ဝါသနာကို အခြေခံပြီး ယုံကြည်ရာကို အရည်အချင်းပြည့်ဝစွာ ထုဆစ်နေတဲ့ မိုးကုတ်ပေါက်ပေါက်၏ အောင်မြင်မှုနောက်ကွယ်မှ ကြိုးစားမှုများကို လေ့လာခြင်း

blank
ဂန္ထဝင်စာချစ်သူတို့ရေ…

ယနေ့ အနုပညာလောက၊ မိတ်ကပ်ပညာရှင်လောက၊ ဖက်ရှင်ဒီဇိုင်နာလောကမှာ နာမည်တစ် လုံးပြောလိုက်ရင် မသိသူမရှိတာက မိုးကုတ်ပေါက်ပေါက်ပဲဖြစ်ပါတယ်။ ချစ်ခင်ရင်းနှီးသူတွေက အန် တီပေါက်လို့ ခေါ်ကြတဲ့ မိုးကုတ်ပေါက်ပေါက်ရဲ့ အောင်မြင်မှုသက်တမ်းကလည်းမနည်းတော့ပါဘူး။ အောင်မြင်သူတိုင်းရဲ့နောက်ကွယ်မှာ ရုန်းကန်ကြိုးစားခဲ့ရမှုတွေရှိတယ်ဆိုတဲ့စကားလေးအတိုင်းပဲ မိုး ကုတ်ပေါက်ပေါက်ရဲ့ အောင်မြင်မှုအတွက် ကြိုးစားခဲ့ရတဲ့ဖြတ်သန်းမှုအတွေ့အကြုံလေးတွေအ ကြောင်းကို ဂန္ထဝင်မဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

၁။ အန်တီပေါက်ရေ… မင်္ဂလာပါရှင်။ ပထမဆုံးအနေနဲ့ အန်တီပေါက်ရဲ့ ကိုယ်ရေးအကျဉ်းလေးရယ်၊ အန်တီပေါက်ရဲ့ငယ်ဘဝအိပ်မက်နဲ့ ဖြတ်သန်းမှုလေးတွေကို သိပါရစေ။

ကိုယ်ရေးအကျဉ်း ဆိုလို့ရှိရင် အန်တီပေါက်ကို ၁၉၇၃ မှာ မိုးကုတ်မြို့မှာမွေးပါတယ်။ အမေကတော့ Hair-stylist ပါ။ အဲ့ဒါကြောင့်မို့လို့ အန်တီပေါက်က ဒီအမေ့ရဲ့အလှပြင်ခန်းထဲမှာပဲ ကြီးလာရတာဖြစ်တဲ့အတွက် ဆံပင်ပုံတွေထဲမှာပဲ ကြီးလာခဲ့တာပါ။

ဆံပင်တွေမိတ်ကပ်တွေ အလှပြင်တာတွေနဲ့ ယဉ်ပါးပြီးတော့ အလှပြင်တဲ့အလုပ်ကို စိတ်ဝင်စားလာတာကို သတိထားမိတဲ့အချိန်ကအသက် ၅ နှစ်လောက်လို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေအလှပြင်တဲ့ မှန်တင်ခုံရှေ့မှာအချိန်ကုန်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း အန်တီပေါက် ဘာကိုစိတ်ဝင်စားလာလဲဆိုတော့ ပန်းချီဆွဲပါတယ်။ ပန်းချီကို စိတ်ဝင်စားစွာဆွဲဖြစ်တာကတော့ ၈တန်းလောက်ထိပေါ့နော်။ ၈တန်းလောက် အလယ်တန်းလောက်မှာ စပြီးတော့မှ အမေ့အလုပ်ကိုဝင်ကူရပါတယ် မိသားစုအလုပ်ဖြစ်တဲ့အတွက်။ အမေ့ကိုကူချင်တဲ့စိတ်နဲ့ အမေပင်ပန်းမှာစိုးလို့ဆိုပြီး ဝင်ကူရင်းနဲ့ အန်တီပေါက် ဒီအလှပြင်တဲ့ အလုပ်ကို စပြီးတော့ လုပ်ဖြစ်သွားပြီးတော့ ၉ တန်းလောက်မှာ Makeup artist ဖြစ်နေပြီ။ မိတ်ကပ်လိမ်းတတ်နေပြီပေါ့နော်။ အဲဒီတော့ကျောင်းပိတ်ချိန်၊ ကျောင်းမတက်ခင်အချိန်တွေမှာ မင်္ဂလာဆောင်တွေမှာ သတို့သမီးတွေကို အလှပြင်ပေးနေတတ်ပြီ ၉တန်း ၁ဝတန်း မှာ။ အန်တီပေါက်က ပန်းချီဆွဲတယ်၊ အလှပြင်တယ်။

၂။ မိတ်ကပ်ပညာရှင်လောကထဲကို ဘယ်အချိန်မှာ စတင်ဝင်ရောက်ဖြစ်ခဲ့တာပါလဲ။ အန်တီပေါက်ရဲ့ မိတ်ကပ်နဲ့ပတ်သက်တဲ့ လက်ဦးဆရာတွေကိုလည်း သိပါရစေ။

အဲ့လိုနဲ့ အသက် ၁၆ နှစ်မှာ အရေးအခင်းဖြစ်လို့ကျောင်းပိတ်သွားတဲ့ အချိန်မှာရန်ကုန်ကို ထွက်လာပြီးတော့ Makeup ဆန်နီဆီမှာပညာသင်ဖို့ ဆုံးဖြတ်လိုက်ပြီးတော့ မိတ်ကပ်ပညာကို အသက် ၁၇ နှစ်ကနေစပြီးတော့ စနစ်တကျ ရုပ်ရှင်လောကထဲမှာ ပြန်ပြီးတော့မှ လေ့လာသင်ယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ မိုးကုတ်နဲ့ ရန်ကုန် ကူးရင်းသန်းရင်းနဲ့ ၁၉၉၆ မှာ မန္တလေးမှာ အန်တီပေါက်ဆိုင်ဖွင့်ဖြစ်ပါတယ်။

၃။ အသက်မွေးဝမ်းကျောင်းပြုဖို့ ဒီနယ်ပယ်ကို ရွေးချယ်ခဲ့ချိန်မှာ အန်တီပေါက် ရင်ဆိုင်ခဲ့ရတဲ့ အခက် အခဲတွေရှိခဲ့လား။

အဲ့ဒီချိန်က မန္တလေးကိုရွေးချယ်မှုကကျတော့ ရန်ကုန်နဲ့လည်းနီးတယ်။ ကူးလို့ရမယ်။ မိုးကုတ်က မိဘတွေ ဆွေမျိုးတွေကိုလည်း ပြန်တွေ့လို့ရမယ်ဆိုပြီးတော့ မိသားစုက မိုးကုတ်မှာဖြစ်တဲ့အတွက် အလယ်လမ်းခုလတ်ကိုရွေးလိုက်တာပါ။ ကျန်တဲ့အကြောင်းတော့ သိပ်မရှိပါဘူး။ အဲ့ဒီကနေပြီးတော့ အဲ့ဒီချိန်တစ်လျှောက်လုံးမှာပဲ  မိတ်ကပ်ပညာကို အန်တီပေါက်ရဲ့ဆရာ Makeup ဦးဆန်နီ ဆီမှာသင်နေသလိုပဲ သူကမင်းသမီးတွေ အထူးသဖြင့်ပေါ့နော် မို့မို့မြင့်အောင်ပေါ့နော်။ မို့မို့ရဲ့ အဝတ်အစားတွေ Fashion အကုန်လုံးကိုသူစီစဉ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ Costume တွေရောအကုန်လုံး အဲ့ဒီတော့ အန်တီပေါက် Fashion နဲ့ပတ်သက်ပြီး လေ့လာစရာဆိုတာကလည်း အန်တီပေါက်ရဲ့ဆရာ Makeup ဆန်နီပါပဲ။ အဲ့ဒီတော့  သူကိုယ်တိုင်ကလည်း ပန်းချီဆွဲတယ် မိတ်ကပ်ပညာရှင်၊ ဆံပင်ပညာရှင်၊ အဝတ်အစားဒီဇိုင်း ပညာရှင်ဖြစ်ပါတယ်။ အဲ့ဒီချိန်တုန်းက ဗမာပြည်မှာ Fashion လောက Fashion designer ရယ်လို့ အဲ့ဒီလိုမျိုး Profession မျိုးမရှိခဲ့ပါဘူး။ မရှိခဲ့တဲ့အတွက် သူကရုပ်ရှင် Makeup artist တစ်ယောက်အနေနဲ့သူ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့်သူက တကယ်တော့ Fashion ပညာရှင်တစ်ယောက်လည်းဟုတ်ပါတယ်။ အဲ့ဒီတော့ အန်တီပေါက်က ပထမဆုံး မိဘကောင်းတွေနဲ့တွေ့တယ်။ အန်တီပေါက် ဝါသနာပါတာကို လေ့လာသင်ယူဖို့အတွက် အမေ့အလုပ်ထဲမှာ သင်ယူခွင့်ရတယ်။ အဖေကသဘောမတူခဲ့ပေမဲ့ တကယ်တမ်းတားဆီးလို့မရတော့တဲ့အချိန်မှာ သဘောပေါက်ပြီးတော့ အန်တီပေါက် ဝါသနာတွေကို ကူညီပံ့ပိုးပေးတယ်။ ဖြစ်ချင်တာတွေကိုလေ့လာဖို့အတွက် ဘာသာစကားကိုလေ့လာသင်ယူဖို့ လမ်းညွှန်ပေးခဲ့တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ သူတို့ကလည်း ယုံကြည်မှုရှိတဲ့အတွက် အသက် ၁၇ နှစ်အရွယ်နဲ့ အိမ်ကတစ်ယောက်တည်းထွက်လာပြီးတော့မှ ရန်ကုန်မှာ ပညာသင်ခဲ့တယ်ပေါ့နော်။ ဒီလောကထဲကို အန်တီပေါက် ရောက်လာတာ မိဘကောင်း၊ ဆရာသမားကောင်းတွေနဲ့ တွေ့ခဲ့တဲ့အတွက် အန်တီပေါက် ကံကောင်းတယ်လို့ပဲ ပြောလို့ရပါတယ်။

