့ကိုခေါ်ပြီး မပြခင်မှာ သေသေချာချာရေကြည့်လိုက်ပါတယ်” လို့ဖြေလိုက်ပါတယ်။ အဲဒီနောက်မှာ သူကြီးက “ဦးဗလကကော ဒင်္ဂါး(၇၅) ပြားဆိုတာ သေချာလား” လို့မေးသတဲ့။ ဦးဗလကလည်း သေချာပါတယ်။ သူတို့ကျွန်ုပ်ရဲ့ ဒင်္ဂါးတွေကို ခိုးထားတာပြန်တောင်းပေးပါ” လို့ ပြောလိုက်တယ်။ အဲဒီအခါမှာ သူကြီးက “ အားလုံးကြားကြတဲ့အတိုင်းပဲ။ ဦးဗလက သူပျောက်သွားတဲ့ရွှေဒင်္ဂါးက ၇၅ ပြားလို့ပြောတယ်။ ဒီကမိန်းကလေးကလည်း ဖြူစင်တဲ့ကလေးတစ်ယောက်ဆိုတော့ လိမ်ညာမှာမဟုတ်ဘူးဆိုတာ ကျွန်ုပ်ယုံတယ်။ ဒါကြောင့် ကျွန်ုပ်အနေနဲ့ ဒီရွှေထုပ်က ဦးဗလရဲ့ ရွှေထုပ်မဟုတ်ဘူးဆိုတာ သုံးသပ်မိတယ်။ ဦးဗလအနေနဲ့ ရွှေထုပ်ကိုဆက်ရှာပါ။ ပိုင်ရှင်မဲ့တဲ့ဒီရွှေထုပ်ကိုတော့ ရွှာရဲ့ ဘဏ္ဍာအဖြစ်တစ်ဝက်သိမ်းပြီး ကျန်တဲ့တစ်ဝက်ကိုတော့ တွေ့ရှိသူကိုဆုငွေအဖြစ်ပေးလိုက်တော့မယ်။ လျော်ကန်သင့်မြတ်ရဲ့လား” လို့ ပရိသတ်ဆီကိုမေးလိုက်သတဲ့။

လူတွေကလည်း ဝမ်းသာအားရပဲ  သူကြီးပြောတာကို ထောက်ခံတာပေါ့။ တကယ်တော့ သူကြီးမင်းဟာ ရွှေထုပ်ပျောက်တုန်းက ရွှေဒင်္ဂါး ပြား (၅ဝ) ပါတယ်လို့ တိုင်ချက်ဖွင့်ထားခဲ့ပြီး တကယ်ပြန်တွေ့ချိန်မှာ လောဘစိတ်တွေမွှန်ပြီး ကိုယ်တိုင်ပြောထားတာတွေကို မေ့သွားတဲ့ သူဋ္ဌေးကြီးကို ပညာပေးချင်တာကြောင့် အဲဒီလိုဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်ပါတယ်။