နတ်သိကြားတကယ်ရှိလား။

blank

တစ်ခါက ဆင်းရဲချို့တဲ့ တဲ့ဇနီးမောင်နှံနှစ်ယောက်မှာ  ဖြူလေးဆိုတဲ့ သမီးလေးတစ်ယောက်နဲ့ ထွန်းထွန်းလို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိသတဲ့။ တစ်နေ့မှာ ထွန်းထွန်းလေးဟာ အပြင်းအထန်ဖျားသတဲ့။ အခမဲ့ဆေးခန်းက ပြန်ရောက်တဲ့အခါ သားဖြစ်သူရဲ့ ရောဂါအကြောင်းတွေးရင်း ဇနီးမောင်နှံနှစ်ယောက်လုံး ဝမ်းနည်းပူဆွေးနေကြသတဲ့။ သားဖြစ်သူခံစားနေရတဲ့ ကျောက်ကပ်ရောဂါကို ကုသဖို့အတွက် ကုန်ကျမယ့်ငွေကြေးပမာဏဟာ သူတို့မတတ်နိုင်တာကြောင့် တစ်ယောက်ကိုတစ်ယောက် အားပေးစကားမပြောနိုင်လောက်အောင် စိတ်ညစ်နေတာပေါ့။

ဖြူလေးဟာ မိဘနှစ်ယောက် စကားပြောနေတာကို ကြားသွားတဲ့အခါ သူမ မောင်လေးအတွက် စိတ်ပူပန်သွားတာပေါ့။ သူမအဖေပြောတဲ့ “နတ်သိကြားတွေကသာ ကိုယ်တို့သားလေးကို ကယ်တင်နိုင်လိမ့်မယ်” ဆိုတဲ့ စကားကြောင့် “နတ်သိကြားရအောင်ဝယ်ပေးမယ်” လို့ ဆုံးဖြတ်ပြီး သူမအိပ်ခန်းရှိတဲ့နေရာကို ထွက်လာခဲ့လိုက်တယ်။ သူမကုတင်အောက်မှာ သူမလျှို့ဝှက်စွာစုထားတဲ့ စုဘူးလေးရှိတယ်လေ။ စုဘူးလေးကို ခွဲလိုက်တဲ့အခါ အနှစ်နှစ်အလလ စုထားတဲ့အကြွေလေးတွေက ပွင့်အံကျလာတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲဒါနဲ့ပဲ သူမဟာ ငွေနှစ်ထောင့်ငါးရာငါးဆယ်တိတိကို မျှော်လင့်တကြီး ဆုပ်ကိုင်ပြီး လမ်းထိပ်က ဆေးဆိုင်ဆီကို ထွက်လာခဲ့တော့တယ်။ ဆေးဆိုင်ကိုရောက်တဲ့အခါမှာ သူမအရပ်ထက်မြင့်နေတဲ့ကောင်တာကြီးတွေကိုကျော်ပြီး အရောင်းစာရေးကို အသံပြုကြည့်ပေမယ့် သူမရဲ့အသံသေးသေးလေးက ဝယ်သူတွေရဲ့စကားပြောသံတွေအောက်မှာ ပျောက်သွားတော့တာပေါ့။ အဲဒါနဲ့ပဲ သူမက  ကောင်တာပေါ်မှာတင်ထားတဲ့ ဖန်ခွက်တစ်လုံးကို မမှီမကမ်းနဲ့ လှမ်းဆွဲလိုက်တော့တယ်။ ဖန်ခွက်ကျသံကြောင် တစ်ဆိုင်လုံးက လူတွေက သူမကိုဝိုင်းကြည့်တော့တာပေါ့။ စာရေးလေးက သူမကိုကြည့်တဲ့အချိန်မှာ သူမက  “နတ်သိကြားလိုချင်လို့” လို့ ခပ်တည်တည်နဲ့ပြောလိုက်တော့တယ်။ စာရေးလေးက သူမကိုမျက်မှောင်ကုတ်ကြည့်ပြီး “ဘာပြောတယ်” လို့ နားမရှင်းစွာမေးလိုက်တယ်။ ဖြူလေးက လေသံအေးအေးနဲ့ “နတ်သိကြားဝယ်ချင်တယ်ပြောတာ။ မေမေနဲ့ဖေဖေကပြောတယ်။ သမီးမောင်လေးရဲ့ ရောဂါက နတ်သိကြားမှပဲ ကူညီပေးနိုင်မယ်” တဲ့။ စာရေးလေးက