အဲ့ဒါနဲ့ အန်တီပေါက် ဆယ်တန်းဖြေတဲ့အချိန်မှာ ပထမနှစ်ပေါ့နော်။ အဲ့ဒီတစ်နှစ်မှာ အရေးခင်းကြောင့် ပိတ်သွားတယ်။ အဲ့ဒါနဲ့ ဒုတိယတစ်ကြိမ်ပြန်ဖြေဖို့ အန်တီပေါက်ပြန်မဖြေချင်တော့ဘူး။ ဒါပေမဲ့ ဆယ်တန်းဖြေတဲ့နောက်ဆုံးနေ့မှာ အန်တီပေါက် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ Decision တစ်ခုကိုချနိုင်ခဲ့ပါတယ်။ အဲ့ဒါဘာလည်းဆိုတော့ အန်တီပေါက် ကျောင်းဆက်တက်မယ်ဆိုလို့ရှိရင် ပြန်လာရင်လည်း အဲဒီအချိန်တုန်းကတော့ ဒီမိတ်ကပ်ပြင်တဲ့ အလုပ်ကိုပဲဆက်လုပ်ရမှာလား၊ မိရိုးဖလာ ကျောက်အရောင်းအဝယ်အလုပ်ကိုပဲ ဆက်လုပ်ရမလားဆိုတာ အန်တီပေါက် မသေချာပါဘူး။ ကျောက်အရောင်းအဝယ် လုပ်မယ်ဆိုလို့ရှိရင်လည်း အရင်းအနှီးကလိုပါတယ်။ အဲဒီအတွက် အရင်းအနှီးကို မိဘက ပေးနိုင်ဖို့အတွက်လည်း အခက်အခဲရှိနိုင်ပါတယ်။ အဲ့ဒီတော့ နောက်ဆုံး အန်တီပေါက်  ဝါသနာပါတဲ့အလုပ်ကို တကယ်လို့ ၁ဝတန်းကိုအောင်သွားမယ်ဆိုလို့ရှိရင် ထူးထူးချွန်ချွန်အောင်ဖို့အတွက်ကိုလည်း ကိုယ်စာကြိုးစားခဲ့တဲ့အတွက် အောင်သွားမယ်ဆိုရင်လည်း အန်တီပေါက် တက္ကသိုလ်တက်ရပါမယ်။ အဲဒီလေးနှစ်ကို အန်တီပေါက်ဆက်မရင်းနိုင်တော့ပါဘူး။ ရင်းမယ့်အချိန်ကို အန်တီပေါက် အလှပြင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုမယ်ဆို အဲဒီလေးနှစ်အတွင်းမှာ အန်တီပေါက် အောင်မြင်မှုရနိုင်မယ်လို့ထင်တယ် လမ်းကြောင်းတစ်ခုပေါ်ကိုရောက်သွားမယ်လို့ထင်တယ်။ ထင်တဲ့အတိုင်းပဲ အန်တီပေါက် တကယ်ပဲ ကိုယ့်မြို့ကိုယ့်ရွာမှာအောင်မြင်မှုရခဲ့တယ်။ ရန်ကုန်မှာ ရုပ်ရှင်လောကထဲမှာ အငယ်ဆုံး အသက်ငယ်ပေမဲ့ မင်းသမီးတွေ၊ သရုပ်ဆောင်တွေရဲ့ ကိုယ့်ဆရာကိုယ်တိုင်ရဲ့ အားရကျေနပ်မှုကိုရခဲ့တယ်။ အဲဒီအတွက်ကို အန်တီပေါက်ဆုံးဖြတ်ချက်ကို အဲ့ဒီဆယ်တန်း စာမေးပွဲနောက်ဆုံးဖြေတဲ့ရက်မှာ ဆက်မဖြေတော့ဘူးဆိုပြီး ချခဲ့တဲ့ Decision က အန်တီပေါက် မှန်တယ်လို့ ကိုယ့်ကိုယ်ကိုထင်ခဲ့ပါတယ်။ အဲဒီအချိန်မှာကတည်းကနေ ရဲရင့်တဲ့ Decision မျိုးကိုချနိုင်ဖို့အတွက်ကိုလည်း မိဘတွေက ယုံကြည်မှုကို ပေးခဲ့တယ်။ ဒါပေမဲ့ ဆွေမျိုးမိဘတွေ ဘယ်သူမှ မသိခဲ့ပါဘူး။ ဆရာသမားတွေ အကုန်လုံး ဒီ Decision တစ်ခုကိုချခဲ့တယ်။ အဲ့ဒါကြောင့်မို့လို့လည်း အန်တီပေါက် ဝါသနာပါတဲ့ ပညာရပ်ကို ငယ်ငယ်ရွယ်ရွယ်မှာ လေ့လာခွင့်ရခဲ့တယ်။ လေ့လာနိုင်ခဲ့တယ်လို့ အန်တီပေါက်ထင်ပါတယ်။

၎။ အခက်အခဲတွေက အန်တီပေါက်အတွက် ဘယ်လိုတွန်းအားတွေဖြစ်စေခဲ့ပါသလဲ။

အခက်အခဲဆိုတာကတော့ အန်တီပေါက်အတွက် ပြောရမယ်ဆိုရင် အဲဒီအချိန်တုန်းကတော့ အခက်အခဲတွေပေါ့နော်။ ဒီလောကထဲဝင်လာတဲ့အချိန်မှာ အခုအချိန်မှာတော့ အဲ့ဒါတွေက တကယ့်လောကဓံမျိုးစုံနဲ့ ကြုံတွေ့ရတဲ့ချိန်မှာ အဲဒီအခက်အခဲတွေက မပြောပလောက်တဲ့ အခက်အခဲတွေလို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၁၇ နှစ် ရန်ကုန်ရောက်တဲ့ချိန်မှာ ကိုယ့်မိဘဆီက တစ်ပြားတစ်ကျပ်မှ လက်ဖြန့်မတောင်းခဲ့ဘဲနဲ့ ကျောင်းအားတဲ့အချိန်မှာ လုပ်ခဲ့တဲ့လုပ်အားခတွေနဲ့ ပြည့်ပြည့်စုံစုံ ကိုယ့်ဝင်ငွေနဲ့ကိုယ် ပညာလာသင်နိုင်လို့ပါပဲ။ အဲ့ဒီအတွက်ကို ဘာမှအခက်အခဲမရှိပါဘူး။ တစ်ခုက မြို့ကြီးမှာ နေရာထိုင်ခင်း အခက်အခဲတို့ဘာတို့ ဖြစ်ခဲ့တယ်ဆိုတာရယ် နောက်တစ်ချက်က ပတ်ဝန်းကျင် ကျောင်းသားဘဝကနေ လူမှုပတ်ဝန်းကျင်မှာ လူတွေနဲ့ လူမှုဆက်ဆံရေး အတွေ့အကြုံမရှိဘဲနဲ့ ရန်ကုန်ကိုရောက်ခဲ့တဲ့အချိန်မှာ တက္ကသိုလ်တစ်ခုကို လာတက်လိုက်ရသလိုပဲ ဘဝတက္ကသိုလ် တစ်ခုကိုလာတက်လိုက်ရသလိုပဲ ရုပ်ရှင်လောကထဲ ရောက်ခဲ့တာဖြစ်တဲ့အတွက် လူမှုဆက်ဆံရေး ကိုယ်ရဲ့ခံယူချက်သဘောထား အကုန်လုံးအစစအရာရာပေါ့နော်။ နောက်ဆုံး ကိုယ့်ကိုယ်ပိုင်ယုံကြည်မှုအတွက်ကစ ဆရာမိတ်ကပ်ဆန်နီက ဆရာလိုကော မိဘလိုကော သူငယ်ချင်းကောင်းတစ်ယောက်လိုကော အစ်ကို၊ အစ်မတွေလိုကော အားလုံး သူကသွန်သင်ဆုံးမပေးခဲ့ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက်လည်း ဆရာ့နားမှာ ဆေးပေးမီးယူ ခြေဆုပ်လက်နယ် ပြုပြီးတော့မှ  ရှေးခေတ်ကလိုပဲ ပညာရှာပမာသူဖုန်းစား ပုံစံမျိုးနဲ့ တပည့်ခံပြီးတော့ အန်တီပေါက် ဆရာချစ်အောင်နေပြီးတော့  ပညာသင်ယူခဲ့ပါတယ်။ အဲဒီအတွက်လည်း ဆရာသမားရဲ့ ချစ်ခင်မှုကိုရပြီးတော့မှ  ဒီဆရာတွေအပြင် ရုပ်ရှင်လောကမှာ ကြုံတွေ့ရတဲ့ မင်းသမီးသရုပ်ဆောင်တွေကလည်း ကိုယ့်ကို မို့မို့မြင့်အောင်တို့ စိုးမြတ်သူဇာတို့ အဲဒီခေတ်က မြတ်ကေသီအောင်တို့ဆိုလို့ရှိရင် တစ်ချို့ဆိုလို့ရှိရင် သူတို့ဆို မြတ်ကေသီအောင်တို့ဆို ရွယ်တူပေါ့နော်။ သူငယ်ချင်းတွေလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်တယ်။ အဲ့ဒီအတွက် အားလုံးက ချစ်ခင်ပြီးတော့မှ အကြံဉာဏ်တွေပေးခဲ့တယ်။ သွန်သင်ဆုံးမပေးခဲ့တယ်။ အဲဒီအတွက်ကို  ဒီရုပ်ရှင်လောကထဲကို ရောက်တာကိုလည်း ကျေနပ်အားရပါတယ်။

၅။ ပြီးတော့ အနုပညာလောကထဲကိုကော ဘယ်နှခုနှစ်မှာ စတင်ဝင်ရောက်ဖြစ်ခဲ့တာလဲ။ အန်တီ ပေါက်ပထမဆုံးမိတ်ကပ်လိမ်းပေးခဲ့တဲ့ အနုပညာရှင်ကိုလည်း သိပါရစေ။

