အဘိုးအိုတစ်ယောက်ရဲ့ နောက်ဆုံးရေးခဲ့တဲ့ သံဝေဂကဗျာ

မင်းတို့ဘာမြင်လဲ သူနာပြုတို့… မင်းတို့ဘာမြင်လဲ။

ကျုပ်ကို ကြည့်နေတဲ့အချိန်မှာ မင်းတို့ဘာတွေ တွေးမိလဲ။

အကျင့်မကောင်းတဲ့… ငေးမောနေတတ်တဲ့

အမျှော်အမြင်မရှိတဲ့ ကြောင်တောင်တောင် လူ့ခွစာကြီးဆိုပြီးတော့လား။

“သေချာစားပါ” လို့ မင်းတို့ အတန်တန်ပြောနေလည်း အရေးမလုပ်၊ စကားမပြန်ဘဲ

ထမင်းတွေ ဖိတ်စင်အောင် စားနေတဲ့ အဘိုးကြီးဆိုပြီးတော့လား။

မင်းတို့ဘာလုပ်လုပ် အရေးမစိုက်ဘဲ ခြေအိတ်တစ်ဖက်ပျောက်လို့

အမြဲတမ်း ရှာခိုင်းနေတဲ့ အရှုပ်ထုတ် အဘိုးကြီးဆိုပြီးတော့လား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရေချိုးပေးတိုင်း၊ ထမင်းကျွေးတိုင်းမှာ ပြောရဆိုရ လက်ပေါက်ကပ်လို့

အချိန်တော်တော်ယူပြီး စိတ်ရှည်ရှည်လုပ်ပေးရတဲ့ အဘိုးကြီးဆိုပြီးတော့လား။

မင်းတို့ ဒီတိုင်းတွေးတာလား…၊ မင်းတို့ ဒီအတိုင်းမြင်တာလား။

ကျုပ်ကိုမကြည့်ဘဲ မင်းတို့ မျက်လုံးတွေကို ဖွင့်လိုက်ပါ

ဒီနေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကျုပ်ဘယ်သူဆိုတာ ပြောပြမယ်။

ကျုပ်ဟာ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတဲ့ အဖေအမေ မောင်နှမတွေအလယ်က

ပျော်ပျော်နေတတ်တဲ့ ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။

ကျုပ်ဟာ အချစ်စစ်ကို တွေ့လိုက်ချိန်မှာ နှလုံးသားတစ်ချက်ခုန်ပြီး

ချစ်တတ်သွားခဲ့တဲ့ အသက် ၂ဝ အရွယ် ကောင်လေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။

ကျုပ်ဟာ ချစ်ရသူကို လက်တွဲ၊ မင်္ဂလာခန်းမအလယ်မှာ ကတိစကားဆိုပြီး

ဘဝတစ်ခုတည်ဆောက်ဖို့ မျှော်လင့်ချက်အပြည့်နဲ့

အသက် ၂၅နှစ်အရွယ် သတို့သားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။

ကျုပ်ဟာ အသွေးအသားနဲ့ဖြစ်တည်လာတဲ့ သားလေးကိုထွေးပွေ့ရင်း

ပိုမိုနွေးထွေးခိုင်မာလာတဲ့ သံယောဇဉ်တွေကြားမှာ ဘဝကိုမြှုပ်နှံထားတဲ့

အသက် ၃ဝအရွယ် ဖခင်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်။

ကျုပ်ဟာ အိမ်သူသက်ထားကို ခပ်ဖွဖွလေးဖက်ထားရင်း

အတောင်စုံလို့ လွတ်လပ်စွာပျံသန်းသွားတဲ့ သားသမီးတွေကို ငေးကြည့်နေတဲ့

အသက် ၅ဝအရွယ် ဖခင်ကြီးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။

ကျုပ်ဟာ ကျုပ်ဘေးနားမှာ ပြေးလွှားဆော့ကစားနေတဲ့ မြေးလေးတွေကိုကြည့်ရင်း

ချစ်ဇနီးဖျော်ပေးတဲ့ လက်ဖက်ရည်ကို အရသာခံသောက်နေတဲ့

အသက် ၆ဝ အရွယ် အဘိုးအိုတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။

ကျုပ်ဟာ ဇနီးသည်ရဲ့ အလောင်းဘေးမှာ ထိုင်ရင်း

မှောင်မိုက်မိုက်အနာဂတ်ကို ပုံဖော်မကြည့်ရဲခဲ့တဲ့

အသက် ၆၅ နှစ်အရွယ် အထီးကျန်အဘိုးကြီးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။

အခုတော့ အိုမင်းမစွမ်းတဲ့ အဘိုးအိုကြီး ဖြစ်ခဲ့ပြီပေါ့။

လောကကြီးက ရက်စက်လိုက်တာ။

အိုမင်းမစွမ်း ခန္ဓာကိုယ်၊ သိမ်ငယ်နေတဲ့ စိတ်ဓာတ်နဲ့

မေတ္တာတရားငတ်မွတ်နေတဲ့ ကျုပ်လို အဘိုးအိုအတွက်

နွေးထွေးတဲ့ ခိုလှုံစရာနေရာလေးတောင် မပေးတော့ဘူးလား။

အခု ကျုပ်အတွက် အုတ်ဂူလေးတစ်ခု ရတော့မယ်…

ကျုပ်ရဲ့ နုပျိုနေတဲ့ အမှတ်တရတွေကို ထာဝရသိမ်းထားနိုင်မယ့်နေရာလေးပေါ့။

ပျော်ရွှင်စရာတွေကို သတိရနေမယ်၊ နာကျင်စရာတွေကိုလည်း သတိရနေမယ်။

အသစ်ရလာမယ့် နောက်ဘဝမှာ ရှင်သန်ရဦးမယ်၊ ချစ်ရဦးမယ်။

ကျုပ်ဘဝတစ်လျှောက်လုံးမှာ မမြဲခြင်းတရားကို နားလည်ခဲ့ရပြီ။

ဒါကြောင့် ကျုပ်ကိုကြည့်ရင် မျက်လုံးဖွင့်ကြည့်ပါ။

ပါးရေနားရေတွန့်ပြီး တုန်ချိနေတဲ့ အဘိုးအိုရဲ့ နောက်မှာ

မမြဲခြင်းတရားတွေကို တွေ့ရမှာပါ။

ကျုပ်အနားတိုးပြီး…မြင်အောင် ကြည့်ပါ။

ဒီကဗျာလေးကို ဖတ်ပြီး သံဝေဂရတယ်ဆိုရင် နောက်တစ်ခါ လူကြီးသူမတွေကို တွေ့တဲ့အခါ သူတို့မှာ ဖုံးကွယ်နေတဲ့ မမြဲခြင်းတရားတွေကို မြင်အောင်ကြည့်ပါ။ အကူအညီမဲ့နေတဲ့ ခန္ဓာကိုယ်ကြီးထဲမှာ တက်ကြွပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေနဲ့ နုနယ်ပျိုမြစ်မှုတွေရဲ့ မမြဲခြင်းတရားကို မြင်အောင်ကြည့်ပါ။

တစ်ခုခုခံစားရတယ်ဆိုရင် လွတ်လပ်စွာ SHARE နိုင်ပါတယ်။