“အလုပ်ရှုပ်ရတဲ့ အထဲကွာ ဦးနှောက်မကောင်းတဲ့ ကလေးမကတစ်မျိုး။ နတ်သိကြားလဲ မရဘူး။ သကြားလည်းမရောင်းဘူး။ သွားတော့” လို့ နှင်ထုတ်တော့တယ်။

“ဒီမှာ ဦးလေး။ သမီးဆီမှာ ၂၅၅ဝ ပါတယ်။ ဒီငွေတွေကို သမီးစုနေတာ တစ်နှစ်ကျော်တောင်ရှိပြီ။ ဒီလောက်ဆိုရင် နတ်သိကြားကြီးရလောက်ပါတယ်။ အကယ်၍ မလောက်ရင်လည်း သမီးနောက်ထပ်စုပြီး ပြန်လာပေးပါမယ်။ သမီးမောင်လေးကို ကယ်နိုင်မယ့် နတ်သိကြားသာပေးပါ” လို့ထပ်ပြောပြန်သတဲ့။ အရောင်းစာရေးက သူမကို  သနားသွားပြီး…

“သမီးရယ်.. သမီးကို မကူညီနိုင်တာ စိတ်မကောင်းပါဘူးနော်။ အိမ်ကိုသာပြန်ပါတော့ကွယ်” လို့ ချော့မော့ပြီးပြောတော့တာပေါ့။ ဖြူလေးဟာစိတ်ညစ်ပြီး လှည့်ထွက်သွားမယ်ပြင်တဲ့အခါ သားနားစွာ ဝတ်စားထားတဲ့လူကြီးတစ်ယောက်က “သမီးက နတ်သကြားလိုချင်တာလား။ မနက်ဖြန် သမီးမိသားစုကို ခေါ်ပြီး ဒီဆေးရုံကိုလာခဲ့။ ဦးလေးရောင်းပေးမယ်” လို့ပြောပြီး လိပ်စာကတ်တစ်ခုကို ပေးပြီး ထွက်ခွာသွားတော့တယ်။ ဖြူလေးဟာနတ်သိကြားရဲ့ လိပ်စာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သူမရဲ့အဖေနဲ့အမေဆီပြေးလာခဲ့တော့တယ်။

နှစ်ပတ်လောက်အကြာမှာတော့ အောင်မြင်စွာခွဲစိတ်ပြီးသွားတဲ့ ထွန်းထွန်းရဲ့ဘေးနားမှာ မိဘနှစ်ဦးနဲ့ ပျော်ရွှင်နေတဲ့ ဖြူလေးကို တွေ့ရတော့တယ်။ ဆရာဝန်လှည့်လည်စစ်ဆေးတဲ့အခါ ဖြူလေးရဲ့မိဘနှစ်ယောက်က ဆရာဝန်ကိုကျေးဇူးတင်စွာကြည့်ပြီး

“ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာရဲ့ကျေးဇူးတွေကို ဘယ်လိုဆပ်ရမလဲ မသိတော့ပါဘူးဗျာ။ ဆရာကြောင့်သာ သားလေးကို ကျန်းမာစွာတွေ့ခဲ့ရတာပါ” လို့ပြောတဲ့အခါ

“ကျွန်တော့်ကို ကျေးဇူးမတင်ပါနဲ့ဗျာ။ တကယ်တော့ ၂၅၅ဝ ကိုကိုင်ပြီး ဇွဲနဘဲကြီးကြီးနဲ့ နတ်သိကြားလိုက်ဝယ်ခဲ့တဲ့သမီးလေးကို ကျေးဇူးတင်ရမှာပါ” လို့ပြောလိုက်တော့တယ်။ ဖြူလေးကတော့ ရှက်ရွံ့စွာခေါင်းငုံ့ရင်း “တကယ်တော့ ဆရာကနတ်သိကြားဆိုတာ မေမေတို့ပြောလို့သိပြီးပါပြီဆရာ” လို့ စိတ်ထဲမှာ တွေးနေမိတော့တယ်။

သင်ဟာလည်းပဲ တစ်စုံတစ်ယောက်အတွက် နတ်သိကြားကြီးဖြစ်နိုင်ပါတယ်နော်။