ပထမဦးဆုံးလိမ်းပေးဖူးတဲ့ အနုပညာရှင်က မြတ်ကေသီအောင်ပါ။ အဲဒီနောက်ပိုင်းမှ တစ်ဆင့်တစ်ဆင့်နဲ့ အဲဒီခေတ်က မင်းသမီးအားလုံးနီးပါးပေါ့နော်။ တော်တော်များများကို အန်တီပေါက်လိမ်းပေးဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်က ဆိုလို့မလိမ်းပေးဖူးတဲ့ မင်းသမီးဆိုတာ ရှိမယ်ဆိုလို့ရှိရင် အဲဒီခေတ်က မေဆွိနဲ့ တင့်တင့်ထွန်းကို အန်တီပေါက် မလိမ်းပေးဖူးပါဘူး။ နောက်ပိုင်းတော့မဆွေကိုလည်းပြင်ပေးဖြစ်ခဲ့ပါတယ်။ ကျန်တဲ့မင်းသမီးတွေ တော်တော်များများတော့ အန်တီပေါက်ပြင်ပေးဖြစ်ပါတယ်။

၆။ အနုပညာလောကဆိုတာ မိတ်ကပ်ပညာရှင်တွေအများဆုံးရှိနေကြတဲ့နေရာပေါ့နော်။ အဲ့ဒီလို အပြိုင်အဆိုင်အများကြီးထဲကမှ မိုးကုတ်ပေါက်ပေါက်ဆိုပြီး နာမည်တစ်လုံးနဲ့ အခုလို ရပ်တည်လာနိုင် အောင် အန်တီပေါက်ဘယ်လို ကြိုးစားခဲ့ရပါသလဲ။

ဒီအနုပညာလောကမှာပေါ့ အန်တီပေါက်တို့ခေတ်တုံးက ကိုယ်နဲ့ဝါသနာတူ သူငယ်ချင်းတွေပေါ့နော်။ အများကြီး အမျိုးသမီးတွေလည်း ရှိမယ်၊ Gay မိတ်ကပ်ပညာရှင်တွေလည်းရှိကြတယ်ပေါ့နော်။ အဲ့ဒီခေတ်က သိပ်ပျော်စရာကောင်းပါတယ်။ အန်တီပေါက်တို့ မိတ်ကပ်ဆန်နီဆီမှာ ပညာသင်တယ်ဆိုပေမယ့် အဲဒီချိန်မှာဟို ဦးမာတို့ဆီမှာ မိတ်ကပ်အောင်အောင်တို့ ရှိမယ်ပေါ့နော်။ ဒီဇင်ဘာနှင်းတို့ရှိမယ်။ မကြီးစန်း ခင်စန်းဝင်းကလည်း ဆရာတူညီအစ်မတွေပါ။ ကျန်တဲ့သူငယ်ချင်းတွေအများကြီးရှိပါတယ်။ ဒီဇင်ဘာနှင်းဆို အန်တီပေါက်တို့နဲ့ ရွယ်တူပေါ့နော်။ အန်တီအောင်တို့ကတော့ နည်းနည်းကြီးတာပေါ့။ အဲ့ဒီလို ဆရာချင်းမတူပေမယ့် ရိုက်ကွင်းတွေမှာတွေ့ရင် အားလုံး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပညာနဲ့ပတ်သက်တာ ဖလှယ်ကြ တူတူစားကြသောက်ကြ ရယ်စရာတွေပြောကြပေါ့နော်။ ရုပ်ရှင်လောကထဲမှာ ပျော်ရွှင်စွာပဲဖြတ်သန်းခဲ့ကြတယ်။ ဒီကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တစ်ထောင်ဝန်းကျင်မှာပေါ့နော်။ အားလုံးကပျော်ရွှင်စွာနဲ့ပဲ အန်တီပေါက်တို့ဒီ ဆရာတွေဆိုင်ရှေ့တွေမှာဖြတ်သန်းခဲ့ကြတယ်။ ပြီးတော့ အဲဒီလိုကြားထဲမှာပဲ ဒီဇင်ဘာနှင်းဆိုလို့ရှိရင် သူအခု သူ့မိတ်ကပ်လောကမှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့မှအောင်မြင်သလိုပဲ မိတ်ကပ်အောင်အောင်ဆိုလို့ရှိရင် သူ့ခေတ်သူ့အခါမှာ အအောင်မြင်ဆုံးလို့ပြောလို့ရပါတယ်။ အဲဒီလိုပဲပေါ့နော် အန်တီပေါက် အဲ့ခေတ်ကလူငယ်တွေက ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီးတော့မှ အားလုံးကအောင်မြင်လာကြတယ်။ ဒါပေမဲ့ အဲဒီထဲမှာပေါ့နော် အန်တီပေါက်အောင်မြင်တယ်လို့ အောင်မြင်အောင် ကြိုးစားတယ်ဆိုတဲ့အရာမှာ အန်တီပေါက်မှာ ငယ်ငယ်တုန်းကရင်း Plan ရှိပါတယ်။ အန်တီပေါက်မှာ Strategy လည်းရှိပါတယ်။ အဲဒီအချိန်ကဘာလည်းဆိုတော့ အန်တီပေါက် မန္တလေးကိုပြောင်းရမယ့် အချိန်မှာ အန်တီပေါက် Decision တွေလုပ်ရပြန်တယ်။ အဲဒီတော့ အန်တီပေါက် မန္တလေးနဲ့ ရန်ကုန် ဘယ်ဟာကိုရွေးမလဲဆိုတော့ အဲဒီအချိန်မှာ Marketing နဲ့ပတ်သက်တဲ့ Sense တွေ အန်တီပေါက်မှာရှိနေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်မှာဆိုလို့ရှိရင် ကိုယ့်သူငယ်ချင်း အောင်အောင်က နေရာရမယ်။ အောင်မြင်မယ်။ တောက်မယ့်မီးခဲ တရဲရဲ ဖြစ်နေပြီဆိုတာ အန်တီပေါက်သိပါတယ်။ အဲဒီတော့ရန်ကုန်မှာလုပ်မယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ Competitor တွေရှိတယ် Competiton ပိုများတယ်။ အခြားသော မိတ်ကပ်ဆရာတွေလည်း ရှိတယ်ပေါ့နော်။ ပြီးတော့အဲဒီချိန်မှာ မန္တလေးရဲ့စီးပွားရေးက ရန်ကုန်ထက်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးက လမ်းဆုံလမ်းခွဖြစ်တယ်။ ဗမာပြည်ရဲ့ Center ဖြစ်တယ်။ အဲဒီချိန်မှာ မန္တလေးက နယ်စပ်နဲ့ပတ်သက်တဲ့ ဒီကုန်သွယ်ရေး၊ ဆက်သွယ်ရေးတွေ၊ ဆက်ဆံရေးတွေ ကုန်သွယ်ရေးတွေအတွက် Trading တွေအရမ်းကောင်းတဲ့ အချိန်ဖြစ်တယ်။ အဲဒီအချိန် ဖြစ်တော့ မန္တလေးက ခေတ်ကောင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် အန်တီပေါက် မန္တလေးကိုရွေးတယ်။ မန္တလေးက စီးပွားပိုဖြစ်တယ်။ လူတွေရဲ့ Spending power ပိုများတဲ့အချိန်မှာ အဲတုန်းကတော့ ၉၅ ၊ ၉၆ ဆိုတော့ပေါ့နော်။ ပြီးတော့ အဲဒီချိန်မှာ ကျောက်စိမ်းသူဌေးတွေလည်း အရမ်းများတဲ့အချိန်ပေါ့နော်။ အဲဒီတော့ မန္တလေးက စီးပွားဖြစ်မယ်ဆိုတာ နံပါတ်တစ် သိပါတယ်။ နံပါတ်နှစ်ကဘာလဲဆိုတော့ မန္တလေးက အနုပညာသမားတွေ၊ အနုပညာကို ချစ်မြတ်နိုးတယ်။ အဲဒီတော့အန်တီပေါက် ရန်ကုန်ရုပ်ရှင်လောကမှာ နေလာတာဖြစ်တဲ့အတွက် အန်တီပေါက် မန္တလေးမှာ နေရာရဖို့ဆိုတာ လွယ်ကူတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက အဲ့ဒီ Strategy ချပါတယ်။ အဲဒီချိန်မှာ ဒီ SWOT Analysis ဆိုတာ အန်တီပေါက် သေချာမသိပေမယ့် အဲဒီပုံစံနဲ့ SWOT ပုံစံထဲကိုထည့်ပြီး ပုံစံချပြီးတော့မှ ကိုယ့်ကိုယ်ကိုလုပ်ခဲ့ပါတယ်။ အဲဒီချိန်မှာ အန်တီပေါက် အသက် ၂၃ နှစ်ရှိပြီ။ အဲဒီတုန်းက အန်တီပေါက် ဒီစီးပွားရေးနဲ့ ပတ်သက်တဲ့ Management ပတ်သက်တဲ့ ပညာရပ်တွေ အန်တီပေါက် မသင်ဖူးပါဘူး။ ဒီိအတွေးအခေါ်တွေက ကိုယ်စာဖတ်ရင်းနဲ့ပဲ ရခဲ့တဲ့ အတွေးအခေါ်တွေပါ။ အဲဒီမှာ ကိုယ့်ရဲ့ အားသာချက်တွေ  အားနည်းချက်တွေ ကိုယ့်ရဲ့အခွင့်အလမ်းတွေ ကိုယ့်ရဲ့ဆုံးရှုံးနိုင်မှုပေါ့နော် ဒီ Risk အားလုံးကို Plan လုပ်ပြီးတော့မှ မန္တလေးကိုပြောင်းနိုင်ခဲ့ပါတယ်။ အဲဒီတော့ အားလုံးက အန်တီပေါက်ရဲ့ဒီကြုံတွေ့နေရတဲ့ အောင်မြင်မှုကို ဒီဘယ်အကြောင်းအရာနဲ့ရလဲဆိုတော့ အန်တီပေါက် အရာရာကို သေသေချာချာ Plan လုပ်ပါတယ်။ ပြီးတော့ အန်တီပေါက်မှာ Strategy အမြဲရှိပါတယ်။ အဲဒီလို အဲဒီပုံစံမျိုးနဲ့ အန်တီပေါက် လုပ်ငန်းတစ်ခုကို လုပ်တဲ့အတွက် အန်တီပေါက် သေချာ Manage လုပ်ပါတယ်။ Artist ဖြစ်ပေမယ့် Management အားနည်းမှာစိုးလို့ အန်တီပေါက် အဲဒီအပိုင်းလေးတွေကို ဂရုစိုက်ပြီးလုပ်ခဲ့ပါတယ်။ အဲဒီချိန်ကရင်း Magazine မှာကြော်ငြာတာတို့၊ သတင်းစာမှာ ကြော်ငြာတာတို့၊ Promotion လုပ်တာတို့ အဲလိုပုံစံမျိုးတွေနဲ့ အန်တီပေါက် Self-study လုပ်ပြီးတော့မှ အန်တီပေါက် ကိုယ့် Business ကိုယ်လုပ်ခဲ့ပါတယ်။

