တပည့်လည်တယ်ဆိုတာ ဆရာအိပ်နေသလောက်ပဲ ရှိပါတယ်။

blank

တစ်ခါက တက္ကသိုလ်ကျောင်းသားလေးယောက်ဟာ စာမေးပွဲမဖြေခင်ညမှာ စာမကျက်ဘဲ လျှောက်လည်နေကြသတဲ့။ သူတို့ဟာမနက်လင်းခါနီးမှ အဆောင်ကိုပြန်ရောက်ပြီး စာလည်းတစ်လုံးမှ မကျက်ရသေးတာကြောင့် ဘယ်လိုလုပ်ရမလဲလို့ အကြံထုတ်နေတော့တာပေါ့။ အဲဒီအချိန်မှာ သူငယ်ချင်းတွေအားလုံးဝိုင်းပြီးအကြံတစ်ခု ထုတ်ခဲ့ကြတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ရွှံ့တွေလူးပြီး မောပန်းနေတဲ့ ပုံဖမ်းပြီး ပါမောက္ခကြီးဆီကို သွားတော့တာပေါ့။ ရုံးခန်းကိုရောက်တဲ့အခါ… ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“ဆရာကြီး.. ကျွန်တော်တို့မနေ့ညက မြို့ပြင်က အမျိုးတစ်ယောက်နေမကောင်းလို့ လူနာသတင်းမေးသွားခဲ့ကြတယ်။ အပြန်မှာတော့ ကံဆိုးပြီး  ကားဘီးပေါက်သွားတယ်ဆရာ။ မိုးကလည်းတော်တော်ချုပ်နေပြီဆိုတော့ ပြင်ဆိုင်တွေကလည်း ပိတ်သွားပြီပေါ့။ မြို့ပြင်ကနေ အဆောင်အထိ တစ်လမ်းလုံးတွန်းလာရတာဆိုတော့ တော်တော်ဒုက္ခရောက်သွားတယ်ဆရာရယ်။ ကျွန်တော်တို့လည်း လူရုပ်တောင်မထွက်တော့တာ ဆရာကြီးအမြင်ပါပဲ။ တစ်ညလုံးမအိပ်ရသေးတော့ လူလည်းသေချင်စော်နံနေပြီဗျာ။ ကျွန်တော်တို့ကို သနားသောအားဖြင့် စာမေးပွဲနောက်နေ့မှ ဖြေခွင့်ပေးပါ” လို့ တောင်းဆိုကြသတဲ့။

ပါမောက္ခကြီးကတော့ ဒီအကွက်တွေရိုးနေပြီဆိုတဲ့ ဒီဇိုင်းနဲ့  သူတို့ကို တစ်ချက်ပြုံးကြည့်ပြီး “ရပါတယ်ကွာ။ ကိုယ့်ရဲ့ကျောင်းသားတွေ ဒုက္ခရောက်ခဲ့တာကို စာမေးပွဲအတင်းအကြပ်မဖြေခိုင်းရက်ပါဘူး။ မင်းတို့ကို နောက်သုံးရက်နေမှ စာမေးပွဲဖြေခိုင်းမယ်။ အေးအေးဆေးဆေးနားပြီးမှ ပြန်လာခဲ့လိုက်တော့” လို့ပြောလိုက်တော့တယ်။ ကျောင်းသားလေးယောက်ကလည်း သူတို့ကိုယ်သူတို့ ဟုတ်လှပြီဆိုတဲ့အတွေးနဲ့ မြှောက်ကြွမြှောက်ကြွဖြစ်ပြီး အဆောင်ကို ပြန်လာခဲ့လိုက်တော့တယ်။ ပြီးတော့ သုံးရက်လုံးအခန်းတွင်းအောင်းပြီး စာကျက်ကြတာပေါ့။

သုံးရက်ပြည့်တဲ့နေ့မှာတော့ သူတို့တွေဟာ စာမေးပွဲဖြေဖို့ ကျောင်းကိုချီတက်လာတော့တယ်။ စာတွေကလည်း ရပြီဆိုတော့ စာမေးပွဲအောင်ဖို့ သေချာပြီပေါ့။ သူတို့ရုံးခန်းကိုရောက်တဲ့အခါ ပါမောက္ခကြီးက သူတို့ကို အခန်းလေးခန်းထဲကို ခွဲပြီး ဖြေခိုင်းတယ်။ “မင်းတို့နေသိပ်မကောင်းသေးဘူးဆိုတော့ မေးခွန်းတွေကိုလည်း ဆရာလွယ်လွယ်လေးမေးထားပါတယ်” လို့ပြောပြီးကျေကျေနပ်နပ်ကြီး ပြုံးနေတော့တယ်။

မေးခွန်းလွှာဟာ သူတို့ဆရာပြောသလိုပဲ တကယ်လွယ်ပါတယ်။ မေးခွန်းနှစ်ခုတည်းကို အမှတ် (၁ဝဝ) တောင်ပေးထားပေမဲ့ မေးခွန်းကိုကြည့်ပြီး တစ်ခန်းစီမှာရှိနေတဲ့ ကျောင်းသားလေးယောက်လုံး ဇောချွေးတွေပြန်သွားတော့တယ်။

မေးခွန်းနံပါတ် (၁) ။ သင့်အမည်ကိုရေးပါ။ ပေးမှတ် (၁) မှတ်

မေးခွန်းနံပါတ် (၂) အဖြေမှန်ရွေးပါ။ (၉၉) မှတ်

ဟိုနေ့က ကားဘီးပေါက်သွားတာ ဘယ်ဘီးလဲ။ (က) အရှေ့ဘယ်ဘက်ဘီး။ (ခ) အရှေ့ညာဘက်ဘီး (ဂ) အနောက်ဘယ်ဘက်ဘီး (ဃ) အနောက်ညာဘက်ဘီး။

ကျွန်မကတော့ ဒီပုံပြင်လေးကို ဖတ်ပြီးကျောင်းသားလေးယောက်ရဲ့ အဖြေတွေ  တူပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်။ ပရိသတ်ကြီးကော သူတို့တွေရဲ့ အဖြေတစ်ခုတည်းဖြစ်မယ်လို့ ထင်လား။

ကျောင်းတုန်းက စာမကျက်ဘဲ အလည်လွန်ခဲ့တဲ့အဖြစ်လေးတွေ မျှဝေရင်း ရယ်မောလိုက်ကြရအောင်။