ကိုယ့်ဘဝရဲ့အလှဆိုတာ ကိုယ့်တန်ဖိုးထားမြတ်နိုးမှုအပေါ်မှာ မူတည်နေတာပါ။

blank
စာချစ်သူတို့ရေ…

တစ်ခါတုန်းက ပျော်ရွှင်နေတဲ့ကျီးကန်းလေးတစ်ကောင်ရှိပါတယ်။ ဒါပေမဲ့ သူဟာ တောတွင်း တစ်နေရာကို အလည်အပတ်သွားရင်း လှပစွာကနေတဲ့ ဒေါင်းပျိုငှက်လေးတစ်ကောင်ကို မြင်လိုက်ရ ချိန်မှာတော့ မပျော်ရွှင်နိုင်တော့ပါဘူး။ ပျော်ရွှင်မှုအစား မနာလိုစိတ်တွေဝင်ပြီး ဒေါင်းငှက်လေးလို လှပပျော်ရွှင်တဲ့ဘဝမျိုးကို လိုချင်စိတ်ပြင်းပြလာပါတော့တယ်။ သူ့ကိုယ်သူ ဒေါင်းငှက်ရဲ့ အလှအပနဲ့ နှိုင်းယှဉ်ပြီး ရောင့်ရဲကျေနပ်မှုလည်း မရှိတော့ပါဘူး။

ဒါနဲ့… ကျီးကန်းဟာ ဒီလိုအကြံရပါတယ်။

“ ဒီနေ့ကစပြီး ဒေါင်းကနေတာကို ငါအမြဲစောင့်ကြည့်နေမယ်။ ကနေရင်းနဲ့ သူ့အမွှေးအတောင် တွေ ကျွတ်သွားတဲ့အခါ ကောက်သိမ်းထားမယ်။ အများကြီးရလာရင် ငါ့အမြီးမှာတပ်လိုက်မယ်။ ဒါဆို ရင် ငါလည်း သူ့လိုပဲ လှပတဲ့ဒေါင်းတစ်ကောင်ဖြစ်သွားမှာပဲ”

အဲ့ဒီနောက်တော့ ကျီးကန်းဟာ သူ့အကြံနဲ့သူ ဒေါင်းသွားရာနောက်ကို တကောက်ကောက် လိုက်ပြီး ကြွေကျသမျှ အမွှေးအတောင်တိုင်းကို ကောက်ယူပါတော့တယ်။ ကောက်ယူစုထားတာတွေ လုံလောက်သွားတဲ့တစ်နေ့မှာ ကျီးကန်းဟာ ဒေါင်းရဲ့အမွှေးအတောင်တွေကို သူ့ကိုယ်မှာတပ်ဆင် လိုက်ပါတော့တယ်။

နောက်ဆုံးမှာတော့ သူဟာ ဒေါင်းလိုပဲ ပျော်ရွှင်ပြီး လှပတဲ့ဒေါင်းငှက်တစ်ကောင် ဖြစ်နိုင်ခဲ့ ပါပြီ။ နောက်တစ်နေ့မှာ ကျီးကန်းဟာ ဒေါင်းကို ထပ်မံရှာဖွေဖို့ သွားခဲ့တယ်။ သူက တိတ်ဆိတ်စွာ ချဉ်းကပ်သွားတဲ့အခါမှာ တခြားသော ဒေါင်းငှက်တွေကိုပါ အုပ်စုလိုက်ကြီးတွေ့လိုက်ပါတော့တယ်။ သူက ပိုတောင်မနာလိုဖြစ်သွားပါတော့တယ်။ ဒါကြောင့် သူ့ရဲ့အမွှေးအတောင်အသစ်တွေကို ဖြန့်ပြီး  အဲ့ဒီကနေတဲ့ဒေါင်းငှက်အုပ်စုကြားထဲ တိုးဝင်လိုက်တယ်။ ဒေါင်းငှက်တွေဟာ ချက်ချင်းပဲ ဒေါင်းအတု ကို သတိထားမိသွားကြပြီး ကနေတာကို ရပ်လိုက်ကြပါတယ်။