၇။ စိတ်ဓာတ်ကျတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုရင်ဆိုင်အားတင်းပါသလဲ။

အန်တီပေါက် များသောအားဖြင့် စိတ်ဓာတ်ကျတယ်ဆိုတဲ့အရာက အချိန်လေးက အခိုက်အတန့်ပဲ ဖြစ်တတ်ပါတယ်။ အဲဒီအခိုက်အတန့်ဆိုလို့ရှိရင် ဒီစိတ်ဓာတ်ကျရခြင်း အကြောင်းအရင်းကို ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျနေပြီဆိုရင် ကိုယ့်ကိုယ်ကို သတိရှိအောင် အမြဲနေပါတယ်။ စိတ်ဓာတ်ကျနေပြီဆိုရင်လည်း စိတ်ဓာတ်ကျနေပြီပေါ့။ ကိုယ်အလုပ်လုပ်ဖို့တကယ့်ကို Hyper ဖြစ်နေပြီဆိုလည်း Hyper ဖြစ်နေပြီပေါ့နော်။ အဲ့ဒီလို ကိုယ့်ကိုယ်ကို သတိရှိအောင် ဘာသာရေး အဆုံးအမနဲ့ အန်တီပေါက်နေပါတယ်။ အဲ့ဒီအတွက်ကိုယ် သတိရှိတဲ့အတွက် အန်တီပေါက် တစ်ခုခုဖြစ်တော့မယ်ဆိုရင် ဖြစ်နေတာကို သိအောင် အန်တီပေါက် ကြည့်ပါတယ် သတိပေးပါတယ်။ အဲတော့ စိတ်ဓာတ်ကျနေပြီဆိုရင် ကိုယ်ဘာဖြစ်နေလဲ စိတ်ရှုပ်နေတယ်။ စိတ်ရှုပ်ပြီးတော့ Depression ရနေလား။ စိတ်ဓာတ်ကျနေပြီဆိုရင် အန်တီပေါက် ကိုယ့်ကိုယ်ကိုစိတ်ဓာတ်ကျမှန်းသိတဲ့အတွက် စိတ်ဓာတ်မကျအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးပါတယ်။ အဲ့တော့ အန်တီပေါက် နောက်မှလေ့လာဖူးတာက Jewish တွေက ကလေးတွေကို အမြဲတမ်း မေးခွန်းမေးတတ်အောင် သင်ပေးပါတယ်တဲ့ ကလေးတွေကိုတဲ့။ အဲဒါကြောင့်မို့လို့  Jew တွေရဲ့ဦးနှောက်က ဘာလို့ဒီလောက် ထူးချွန်ထက်မြက်ပြီး အရမ်းတော်ကြလဲဆိုတာ သိနိုင်ပါတယ်။ အဲဒါကို အန်တီပေါက်ကို Papa ကငယ်ငယ်လေးကတည်းက အကျင့်လုပ်ပေးထားပါတယ်။ အဲဒီတော့ အန်တီပေါက် ဒီကိုယ့်ကိုယ်ကို မေးခွန်းပြန်မေးပါတယ်။ ဘာဖြစ်လို့လဲဆိုတာ အမေးရှိရင် အဖြေရှိတယ် အဲ့ဒီအတွက်ကို အချက်အလက်တွေ အကုန်လုံးရလာပါတယ်။ ကိုယ်ဘာလို့စိတ်ဓာတ်ကျနေလဲ။ လူမှုရေးအရလား၊ စီးပွားရေးအရလား ဘယ်အကြောင်းကြောင့်လဲပေါ့နော်။ အချစ်ရေး မေတ္တာရေးကြောင့်လား တစ်ခုခုပေါ့နော်။ အဲဒါကြောင့်ဘာဖြစ်သလဲဆိုတာ အဖြေထွက်လာတဲ့အခါ အန်တီပေါက် ဒီစိတ်ဓာတ်ကျတာကို ဖြေရှင်းဖို့ကို ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင် စိတ်ရှင်းအောင် ကိုယ့်ကိုယ်ကို သတိလေးနဲ့ကပ်ပြီးတော့ အန်တီပေါက် တရားမှတ်ပါတယ်။ အေးအေးချမ်းချမ်းလေးနဲ့ တရားမှတ်ပြီးသွားတဲ့အခါမှာ နောက်ထပ်လူတစ်ယောက်ဖြစ်သွားပါပြီ။ အဲဒီချိန်မှာ ခွန်အားသစ်နဲ့ ပြန်ပြီးတော့မှ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းနဲ့ ကိုယ့်ရဲ့အလုပ်တွေ၊ လူမှုရေးအလုပ်တွေကို ပြန်ပြီးလုပ်နိုင်တဲ့ နောက်ထပ်လူအသစ်တစ်ယောက်အနေနဲ့ ဖန်တီးယူလိုက်ပါတယ်။ အန်တီပေါက် စိတ်ကို အနုပညာသမား ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Mood ကို ကိုယ်လိုသလို Aircon လိုပဲ remote နဲ့ control လုပ်လို့ရအောင် အမြဲလုပ်ထားပါတယ်။ အခုချိန်မှာပျော်တဲ့ Mood ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို ပျော်အောင်လုပ်လို့ရအောင် တကယ်လို့ ကိုယ့်ကိုယ်ကို တည်တည်ငြိမ်ငြိမ်လေး ဖြစ်ချင်ရင် တည်ငြိမ်လို့ရအောင် ကိုယ့်ကိုယ်ကို control လုပ်လို့ရအောင် self-control လုပ်နိုင်အောင်လို့ အန်တီပေါက် အမြဲတမ်း ဒီ mood ကို control လုပ်နိုင်အောင် လေ့ကျင့်ထားပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်နိုင်ဖို့အတွက်က တကယ်ပဲ ခက်ခဲတဲ့အတွေ့အကြုံ ခါးသီးတဲ့အတွေ့အကြုံ၊ ခါးသီးတယ်ဆိုတာ ဝမ်းနည်းစရာထိခိုက်စရာ  အတွေ့အကြုံတွေ emotion ပေါင်းမြောက်မြားစွာကို ဖြတ်ကျော်လာပြီးလို့လည်း ဒီလိုကိုယ့်ကိုယ်ကို control လုပ်လို့ရအောင် ပြင်ဆင်လာနိုင်တာဖြစ်တယ်။ အဲဒီအတွေ့အကြုံတွေကတော့ ရှိခဲ့တာပေါ့နော်။

၈။ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ရင် အန်တီပေါက်ရဲ့ လက်ရာဒီဇိုင်းတွေက အမြဲဆန်းသစ်တီထွင်မှုရှိတယ်။ ကြည့်လိုက်တာနဲ့ အန်တီပေါက်လက်ရာမှန်းသိတယ်ပေါ့နော်။ အဲ့ဒီလို အမြဲ update ဖြစ်နေအောင် ဘယ်လိုလေ့လာအားထုတ်ပါသလဲ။

