ကျရှုံးမှုတွေကြားကနေ အကောင်းဆုံးကြိုးစားအောင်မြင်ခဲ့သူ မူနီဘာ မာဇာရီ (Muniba Mazari)

blank

လူတိုင်းလိုလို ဘဝမှာ အနည်းနဲ့ အများတော့ ကျရှုံးဖူးမှာပါ။ ကျရှုံးမှုတွေကနေ ရုန်းမထွက်နိုင်ဘဲ ဘဝကို အရှုံးပေးလိုက်သူတွေက တကယ့်အရှုံးသမားတွေဖြစ်သွားကြပါတယ်။ ကျရှုံးမှုတွေကနေ ကြိုးစားရုန်းထပြီး အကောင်းဆုံးကြိုးစားနိုင်ခဲ့သူတွေကတော့ အောင်နိုင်သူတွေအဖြစ် ဘဝကို အကောင်းဆုံးတည်ဆောက်သွားနိုင်ပါတယ်။

ဒီလိုမျိုး ကျရှုံးမှုတွေကနေ ပြန်ထဖို့ ပြောတော့ တချို့သူတွေက ပြန်ပြီး စောဒကတက်ကြတယ်။ “ကျရှုံးမှုခြင်းကမတူဘူး… ငါ့ကျရှုံးမှုက ပိုပြီးပြင်းထန်တယ်” ဆိုပြီးတော့ပေါ့။ ဘယ်လောက်ပဲ ပြင်းထန်ပါစေ… မူနီဘာ မာဇာရီ (Muniba Mazari)ဆိုတဲ့ ကောင်မလေးလောက် ကျရှုံးမှုတွေ ပြင်းထန်နိုင်ပါ့မလား။ ဒါပေမဲ့ မူနီဘာကတော့ သူမရဲ့ ကျရှုံးမှုတွေ၊ လောကဓံရိုက်ချက်တွေထဲကနေ ရုန်းထပြီး အကောင်းဆုံးကြိုးစားနိုင်ခဲ့ပါတယ်။ သူမရဲ့ ဘဝဇာတ်ကြောင်းလေးကို လေ့လာကြည့်ရအောင်။

သူမကို ၁၉၈၇ ခုနှစ် မတ်လမှာ ပါကစ္စတန်မှာ မွေးဖွားခဲ့ပါတယ်။ ရှေးရိုးစွဲပြီး ဓလေ့ထုံးတမ်းအစဉ်အလာကြီးတဲ့ Baloch မျိုးရိုးကနေ ဆင်းသက်လာသူပါ။ Baloch မျိုးရိုးသဘောအရ မိဘစကားကို မြေဝယ်မကျနားထောင်ရင် သမီးအလိမ္မာလို့ သတ်မှတ်ကြပါတယ်။ ဖခင်ဖြစ်သူရဲ့ အမိန့်ကြောင့် သူမဟာ ၁၈ နှစ်အရွယ်မှာပဲ မိဘသဘောတူတဲ့သူနဲ့ လက်ထပ်ရပါတယ်။ သူမမှာ ရွေးချယ်ခွင့်မရှိပေမဲ့ အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာ ခင်ပွန်းအပေါ်ကို တာဝန်ကျေအောင် ကြိုးစားခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုနဲ့ အိမ်ထောင်သက် ၂နှစ်ကြာတဲ့အခါမှာ သူမဘဝအတွက် အကြီးမားဆုံးအပြောင်းအလဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူတို့ ကားမောင်းလာကြရင်း ခင်ပွန်းဖြစ်သူက အိပ်ငိုက်သွားတာကြောင့် သူမတို့ရဲ့ကားလေးဟာ ကျုံးမြောင်းအနက်ကြီးထဲကို ထိုးကျသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက တစ်ကိုယ်ကောင်းဆန်စွာ ကိုယ်လွတ်ရုန်းပြီး ခုန်ချသွားနိုင်ခဲ့ပေမဲ့ သူမကတော့ ဒဏ်ရာတွေအပြည့်နဲ့ ကားထဲမှာ ပိတ်မိနေခဲ့ပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူ ကြီးကြီးကျယ်ကျယ် မထိခိုက်တာကိုပဲ သူမက ဝမ်းသာနေခဲ့ပါတယ်။