ပြီးတော့ “ နေစမ်းပါဦး ခင်ဗျားက ဘာလို့ ဒီကိုလာပြီး ဒေါင်းယောင်ဆောင်နေရတာလဲ” လို့ ဝိုင်းမေးကြတယ်။

ကျီးကန်းကလည်း “ ခင်ဗျားတို့က သိပ်လှပြီး ပျော်ရွှင်နေကြတော့ ကျွန်တော်လည်း ခင်ဗျား တို့လို ဖြစ်ချင်တာပေါ့” လို့ မကျေမနပ်ပြန်ဖြေတယ်။ ဒေါင်းတွေက ပြုံးကြတယ်။

“ တကယ်တော့ ကျွန်တော်တို့အားလုံးမှာ ထူးချွန်တဲ့ကိုယ်ပိုင်အရည်အသွေးတွေ ရှိကြပါတယ် ကိုကျီးကန်း။ ခင်ဗျားကလည်း ကျွန်တော်တို့နဲ့အမျိုးမတူပေမဲ့ ခင်ဗျားပိုင်ဆိုင်ထားတဲ့ အရည်အသွေး တွေရှိနေပါတယ်။ ခင်ဗျားလို ဉာဏ်ရည်ထက်မြက်မှုမျိုး ကျွန်တော်တို့မှာ မရှိဘူးလေ။ ဒါကြောင့် ကိုယ့် ဘဝကိုယ် ကျေနပ်လိုက်စမ်းပါဗျာ” လို့ ဒေါင်းငှက်တွေက ဝိုင်းပြောကြတယ်။

သုန်သုန်မှုန်နဲ့ပြန်လာတဲ့ ကျီးကန်းဟာ အသိုက်ကိုပြန်ရောက်တော့ ဘဝတူသူငယ်ချင်းတွေနဲ့ တွေ့ပါတယ်။ အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့ ဉာဏ်ပညာအရှိဆုံးဖြစ်တဲ့ ကျီးကန်းအိုကြီးက ကျီး ကန်းကို …

“ နားထောင်ပါ ငါ့သားရေ။ တကယ်တော့ ဒါဟာ သားအတွက် သင်ခန်းစာကောင်းတစ်ခုကို သင်ယူခွင့်ရခဲ့တာပါ။ ငါ့သားက ကျီးကန်းတစ်ကောင်ဖြစ်တဲ့အတွက် ဒေါင်းငှက်တစ်ကောင်လို ကြည့်ကောင်းချင်မှ ကြည့်ကောင်းလိမ့်မယ်။ ဒါပေမဲ့ ကျီးကန်းတွေမှာလည်း ဒေါင်းငှက်တွေမှာ မရှိတဲ့ အရည်အချင်းတွေရှိတာပါပဲ။ ဒါကြောင့် ကိုယ့်ဘဝကိုယ်မြတ်နိုးပါ။ ကိုယ့်ဖြစ်တည်ရာဘဝကို လက်ခံပြီး ပျော်ရွှင်အောင်နေပါ။ ဒါကသာ ဘဝမှာ စစ်မှန်စွာပျော်ရွှင်ဖို့ တစ်ခုတည်းသောနည်းလမ်းပါကွယ် ”

လို့ ကြင်နာစွာ ဆုံးမစကားဆိုလိုက်ပါတယ်။

နားလည်သဘောပေါက်သွားတဲ့ကျီးကန်းက တခြားသူရဲ့အရည်အချင်းတွေကို အားကျနေမယ့် အစား ကိုယ်ပိုင်ဘဝထဲက အရည်အချင်းတွေနဲ့ပဲ ဘဝကို ပျော်ရွှင်အောင်နေဖို့ ဆုံးဖြတ်လိုက်ပါတော့ တယ်။

နှလုံးသားအာဟာရလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။