အန်တီပေါက် ဖက်ရှင်လောကထဲကို ဝင်တဲ့အချိန်ကာလဆိုတာက အမှန်အတိုင်းပြောရရင်တော့  သတ်မှတ်ရခက်ပါတယ်။ အန်တီပေါက် မိတ်ကပ်လိမ်းနေစဉ် ကာလအတွင်းမှာပဲ ဖက်ရှင်ကို လေ့လာပြီးတော့ ၈၉ လောက်ကစပြီးတော့ အန်တီပေါက် မိုးကုတ်က သတို့သမီးတွေ အဝတ်အစားကိုချုပ်ပေးပါတယ်။ အဲဒီအချိန်တွေတုန်းမှာတော့ ကိုယ်တိုင်မချုပ်တတ်သေးတဲ့အတွက် အန်တီပေါက် design ဆွဲပေးပြီး စက်ချုပ်ဆရာကိုအပ်တယ်ပေါ့နော်။ Detail တွေကိုကိုယ်တိုင်လုပ်တယ်။ အဲဒီလို ဖန်တီးပေးခဲ့ဖူးပါတယ်။ အဲဒီသတို့သမီးတွေရဲ့ သားသမီးတွေက အသက်၂ဝ၊ ၂၅ ဝန်းကျင်ရောက်နေကြပြီပေါ့နော်။ အဲဒီ သတို့သမီးတွေနဲ့ တွေ့တော့မှသာလျှင် ကိုယ်က အဲဒီချိန်ကရင်း Fashion နဲ့ Dress making လုပ်ခဲ့တယ်ဆိုပြီး  ကိုယ့်ကိုယ်ကိုသတိထားမိတယ်။ Fashion designer လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာ ၉၇၊ ၉၈ ပါ။ အဲဒီမှာ နိုင်ငံခြားသားတွေ ဗမာပြည်ကို Fashion show တွေလာပြကြတာ ကြည့်ဖြစ်ပါတယ်။ ပထမဦးဆုံး Live Fashion Show ကိုကြည့်ဖူးတာပါ။ အဲဒီအချိန်မှာ ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ်ကို ကိုယ်သိသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Show မှာ ဆံပင်တွေ မိတ်ကပ်တွေ ပြင်ရင်းနဲ့ သူတို့ရဲ့ ဒီ အဝတ်အစား Changing Room ထဲကနေ အန်တီပေါက် မထွက်နိုင်တော့ပါဘူး။ အဲဒီ Fashion Designer ရဲ့ဝတ်စုံတွေကို Singapore က Designer ပါ။ သူ့ရဲ့ Brand က Silhouette ပါ။ Bridal Designer ပေါ့နော်။  သူ့ Design တွေကို ကြည့်ပြီး အန်တီပေါက် လုံးဝအခန်းထဲက မထွက်နိုင်ခဲ့ဘူး။ Fashion Designer လုပ်မယ်လို့လည်း ဆုံးဖြတ်လိုက်တယ်။ ခိုင်ခိုင်မာမာပေါ့နော်။ ဘာဖြစ်လို့ဆုံးဖြတ်ရတာလဲဆိုတော့ အန်တီပေါက်ဘဝမှာ Decision တွေတစ်ချိန်လုံး အမြဲတမ်းခဏခဏချရတဲ့ Decision ကို အန်တီပေါက် လုပ်ခဲ့ရပါတယ်။ လုပ်လို့ အန်တီပေါက် Turning လုပ်လာတဲ့အရာတွေ အကုန်လုံးက အန်တီပေါက် Turning point မှာလှလှလေးရွှေ့နိုင်ခဲ့တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ကပ်လောကနဲ့ မိတ်ကပ်အလုပ်နဲ့ ရပ်တည်မယ်ဆိုရင် အန်တီပေါက် လက်နဲ့ကိုယ်တိုင်လုပ်ရပါတယ်။ ကိုယ်တိုင်လုပ်ရတဲ့ အလုပ်လုပ်ရတာက အများကြီးကျယ်ကျယ် ပြန့်ပြန့်လုပ်လို့မရပါဘူး။ အန်တီပေါက်က ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်ပါတယ်။ ပြီးတော့ မိတ်ကပ်လောကမှာ နောက်ထပ်အောင်မြင်ဖို့ဆိုတာ အောင်မြင်စရာလည်းမရှိတော့ပါဘူး။ နောက်ထပ်အောင်မြင်မယ်ဆိုလို့ရှိရင်လည်း တစ်ရက်မှာ လူတစ်ယောက်က သတ်မှတ်ထားတဲ့ သတို့သမီးအချိန်က ၄ကြိမ် ၅ကြိမ်ပေါ့နော်။ ၁ ကြိမ်မှာ ၂ ယောက်၊ ၃ ယောက်ပြေးလိမ်း။ အလွန်ဆုံး သတို့သမီး ၁ဝ ယောက်လောက်ထပ် ပိုမလိမ်းနိုင်ပါဘူး။ အဲဒီတော့ အန်တီပေါက် လုပ်ငန်းကို ကျယ်ပြန့်ချင်ပါတယ်။ အန်တီပေါက် တစ်ဖက်မှာလည်း အနုပညာအလုပ်ကို လုပ်တာဖြစ်သလို အဲ့ဒီအနုပညာကို အခြေခံပြီးတော့လည်း အန်တီပေါက် Business လုပ်ချင်ပါတယ်။ အဲဒီတော့ ဒီ Business ကိုလုပ်မယ်ဆိုလို့ရှိရင် ဒီ Makeup အလုပ်နဲ့ လုပ်လို့မရဘူးဆိုတာ နားလည်ပါတယ်။ ဒီအလုပ်က ကြီးပွားချမ်းသာဖို့လည်းမဖြစ်နိုင်ပါဘူး။ တကယ်တမ်းက Fashion အလုပ်ကို လုပ်ခဲ့တာကလည်း ကြီးပွားချမ်းသာဖို့ လုပ်ခဲ့တာမဟုတ်ပေမဲ့ ပိုပြီးကျယ်ပြန့်အောင်လုပ်လို့ရဖို့ အန်တီပေါက် Fashion အလုပ်ကိုရွေးခဲ့တာဖြစ်တယ်။ အဲဒီတော့ တကယ်ပဲ အဲ့ဒီလို Fashion လောကထဲဝင်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ Fashion ပညာသင်ဖို့လိုအပ်ပါတယ်။ သင်ဖို့လိုအပ်လာတဲ့အချိန်မှာ Fashion ကျောင်းရှာတာက အန်တီပေါက် အချိန် ၃ နှစ်လောက်ကြာသွားပါတယ်။ အဲဒီအချိန်မှာ Internet တွေဘာတွေမသုံးတတ်ဘဲနဲ့ ပြီးတော့ မန္တလေးမှာပေါ့နော် ဒီမိတ်ကပ်အလုပ်ကော၊ Model Agency ကောလုပ်ခဲ့ပြီးတော့ အန်တီပေါက်ဒီ Fashion ကို ကိုယ်ဝါသနာပါတဲ့ တစ်စိတ်တစ်ပိုင်းလေးပေါ့ ကိုယ့် Model တွေကိုဆင်ပေးရင်းနဲ့ Fashion တွေလုပ်ခဲ့တယ်၊ သတို့သမီးတွေကိုဆင်ခဲ့တယ်ပေါ့နော်။ အဲဒီလိုအပ်တဲ့ နည်းပညာတွေကို ဘယ်လိုချုပ်လဲ၊ ဘယ်လိုလုပ်လဲ ဆိုတော့ အန်တီပေါက်အနေနဲ့ အဲဒီချိန်တုန်းကDesign ဆွဲတယ်။ ကိုယ်တိုင် စက်ပေါ်တက်ပြီးတော့မှတော့မချုပ်ဘူး။ နောက်ပိုင်းကျတော့ လုပ်လာ ချုပ်ဆိုရင် လက်နဲ့တော့ချုပ်ဖြစ်တယ်။ စက်နဲ့တော့ မချုပ်ဖြစ်ဘူးပေါ့နော်။ ဒါပေမဲ့ အန်တီပေါက် တကယ်လုပ်ဖြစ်လာတဲ့အချိန်မှာ လက်တွေ့ တကယ်လုပ်ကြည့်တော့လည်း လုပ်တတ်နေတယ်။ အဲဒီ ပါရမီထူးကိုတော့ရတာပေါ့နော်။ အန်တီပေါက် ကံကောင်းပါတယ်။ အဲဒီတော့ ကျောင်းရှာရင်းနဲ့ နောက်ဆုံးအဲဒီကျောင်းရှာဖို့အတွက်ကို ဘယ်လိုသွားတွေ့လည်းဆိုတော့ အန်တီပေါက် Business နဲ့ပတ်သက်တဲ့ Management အတန်းလေး ကို ဒီ AAT Business Centre မှာတက်ပါတယ်။ အန်တီပေါက် Teacher ဒေါ်အေးအေးသန့် ဆီမှာပေါ့နော်။ အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့ အဲဒီသင်တန်းတွေက များသောအားဖြင့် ဘွဲ့ရပညာတတ်တွေပဲ တတ်လို့ရတဲ့အတန်းတွေပါ။ ဒါပေမဲ့ အန်တီပေါက်ရဲ့ Talent လေးကိုသိတော့ Teacher က အန်တီပေါက် Join ကြည့်ပါလားဆိုတော့ အန်တီပေါက်က အတန်းထဲမှာဆို Teacher ကိုယ်တိုင်ကလည်း အားရတယ်ပေါ့နော်။ ထူးချွန်တဲ့ Teacher ရဲ့ သင်တန်းသား ဖြစ်ခဲ့တယ်။ Teacher ကနေပဲ လမ်းညွှန်ပေးလို့ အန်တီပေါက် Internet ကိုသုံးဖြစ်ခဲ့တယ်။ သုံးဖြစ်ရင်းနဲ့ပဲ အန်တီပေါက် ကျောင်းတွေဘာတွေ ရှာတွေ့သွားပြီးတော့မှ Milan မှာ Fashion ပညာသင်ဖို့ အန်တီပေါက် မန္တလေးကနေ တစ်နှစ်ထွက်သွားပါတယ်။ အဲဒီမှာ ပုံမှန် ၂ နှစ်အတန်းကို ၁ နှစ်နဲ့ပဲ ပြီးအောင်တက်ပြီး ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ Fashion လောက က မန္တလေးဖြစ်နေတဲ့အတွက် Fashion ဆိုတဲ့ Business က အန်တီပေါက်အတွက် သိပ်ပြီးတော့မှ စောနေတဲ့လူဖြစ်နေတယ်။ အဲဒီအတွက်ကို အန်တီပေါက် လုပ်ငန်းက အောင်မြင်တယ်လို့ ပြောလို့မရပါဘူး။ မိတ်ကပ်အလုပ်နဲ့မို့လို့ ရပ်တည်လို့ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီချိန်ကတည်းကနေ ရန်ကုန်ဆင်းလာပြီးတော့ Magazine Cover တို့ Magazine ရဲ့စာမျက်နှာတွေနဲ့ ဒီ Jewellery Show တွေမှာ အန်တီပေါက် Sponser ပေးပြီးတော့ အဝတ်အစားတွေ Collection တွေကိုပြရင်းနဲ့  Fashion နဲ့ပတ်သက်ပြီးတော့ အန်တီပေါက်ကို လူသိပြီးတော့မှ Fashion Designer တစ်ယောက်၊ Talent ရှိတဲ့ Fashion Designer တစ်ယောက်လို့ လူတွေလက်ခံခဲ့ပါတယ်။

၉။ လက်ရှိမှာ အန်တီပေါက် ပင်တိုင်တာဝန်ယူထားဖြစ်နေတဲ့ အနုပညာရှင်တွေကိုလည်းသိပါရစေ။

အခုလောလောဆယ်မှာတော့ အန်တီပေါက် ပင်တိုင်တာဝန်ယူနေတဲ့ အနုပညာရှင်တွေဆိုတော့ ပင်တိုင်ရယ်လို့တော့ မရှိပါဘူး။ အန်တီပေါက် မိဘလို၊ အစ်မလို ချစ်ခင်တဲ့ မမို့ကိုတော့ အမြဲတမ်း အန်တီပေါက်အနေနဲ့ ကိုယ့်မိသားစုလို ဖြစ်နေတဲ့အတွက် ဆင်ပေးဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဝတ်မှုန်ရွှေရည် ပေါ့နော်။ သူကတော့ Designer အားလုံးက ကစ်ကစ်ကို ချစ်ကြတဲ့အတွက် အားလုံး လုပ်ပေးကြပါတယ်။ ဒါပေမဲ့ အန်တီပေါက်အနေနဲ့ကတော့ သူရဲ့တကယ့်အရေးကြီးတဲ့ အခမ်းအနားတွေအတွက် အန်တီပေါက် လုပ်ပေးဖြစ်ပါတယ်။ သူတို့ကလည်း တစ်မြို့တည်းက မိသားစု မောင်နှမတွေလို ဖြစ်နေတဲ့အတွက် အန်တီပေါက် ကစ်ကစ်လေးကိုလည်း ဆင်ပေးဖြစ်တဲ့သဘောပါ။ ကျန်တဲ့ကိစ္စတွေကြောင့် မရှိပါဘူး။