ဒီလိုနဲ့ ကားထဲမှာ ပိတ်မိနေတဲ့သူမကို လူတွေက ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြပြီး ဂျစ်ကားရဲ့ နောက်ခန်းမှာတင်ပြီး မတော်တဆမှုဖြစ်တဲ့နေရာနဲ့ သုံးနာရီကြာ ကားမောင်းရတဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကားဆောင့်တဲ့ ဒဏ်ကြောင့် သူမရဲ့ ဒဏ်ရာတွေ ပိုဆိုးသွားခဲ့ပါတယ်။ ဒီမတော်တဆမှုကြောင့် သူမခန္ဓာကိုယ်မှာ ဒဏ်ရာတွေ များစွာရရှိခဲ့ပါတယ်။ ညာဘက် လက်ဖျံရိုး၊ လက်ကောက်ဝတ်ရိုး၊ ပုခုံးရိုး၊ ညှပ်ရိုးနဲ့ နံရိုးတစ်ခုလုံးကျိုးသွားခဲ့ပါတယ်။ နံရိုးတွေ ကျိုးပဲ့ခြင်းကြောင့် အသည်းနဲ့ အဆုတ်မှာလည်း ဒဏ်ရာရခဲ့ပြီး အသက်ကောင်းကောင်း မရှူနိုင်ခဲ့ပါဘူး။ ဝမ်းမထိန်းနိုင်တာကြောင့် ဘယ်သွားသွား ဝမ်းအိတ်တပ်ထားရပါတယ်။ အဆိုးဆုံး ထိခိုက်မှုကတော့ ကျောရိုး ၃ဆစ် လုံးဝထိခိုက်သွားပြီး အာရုံကြောလုံးဝပျက်စီးကာ အောက်ပိုင်းသေသွားရတာပါပဲ။

ဆေးရုံမှာ ၂နှစ်ကျော်ကြာ ဝေဒနာခံစားပြီး လဲလျောင်းနေရတဲ့သူမကို ဖခင်နဲ့ ခင်ပွန်းဖြစ်သူက စွန့်ပစ်သွားခဲ့ပါတယ်။ ဒဏ်ရာတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သူမအရမ်းဝါသနာပါတဲ့ ပန်းချီတွေ ဆွဲနိုင်တော့မှာ မဟုတ်သလို ကလေးလည်း မမွေးနိုင်တော့ဘူးဆိုတာ သူမသိခဲ့ရပါတယ်။ သူမရဲ့ ကျောရိုး၊ ညှပ်ရိုးနဲ့ လက်ဖျံတွေမှာ စတီးချောင်းတွေထည့်ထားရပါတယ်။ ဒါကြောင့်မို့လို့လည်း သူ့ကို ပါကစ္စတန်နိုင်ငံက Iron Lady ဆိုပြီး တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

သာမန်လူတွေအတွက် ဒီလိုအခြေအနေဆိုတာ ဘဝကိုလက်မြှောက်အရှုံးပေးကြမယ့် အခြေအနေဖြစ်ပေမဲ့ သူမကတော့ အရှုံးမပေးခဲ့ပါဘူး။ သူမကို အားပေးနှစ်သိမ့်ခဲ့တဲ့ မိခင်၊ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အစ်ကိုတွေကြောင့် သူမဘဝကို ပြန်လည်အားတင်းပြီး ရှေ့ဆက်နိုင်ခဲ့ပါတယ်။ ဆေးရုံမှာ နေနေရတဲ့ ၂နှစ်ကျော်ကာလမှာ ကြိုးစားပြီး ပန်းချီကားတွေဆွဲခဲ့တယ်။ ပန်ဂျပ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ဦးက သူမကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ သူမရဲ့ ပန်းချီကားတွေအားလုံးကို ဝယ်ယူခဲ့တယ်။