၁ဝ။ တချို့တွေက ထင်ကြတယ်။ အနုပညာရှင်တွေကမှ လုပ်ငန်းသဘောအရ ဖက်ရှင်ကျကျ ဝတ်စား ဖို့ အရေးကြီးတာလို့ မြင်ကြတယ်။ သာမန်လူတွေအတွက် အရေးမကြီးဘူးပေါ့နော်။ အဲ့ဒီအပေါ် အန်တီပေါက်အမြင်ကကော ဘယ်လိုရှိပါသလဲ။

အန်တီပေါက်တို့ တိုင်းပြည်မှာ အရင်တုန်းကပေါ့နော် ရှေးတုန်းကရုပ်ရှင်လောက၊ အနုပညာလောကမှာ ရှိတာလေးနဲ့ လှအောင်ဝတ်ပြီးတော့မှ Fashion ကျကြတယ်။ ဥပမာ- ဝင်းဦးတို့၊ ဒေါ်ခင်ယုမေတို့၊ ဒေါ်ဝါဝါဝင်းရွှေတို့ပေါ့နော်။ သူတို့က Fashion ကျကြပါတယ်။ အဲ့ဒီလိုပဲ Fashion ကျတဲ့ အမျိုးသမီးအနုပညာရှင်တွေ၊ အမျိုးသားအနုပညာရှင်တွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းပေါ့နော် ဒီ Fashion နဲ့ပတ်သက်ပြီးတော့မှ မြန်မာပြည်ရဲ့ အနုပညာလောကမှာ တဖြည်းဖြည်း လျော့လာပါတယ်။ လျော့လာပြီးတော့မှ ကိုယ်ပိုင်တီထွင်ဝတ်တာထက်ဆိုင်ရင် အိမ်နီးချင်းနိုင်ငံကလာတဲ့ အဝတ်အစားတွေကို လွယ်လွယ်ကူကူ ၁၉၈ဝ၊ ၁၉၉ဝ ခုနှစ်တွေမှာ လွယ်လွယ်ကူကူပဲဝတ်ပြီးတော့ သေချာတီထွင်တာမျိုး သိပ်မမြင်ရတော့ပါဘူး။ အထူးသဖြင့်ပေါ့နော် အန်တီပေါက်တို့ ဆရာဆို မမို့တို့ကို တီထွင်ပေးတယ်ပေါ့နော်။ မဆွေ မေဆွိဆိုလည်း သူ့ရဲအစ်မ မသီရိကေခိုင်နဲ့ပေါင်းပြီးတော့မှ သူတို့တီထွင်ကြတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းတွေမှာ Fashion ကိုထူးထူးခြားခြား တီထွင်ပေးနိုင်မယ့် ပညာရှင်တွေလည်း လျော့သွားခဲ့သလို မင်းသမီးတွေကလည်း အဆင်ပြေသလိုပဲ ဝတ်ခဲ့ကြပါတယ်။ သရုပ်ဆောင်တွေကလည်း အဲဒီတော့ အန်တီပေါက်တို့ဒီရဲ့ အနုပညာလောကမှာ Fashion မှေးမှိန်တဲ့ကာလလို့ အန်တီပေါက် တို့ပြောလို့ပြောလို့ရပါတယ်။ အဲဒီအခုနောက်ပိုင်းမှာမှတဖြည်းဖြည်းနဲ့ Fashion ကပိုပြီးတော့မှ ခေတ်မီလာပါတယ်။ အဲ့ဒီအချိန်ကာလတစ်ခုမှာဆိုလို့ရှိရင် သာမန် socialites တွေကသာမန်လူတွေ ဝတ်စားဆင်ယင်မှုတွေက သရုပ်ဆောင်နဲ့အလိုက် အနုပညာရှင် Celebrities တွေထက် အများကြီးသာလွန်နေပါတယ်။ ဒါကိုလည်း ပါးနပ်တဲ့ အနုပညာရှင်တွေက သတိထားမိလာတဲ့ အချိန်မှာ သူတို့ကိုယ်သူတို့ မြင့်တင်ပြီးတော့မှ ကြိုးစားပြီးတော့မှ ဝတ်ဆင်တဲ့အတွက် တကယ်ပညာတတ်ပြီးတော့ ပညာတတ်တဲ့အနုပညာရှင်တွေ ပေါ်ထွက်လာတဲ့အချိန်မျိုးမှာ သူတို့ကဒီ Fashion ကိုနားလည်ပြီးတော့မှ ဝတ်ဆင်ကြတဲ့အတွက် တဖြည်းဖြည်းနဲ့ အနုပညာရှင်တွေရဲ့ Fashion က ပိုပြီးတော့မှ ခေတ်မီပြောင်းလဲလာတယ်လို့ အန်တီပေါက်ထင်ပါတယ်။ ဒါကအနုပညာရှင်နဲ့ Fashion  ဆက်စပ်တဲ့ဟာလေးကို ပြောပြတာပါ။ နောက်တစ်ချက်က အနုပညာရှင်တွေက အားလုံးကို လူတော်တော်များများကို Influence လုပ်နိုင်ပါတယ်။ အဲ့ဒီလို လွှမ်းမိုးနိုင်တဲ့အတွက် သူတို့ကို အတုယူပြီးတော့မှ လူတွေကအများစု သာမန်ပြည်သူတွေက ဝတ်ဆင်ကြပါတယ်။ အဲဒီအတွက် သူတို့ကစံပြနမူနာအနေနဲ့ လှဖို့မလှဖို့၊ ခေတ်မီဖို့ခေတ်မမီဖို့ နောက်ထား Grooming ကအရေးကြီးပါတယ်။ ဥပမာ အန်တီပေါက် နမူနာတစ်ခုပြောရမယ်ဆိုရင် ဆံပင်ပါ။ ဆံပင်အရောင်ဆိုးတယ်၊ အရင်ကဆံပင်အမည်းရောင်ပြန်ထွက်လာတယ်၊ ဒါပေမဲ့ အဲဒီဆံပင်ကြောင်ကျားကြီးနဲ့ ရုပ်ရှင်ရိုက်လိုက်တယ်။ အဲ့ဒါမျိုးတွေပေါ့နော်။ အဲဒီကိစ္စလေးကစလို့ ဥပမာ အရောင်ရွေးချယ်မှု အသေးစိတ်ကစလို့ Warm colour, Cool colour အရောင် အအေးအနွေးလေးတောင် မသိဘူး ကိုယ့်အသားရေ Colour က ဘယ်အရောင်လဲ ဆိုတာမသိဘူး။ အဲ့ဒီတော့ အားလုံးက တလွဲတွေလုပ်ထားတယ်။ အဲဒီတော့ အနုပညာသမားတွေက ဦးဆောင်နေတဲ့သူတွေ၊ ပြည်သူကို လွှမ်းမိုးနေတဲ့လူတွေ ဖြစ်တဲ့အတွက် ပိုပြီးတော့ဆင်ခြင်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကို ဝတ်ဆင်သင့်တယ်လို့ ထင်ပါတယ်။ ခေတ်မီတာ Trendy ဖြစ်တာမဖြစ်တာထက်ကို အန်တီပေါက် အနေနဲ့ကတော့ အတိမ်းအစောင်း အမှားအယွင်းနည်းဖို့ပေါ့နော်။ နောက်ဆုံး Fashion ကျနေဖို့ ဒီနေရာဒေသ ဒီအချိန်ကာလအလိုက် ရွေးချယ်ပြီးတော့မှ ဝတ်ဆင်တတ်ဖို့ပေါ့နော်။ ဥပမာ အရမ်းပူအိုက်တဲ့ နွေရာသီလိုမျိုးကြီးမှာ အမျိုးသားသရုပ်ဆောင် တစ်ယောက်က ဘွတ်ဖိနပ်ကြီးနဲ့ ဂျင်းဘောင်းဘီကြီးနဲ့ အပေါ်က Leather Jacket နဲ့ အဲ့ဒီလိုမျိုးဖြစ်နေတာပေါ့နော်။ အဲဒီတော့ သူ့ခမျာလည်း သက်တောင့်သက်သာ မရှိဘူး။ လူတွေကလည်း အဲလိုဝတ်ရတယ် ထင်ပြီးတော့ လိုက်ဝတ်တာမျိုးတို့ပေါ့။ အန်တီပေါက် မန္တလေးမှာ မြင်ဖူးပါတယ်။ မန္တလေးရောက်ခါစတုန်းက ပူပြင်း ဒီလောက်အိုက်တဲ့ ရာသီကြီးမှာ Country Boot ကြီးနဲ့ ဘောင်းဘီ Jean ဘောင်းဘီကျပ်ကြီးနဲ့ T-shirt မည်းမည်းကြီးနဲ့ အပေါ်က Leather Jacket ကြီးထပ်ပြီး မန္တလေးရဲ့ ပူအိုက်တဲ့ရာသီဥတုမှာ သူတို့ကို ကြည့်ရတာတော်တော် အန်တီပေါက် ပင်ပန်းပါတယ်။ အဲ့ဒီခေတ်ကာလကပေါ့။ ဒါတွေဟာ Fashion ဆိုပေမယ့်လည်း ကိုယ့်ရဲ့ရာသီဥတုနဲ့ မကိုက်တဲ့အတွက်ကို အဲဒါတွေက တော်တော်အဆင်မပြေပါဘူး။

၁၁။ ပညာရပ်တွေကို မျိုးဆက်သစ်တွေကို မျှဝေတာ၊ သင်တန်းဖွင့်ထားတာလေးတွေရှိရင်လည်း သိပါ ရစေ။

လောလောဆယ်တော့ အန်တီပေါက် အခကြေးငွေယူပြီးတော့ သင်တန်းဖွင့်တာမျိုးတော့ မရှိသေးပါဘူး။ တကယ်ဝါသနာပါတဲ့လူငယ်တွေကိုတော့ အန်တီပေါက်မေတ္တာနဲ့ပဲ သက်သက်သင်တန်းမျိုးမဟုတ်ဘဲနဲ့ အလုပ်ထဲမှာ On Job Training ပုံစံမျိုးနဲ့ အန်တီပေါက် သင်ကြားပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်တန်းဖွင့်တယ်ဆိုတာ ကိုယ်တစ်ယောက်တည်း သင်လို့မရပါဘူး။ တကယ်ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီး သင်တန်းဖွင့်ဖို့အတွက် လုံလောက်တဲ့ပညာတွေ မပြည့်စုံသေးဘူးလို့လည်း ယူဆလို့ပါ။ ကိုယ်ကိုတိုင်ကလည်း Fashion အကြောင်းတွေကို တကယ်ပဲ အများတကာ ကမ္ဘာမှာ International Fashion ကျောင်းသားတွေလို ၄၊၅ နှစ်တက်ခဲ့ရတဲ့သူတွေလည်းမဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကို အဲဒီအတွက် Confidence မရှိဘူး။ အဲဒီအတွက်ကိုသင်တန်းကို မဖွင့်ချင်ပါဘူး။

၁၂။ ဝါသနာပါတဲ့အလုပ်ဆိုပေမဲ့ အလုပ်တွေများလွန်းလာရင်လည်း စိတ်ဖိစီးစေတာပါပဲ။ အန်တီ ပေါက်ရဲ့ အားလပ်ချိန်အပန်းဖြေမှုလေးတွေကိုလည်း သိပါရစေ။

အန်တီပေါက်အနေနဲ့ အလုပ်များတယ်ပေါ့နော်။ အလုပ်များတဲ့အတွက် Stress ဖြစ်တယ်။ ဒါပေမဲ့ အန်တီပေါက်က ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်း တစ်ထပ်တည်းဖြစ်တဲ့အတွက် အန်တီပေါက် အလုပ်ထဲမှာနေရရင် ပျော်ပါတယ်။ အဲဒီတော့ အန်တီပေါက်အတွက် စိတ်ဖိစီးမှုဆိုတာက တော်တော်နည်းပါတယ်။ ရှိတော့ရှိပါတယ် စိတ်ဖိစီးမှုက လူမှုရေးနဲ့ ပတ်သက်တဲ့ လူမှုရေးတာဝန်တွေကို ကျေပွန်ချင်တဲ့စိတ်နဲ့ တစ်ခါတလေ အန်တီပေါက်စိတ်ဖိစီးပါတယ်။ အဲဒီစိတ်ဖိစီးမှု တွေဖြစ်လာခဲ့ရင် အန်တီပေါက် ဘယ်လိုဖြေလဲဆိုတော့ စေတနာတို့ မေတ္တာတို့ အနောက်မှာ ထပ်ဖြည့်လိုက်တဲ့အချိန်မှာ အဲဒီအလုပ်ကို ဝန်ထုပ်ဝန်ပိုးလို့ မမြင်တော့ဘဲနဲ့ ကိုယ်ကျေနပ်လို့ လုပ်တဲ့အလုပ်တစ်ခုဖြစ်သွားပါတယ်။ ဥပမာ Interview တစ်ခုဖြေမယ်။ ကိုယ်ကအချိန်ကျပ်နေတယ်။ ဒါပေမဲ့ အဲဒီအတွက် “ဒီဟာမဖြေရင်မရဘူးလား၊ စိတ်အနှောင့်အယှက်ဖြစ်လိုက်တာ၊ အချိန်ကမအားရတဲ့ကြားထဲ ပေးရတာပဲ” ဆိုတဲ့စိတ်မျိုး တွေးတာထက် “အော်… ငါဒီ Interview လေးဖြေရင် ဒီ Media ကနေတစ်ဆင့် ကိုယ်ပေးချင်တဲ့ Message လေး၊ သတင်းကောင်းလေး တစ်ခု၊ ကိုယ့်အတွေ့အကြုံလေး ကို Share လိုက်ချင်အားဖြင့် အော်…. ယူတတ်တဲ့သူတော့ ဒီအတွေ့အကြုံလေး သင်ခန်းစာယူနိုင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်လေ့လာသင်ယူရရင်ပဲဖြစ်ဖြစ် ကိုယ်ပေးရတဲ့အချိန်ကို ပေးရကျိုးနပ်ပါတယ်” ဆိုတဲ့စိတ်ကို တွေးလိုက်တာနဲ့ အန်တီပေါက် အဲဒီဖိစီးမှုဆိုတာ ပျောက်သွားပါတယ်။ အထူးသဖြင့်တော့ အန်တီပေါက်ရဲ့ စိတ်အပန်းဖြေမှုဆိုတာ အန်တီပေါက် စာဖတ်ပါတယ်။ ကိုယ့်ဟာကို အေးအေးချမ်းချမ်းနေရာလေး တစ်ခုမှာ စာလေးဖတ်ရတာဟာ အန်တီပေါက်အတွက် အပန်းဖြေမှုတစ်ခုလည်း ဖြစ်ပါတယ်။ နောက်တစ်ခုက အန်တီပေါက် တရားထိုင်တဲ့အလုပ်ပါ။ ဒီတရားလေးမှတ်ပြီး နေလိုက်လို့ရှိရင် အန်တီပေါက် ငြိမ်းချမ်းသွားပါတယ်။ အကောင်းဆုံးအပန်းဖြေမှုလို့လည်း အန်တီပေါက် မြင်ပါတယ်။ နောက်တစ်ခုကတော့ ခရီးထွက်တာပါ။ အန်တီပေါက် ခရီးထွက်လို့ရှိရင် မတူတဲ့ပတ်ဝန်းကျင်တွေ၊ လူမျိုး၊ ယဉ်ကျေးမှု၊ အနုပညာတွေ အကုန်လုံးကို ဒေသန္တရသစ်တွေ၊ မိတ်ဆွေသစ်တွေ ရတဲ့အတွက် အန်တီပေါက် ခရီးထွက်တာကို အရမ်းသဘောကျပါတယ်။ အန်တီပေါက် အပန်းဖြေတဲ့အပိုင်းကတော့ အဲ့ဒီအပိုင်းတွေပါ။

၁၃။ အန်တီပေါက်က စာပေတွေဖတ်ရှုလေ့လာရတာကို ကြိုက်နှစ်သက်တယ်လို့လည်း သိထားပါ တယ်။ အန်တီပေါက် အနှစ်သက်ဆုံးစာပေအမျိုးအစားကိုလည်း သိပါရစေ။

အန်တီပေါက် အနှစ်သက်ဆုံးစာပေ အမျိုးအစားဆိုတာ ပြောရခက်ပါတယ်။ အန်တီပေါက် စာပေအမျိုးအစားအားလုံးကို နှစ်သက်ပါတယ်။ ရသစာပေနှစ်သက်တယ်။ သုတစာပေတွေလည်းနှစ်သက်တယ်။ ဒဿနစာပေတွေလည်း အန်တီပေါက် နှစ်သက်ပါတယ်။ အဲ့ဒီတော့အန်တီပေါက် အကြိုက်ဆုံးလို့ အရမ်းပြောရခက်ပါတယ်။ စာပေအားလုံးကို နှစ်သက်ပါတယ်။ တကယ်ကို ရွေးလို့မရနိုင်လောက်အောင်ကို စာပေမှန်သမျှကို နှစ်သက်ပါတယ်။ ဒါပေမဲ့ အန်တီပေါက်အနေနဲ့ သိုင်းဝတ္ထုလိုဟာမျိုးကိုတော့ အန်တီပေါက် မနှစ်သက်ဘူးပေါ့နော်။ သဘောမကျဘူးပေါ့။ အဲဒါမျိုးတော့ အဲလိုစာပေမျိုးတော့ အန်တီပေါက် သဘောမကျဘူး။

၁၄။ အလုပ်တွေများတဲ့အန်တီပေါက်အနေနဲ့ မိသားစုရယ်၊ ချစ်ခင်တဲ့မိတ်ဆွေအပေါင်းအသင်းတွေ အတွက်ကော ဘယ်လိုအချိန်ပေးပါသလဲ။