သူမဟာ ကြောက်စိတ်တွေကိုလည်း တွန်းလှန်နိုင်ခဲ့တယ်။ သူမအကြောက်ဆုံး အရာ (၃) ခုက ကွာရှင်းရမှာ၊ ကလေးမမွေးနိုင်မှာနဲ့ လူတွေရဲ့ သနားတဲ့အကြည့်နဲ့ ကြည့်ခံရမှာကို အကြောက်ဆုံးဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ သူမကို ထားခဲ့ပြီးတဲ့နောက်မှာ သူမရဲ့စိတ်တွေကို ရအောင်ဆောက်တည်ပြီး ခင်ပွန်းကို ကွာရှင်းပေးခဲ့တယ်။ ခင်ပွန်းဖြစ်သူ နောက်အိမ်ထောင်နဲ့ လက်ထပ်တဲ့အချိန်မှာလည်း ဆုတောင်းပေးခဲ့တယ်။ ခင်ပွန်းဖြစ်သူက ကွာရှင်းခဲ့လို့သာ အကောင်းဆုံးကြိုးစားပြီး အောင်မြင်နိုင်ခဲ့တာလို့လည်း အကောင်းဘက်ကနေ တွေးခဲ့ပါတယ်။

“ကျွန်မ ကလေးမမွေးနိုင်တာကို သိလိုက်ရတော့ အရမ်းကို ဝမ်းနည်းစိတ်ပျက်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်မတွေးလိုက်တာက လောကကြီးမှာ မိဘမေတ္တာကို လိုချင်လို့ မွေးစားခံချင်နေတဲ့ ကလေးတွေအများကြီးရှိနေတယ်၊ သူတို့ကို မွေးစားလို့ရတာပဲ ဆိုပြီးတော့ပေါ့” လို့ ပြောခဲ့ပါတယ်။ သူမရဲ့ သားလေးကို မွေးစားခွင့်ရခဲ့ချိန်မှာ သူမဟာ ကလေးတစ်ယောက်ကို ကိုယ်တိုင်မွေးလိုက်ရသလို ပီတိတွေ ဖြစ်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

လူတွေရဲ့ သနားတဲ့အကြည့်တွေကို မခံနိုင်လို့ လူနာလာမေးတဲ့သူတွေကို အတွေ့မခံခဲ့ပါဘူး။ ဒါပေမဲ့ သူမ ဒီလိုသာနေနေရင် လူတွေက သနားနေဦးမှာပဲဆိုပြီး သူမဘဝကို အကောင်းဆုံးကြိုးစားရှင်သန်ခဲ့ပါတယ်။ သူမဟာ အခုဆိုရင် TEDx မှာ စိတ်ဓာတ်ခွန်အားပေး မိန့်ခွန်းပြောသူ၊ ပါကစ္စတန် Tony&Guys ရဲ့ ပထမဆုံး ဝှီးချဲမော်ဒယ်၊ ကုလသမဂ္ဂရဲ့ သံတမန် စတဲ့ ဂုဏ်ပုဒ်ရာထူးတွေနဲ့ အောင်မြင်ကျော်ကြား ချမ်းသာသူအမျိုးသမီးတစ်ဦးဖြစ်နေပါပြီ။

ဒါကြောင့် ဘယ်လိုကျရှုံးမှုတွေနဲ့ပဲကြုံကြုံ အားမလျှော့လိုက်ပါနဲ့ ပရိသတ်ကြီးရေ။ ဘဝဆိုတာ ကိုယ်တိုင်ထုဆစ်ပုံဖော်ရမယ့် အရာပါ။ ကံကြမ္မာကြောင့် ကျရှုံးရင် ဉာဏ်နဲ့ ဝီရိယကို သုံးပြီး ပြန်ကြိုးစားပါ။ ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ ကျရှုံးမှုတွေကြောင့် နာကျင်ခံစားရင်းအရှုံးသမားဘဝနဲ့ မဖြတ်သန်းလိုက်ပါနဲ့။ အောင်နိုင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။