အန်တီပေါက်အနေနဲ့ မိသားစုကတော့ အန်တီပေါက် အဲဒီအကြောင်း ပြန်တွေးရင် ဝမ်းနည်းပါတယ်။ အန်တီပေါက် မိသားစုကို အချိန်ပေးနိုင်မှုတော်တော်နည်းခဲ့ပါတယ်။ မိဘတွေက အသက်ကြီးမှ အိမ်ထောင်ကျတာဖြစ်တဲ့အတွက် အန်တီပေါက်အနေနဲ့ သူတို့ကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပြန်ပြီးတော့ အလုပ်အကျွေးပြုချင်တဲ့အတွက် အန်တီပေါက်  စီးပွားရှာပါတယ်။ အလုပ်လုပ်ပါတယ်။ အဲဒီအတွက်ကို ပညာသင်ချိန်တွေ၊ စီးပွားရှာချိန်တွေမှာ မိဘနဲ့မွေးရပ်ဇာတိကို ခွဲပြီးတော့နေရတဲ့အတွက် မိဘတွေနဲ့နေခဲ့ရတဲ့အချိန်၊ မိသားစုဝင်တွေနဲ့ နေခဲ့ရတဲ့အချိန်တွေ နည်းခဲ့ပါတယ်။ အဲဒီအတွက်ကိုတော့ အန်တီပေါက်အနေနဲ့ အောင်မြင်မှုနဲ့ လဲရတဲ့ ရင်းနှီးပေးဆပ်မှုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အန်တီပေါက် မိဘနှစ်ပါးကော၊ ဆရာသမားကော တကယ်ပဲ သူတို့ရဲ့နေဝင်ချိန်မှာ၊ အိုမင်းမစွမ်းတဲ့အချိန်မှာ အန်တီပေါက် ကိုယ်တိုင်ကိုယ်ကျ ပြုစုခွင့်၊ ကုသခွင့်ရခဲ့တဲ့အတွက် အန်တီပေါက် အဲဒီအတွက်ကိုတော့ အများကြီးကျေနပ်ပါတယ်။ အဲ့ဒီလိုဖြစ်နိုင်အောင်လည်း အန်တီပေါက် အချိန်တွေ၊ အန်တီပေါက်ရဲ့ ဘဝကို Plan လုပ်ခဲ့ဖူးပါတယ်။ တကယ်ပဲ အဲ့ဒီလို ပြင်ဆင်ခဲ့တဲ့အတွက် ဒီမိဘတွေ၊ ဆရာသမားတွေ မကျန်းမာတဲ့ အချိန်မှာ အလုပ်တွေအကုန်လုံးကိုပစ်ပြီးတော့မှ သူတို့ကို ပြုစုနိုင်ခဲ့တယ်ပေါ့နော်။ နောက်တစ်ချက်က မိတ်ဆွေအပေါင်းအသင်းတွေအတွက် အန်တီပေါက် အများကြီးအချိန်ပေးပါတယ်။ အထူးသဖြင့် မိတ်ဆွေတွေဆိုတာကလည်း လုပ်ငန်းနဲ့ပတ်သက်တဲ့ မိတ်ဆွေတွေနဲ့ ပိုပြီးတော့မှ ရင်းနှီးလာပြီးတော့မှ ဆွေမျိုးသားချင်းတွေလို ဖြစ်လာတဲ့ မိတ်ဆွေတွေဖြစ်တဲ့အတွက် သူတို့ကို အန်တီပေါက် အချိန်ပေးပါတယ်။ အဲ့ဒီမိတ်ဆွေတွေဟာလည်း  မိတ်ဆွေဆိုတာထက် အများကြီးလေးနက်တဲ့ အန်တီပေါက်ရဲ့မိတ်ဆွေတွေပါ။ ဆွေမျိုးရင်းချာတွေလိုပါပဲ။ သူတို့တွေဟာ အန်တီပေါက်ရဲ့ အကြံဉာဏ်ကောင်း တွေပေးနိုင်တဲ့ Advisor ကောင်းတွေဖြစ်သလို တစ်ခါတစ်လေလည်း ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးခွင့်ရတဲ့ သူငယ်ချင်းကောင်းတွေဖြစ်ပါတယ်။ တစ်ခါတစ်လေ ငိုလို့၊ ရင်ဖွင့်လို့ရတဲ့ ရင်ခွင်တွေလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကို အန်တီပေါက် မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေကို အချိန်အများကြီး အချိန်တွေရနိုင်သမျှ အန်တီပေါက် အချိန်ပေးပါတယ်။

၁၅။ အန်တီပေါက် ခံယူထားတဲ့ အောင်မြင်တဲ့ဘဝဆိုတာ ဘယ်လိုအဓိပ္ပာယ်တွေနဲ့တည်ဆောက် ထားတာပါလဲ။

အန်တီပေါက် အောင်မြင်တဲ့ဘဝဆိုတာ ဘယ်လိုအဓိပ္ပာယ်တွေနဲ့ တည်ဆောက်ထားလဲဆိုတော့ အောင်မြင်တယ်ဆိုတဲ့အရာကို များသောအားဖြင့်ကတော့ ငွေကြေးချမ်းသာမှု၊ ကျော်ကြားမှုစတာတွေနဲ့ပေါ့နော် တိုင်းတာကြပါတယ်။ အန်တီပေါက်အနေနဲ့ အောင်မြင်တဲ့ဘဝဆိုတာ အရာရာဘဝမှာ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ကိုယ်ရဲ့ Lifestyle ကို Balance ဖြစ်အောင်လုပ်နိုင်ပြီးတော့ ကိုယ်လုပ်နေတဲ့ အလုပ်အားလုံးကို ကျေနပ်နေတဲ့ဘဝကို အောင်မြင်တဲ့ဘဝလို့ အန်တီပေါက် ခံယူထားပါတယ်။

 ၁၆။ အန်တီပေါက်ဆိုရင်လည်း ကိုယ်ထူးကိုယ်ချွန်ကြိုးစားပြီး အောင်မြင်လာခဲ့တဲ့သူပေါ့နော်။ မိတ် ကပ်၊ ဒီဇိုင်နာလောကထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူငယ်လေးတွေအတွက်လည်း အကြံပြုအား ပေးစကားလေးတစ်ခုလောက် ပြောပြပေးပါဦး။

အဓိကအားဖြင့်ပေါ့။ အနုပညာလောကပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဒီ ကိုယ်ဆုံးဖြတ်ပြီးတဲ့ လုပ်မယ့် Profession တစ်ခုကို လုပ်မယ်ဆိုလို့ရှိရင် နံပါတ်တစ်ကတော့ သေချာဆုံးဖြတ်ဖို့လိုပါတယ်။ အဲ့ဒီဆုံးဖြတ်တဲ့နေရာမှာလည်းကိုယ့်ကိုယ်ကို ရမ်းပြီးတော့မှ ကိုယ့် Feeling တွေ၊ ကိုယ့် Mood တွေ၊ ကိုယ့် Passion တွေကိုကြည့်ပြီး ဆုံးဖြတ်တာထက် အဖက်ဖက်က အချက်အလက်ပေါင်းစုံကို စုဆောင်းပြီးတော့မှ Data တွေကိုအခြေခံပြီးတော့မှ ဆုံးဖြတ်တဲ့ ဆုံးဖြတ်မှုကို အန်တီပေါက် ဆုံးဖြတ်စေချင်ပါတယ်။ အရေးကြီးတဲ့ Decision making ကနံပါတ်တစ် အရေးကြီးတယ်လို့ အန်တီပေါက် ထင်ပါတယ်။ နောက်တစ်ချက်က ဘာလုပ်လုပ် Plan ရှိဖို့လိုအပ်တယ်လို့ အန်တီပေါက် မြင်ပါတယ်။ အဲဒီ Plan တွေကို ဒီတစ်ရက်စာ၊ တစ်ပတ်စာ၊ Long-term, Short-term plan တွေကို ကိုယ်ရဲ့ဘဝရဲ့ Plan တွေရှိဖို့ လိုအပ်ပါတယ်နော်။ ဘဝဆိုတာ ပုံသေပုံစံချထားလို့မရဘူးဆိုပေမယ့် ပုံစံချထားမယ်ဆိုလို့ရှိရင် အတိမ်းအစောင်းလေးတွေရှိရင် အန်တီပေါက်တို့အနေနဲ့ Plan ရှိနေတဲ့အတွက် Plan ဆိုတဲ့အတိုင်း A ရှိမယ်၊ B ရှိမယ်၊ C ရှိမယ် ဆိုတဲ့အတွက် Plan A တိမ်းစောင်းခဲ့ရင် Plan B ကရှိနေမယ်။ Plan B တိမ်းစောင်းခဲ့ရင် Plan C ကရှိနေတယ်ပေါ့နော်။ အဲဒီလို Plan တွေနဲ့လုပ်ထားခဲ့မယ်ဆို အတိမ်းအစောင်း အမှားအယွင်း နည်းမယ်လို့ အန်တီပေါက် ထင်ပါတယ်။ ပြီးတော့ အန်တီပေါက် Risk ကို သတ္တိရှိရှိ ယူစေချင်ပါတယ်။ လူငယ်တွေကို အဲလိုလုပ်မယ်ဆိုလို့ရှိရင် ဒီဘယ်လိုခေါ်မလဲ ကိုယ့်ရဲ့ Life planning အတိုင်းကို အဓိက ကပေါ့နော် ရည်မှန်းချက်ပန်းတိုင်ထားရမယ်။ ရည်မှန်းချက် ပန်းတိုင်ထားရမယ်။ ရည်မှန်းချက်ပန်းတိုင်ကို ထားပြီးတော့ ကိုယ်အကြိုက်ဆုံးအလုပ်ကို ဆုံးဖြတ်မယ်၊ ကိုယ်အသက်မွေးဝမ်းကျောင်းအရကော၊ ကိုယ်တကယ်သဘောကျတဲ့အလုပ်ကိုကော ကိုယ့် Passion တွေ၊ Profession တွေကို တထပ်တည်းကျအောင် ကြိုးစားမယ်၊ ဆုံးဖြတ်မယ်ပေါ့နော်။ ပြီးတော့ ကိုယ့်ရဲ့ဘဝမှာ ထားရှိတဲ့ Plan တွေအတိုင်းသွားရမယ်။ နောက်တစ်ချက်က လူတွေအပေါ်ကို ချစ်ခင်တဲ့စိတ်နဲ့ မေတ္တာလေးနဲ့ပေါ့နော် အလုပ်လုပ်တိုင်း စေတနာထားပြီးတော့ ချစ်ခင်တဲ့စိတ်နဲ့ နားလည်မှု၊ ကိုယ်ချင်းစာနာမှုတွေနဲ့ လုပ်သွားမယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ဘဝမှာ ကျေနပ်ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝကိုရမယ်။ ပြီးတော့ အောင်မြင်မှုကိုလည်းရမယ်လို့ အန်တီပေါက် ထင်ပါတယ်။ နောက်တစ်ခုက ကိုယ်ချထားပြီးတဲ့ Plan အတိုင်းကို အကောင်အထည်ဖော်ဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ မှန်မှန်ကန်ကန် ကြိုးစားဖို့လည်း နောက်တစ်ချက်ကိုလည်း အန်တီပေါက်ဖြည့်ပြီးပြောချင် ပါတယ်။

အန်တီပေါက်ရဲ့အင်တာဗျူးလေးကို ဖတ်ပြီးရင် စာချစ်သူတို့အတွက် ကြိုးစားမှုမှာ စိတ်ဓာတ် ခွန်အားသစ်တွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ မေးခွန်းလေးတွေကို စိတ်ရှည်လက်ရှည် ဖြေ ကြားပေးတဲ့ အန်တီပေါက်ကိုလည်း ဂန္ထဝင်မဂ္ဂဇင်းမှ ကျေးဇူးအများကြီးတင်ပါတယ်။