ဂျက်မာ (Jack Ma) ရဲ့ ကျရှုံးမှုကနေ အောင်မြင်မှုကို ပြောင်းလဲခြင်းနည်းဗျူဟာ

blank

ကျွန်မတို့အားလုံးလိုလို ဘဝမှာ တစ်ခါတစ်လေတော့ ကျရှုံးမှုတွေနဲ့ ကြုံဖူးကြမှာပါ။ ကျရှုံးမှုတွေက ကျွန်မတို့ရဲ့ စိတ်ခွန်အားကို ရိုက်ချိုးတတ်တယ်၊ ပြီးတော့ လက်လျှော့အရှုံးပေးစေတတ်ပါတယ်။ တစ်ခါတလေမှာတော့ ဒီလို ကျရှုံးမှုတွေက အောင်မြင်ခြင်းလမ်းကြောင်းကနေ ကျွန်မတို့ကို သွေဖယ်စေပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လူတော်တော်များများက “ကျရှုံးခြင်းဆိုတာ အောင်မြင်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ” ဆိုတဲ့ အကြောင်းကို နားမလည်ကြလို့ပါပဲ။

ဒါဆိုဘာလို့ ဆန့်ကျင်ဖက်အစွန်းနှစ်ဖက်ဖြစ်နေတဲ့ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းက တစ်ခုနဲ့တစ်ခု ဆက်စပ်နေရတာလဲလို့ မေးခွန်းထုတ်လာနိုင်ပါတယ်။ သေချာတာကတော့ ဘဝတစ်လျှောက် ကျွန်မတို့လုပ်လိုက်သမျှလုပ်ရပ်တိုင်းမှာ ကျွန်မတို့ကို အသိအမြင်တွေ ရင့်သန်လာစေနိုင်မယ့် ဘဝသင်ခန်းစာတွေ ရှိနေပါတယ်။

ကျွန်မတို့ အောင်မြင်တယ်ဆိုရင် ဒီလိုအောင်မြင်အောင် ကြိုးစားနိုင်ခဲ့မှုတွေကို အတုယူပြီး နောက်ထပ်ပိုမိုအောင်မြင်အောင် ကြိုးစားနိုင်မယ့်နည်းလမ်းကောင်းတွေ ရနိုင်တယ်။ ကျွန်မတို့ ကျရှုံးရင်တော့ ဘာကြောင့် ကျရှုံးတာလဲဆိုတဲ့ အကြောင်းရင်းကို သိနိုင်ပြီး နောက်တစ်ခါမမှားအောင် ကြိုးစားနိုင်တယ်လေ။ ဒါကြောင့် ကျရှုံးမှုတွေမှာလည်း ကောင်းကွက်လေးတွေရှိနေတယ်လို့ ဆိုနိုင်တာပေါ့။ ကျရှုံးမှုတွေက အပြုသဘောဆောင်တာလား၊ အပျက်သဘော ဆောင်တာလားဆိုတာက ကိုယ်က ဒီကျရှုံးမှုတွေကနေ အကောင်းတွေကို ယူလိုက်တာလား၊ အဆိုးတွေကို ယူလိုက်တာလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျရှုံးမှုတွေကို လက်ခံပြီး သင်ခန်းစာကောင်းတွေယူနိုင်ရင် ကောင်းကျိုးရမယ်၊ ကျရှုံးမှုတွေကနေ ရုန်းမထွက်နိုင်ဘဲ နာကျင်ခံစားနေမယ်၊ ပြန်မထနိုင်ဘူးဆိုရင်တော့ ဆိုးကျိုးရမှာပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တချို့တွေက ပြောကြတယ်။ ကျရှုံးမှုတွေကနေ ကောင်းတဲ့သင်ခန်းစာလည်းမယူဘူး၊ တွေးလည်းမတွေးတော့ဘူး၊ ဒီတိုင်းထားလိုက်မယ်ဆိုရင် ပိုမကောင်းဘူးလားတဲ့။ ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ကျရှုံးမှုဆိုတဲ့အမှိုက်ပုံကြားက ရွှေဖြစ်တဲ့ သင်ခန်းစာကောင်းလေးတွေကို အရယူနိုင်တော့ ကိုယ့်အတွက် ပိုမကောင်းဘူးလားရှင်။

အာရှရဲ့ အချမ်းသာဆုံးသူဋ္ဌေးတစ်ယောက်လည်းဖြစ်၊ Alibaba ကုမ္ပဏီရဲ့ တည်ထောင်သူလည်းဖြစ်တဲ့ ဂျက်မာ (Jack Ma) ကတော့ သူ့ဘဝမှာ ကြုံလာရသမျှ သင်ခန်းစာတွေကို အလကာဖြုန်းတီးမပစ်ဘူးလို့ဆိုပါတယ်။ ဘဝမှာ အောင်မြင်ပြီး သန်းချီချမ်းသာနေတဲ့ ဂျက်မာအတွက်ကတော့ ဘဝသင်ခန်းစာတွေကို တန်ဖိုးထားဖို့ လွယ်ကူလိမ့်မယ်လို့ ထင်နေကြပါလိမ့်မယ်။ တကယ်တော့ ဂျက်မာဟာ သူဋ္ဌေးဘဝမရောက်ခင်မှာ သူများတွေထက်ဆိုးတဲ့ ကျရှုံးမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

Alibaba ကို မစတင်ခင်မှာ ဂျက်မာဟာ KFC မှာ အလုပ်လျှောက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ သူတို့မြို့ကနေ KFC မှာ အလုပ်လျှောက်တဲ့သူ ၂၄ ယောက်ရှိတဲ့အထဲမှာမှ ဂျက်မာတစ်ယောက်ပဲ ပယ်ချခံရပေမဲ့ ဒီကျရှုံးမှုကို အကောင်းဘက်ကပဲ တွေးခဲ့ပါတယ်။ ဒီလို ကျရှုံးမှုမျိုးကို အခြေခံပညာကျောင်းနဲ့ ကောလိပ်မှာလည်း ခဏခဏ ကြုံခဲ့ရတယ်လို့ သိရပါတယ်။

ဒီလိုကျရှုံးမှုတွေကနေ ရုန်းထွက်နိုင်ဖို့ သူ့ကို အသိဉာဏ်အလင်းဖွင့်ပေးခဲ့တာက Forrest Gump ဆိုတဲ့ နာမည်ကျော်ဇာတ်ကားကြီးကြောင့်လို့ ဂျက်က ဆိုပါတယ်။ Forrest Gump ဇာတ်ကားထဲမှာ ဇာတ်ဆောင်ဖြစ်သူ Forrest ရဲ့ မိခင်က သားဖြစ်သူကို

“ဘဝဆိုတာ ချောကလက်ဘူးလိုပဲ။ ဘယ်လိုချောကလက်မျိုးရမလဲဆိုတာကို ဘယ်တော့မှ မသိနိုင်ဘူး” ဆိုတဲ့ သင်ခန်းစာလေးပေးခဲ့ပါတယ်။ ဒီဘဝသင်ခန်းစာလေးကနေ ဂျက်သိခဲ့ရတာကတော့ “ကြိုက်လို့ပဲ လုပ်လုပ်၊ မကြိုက်လို့ပဲ လုပ်လုပ်… ကိုယ်လုပ်နေတဲ့အလုပ်ကို ယုံကြည်ပါ၊ ချစ်မြတ်နိုးပါ” ဆိုတဲ့ အချက်ပါပဲ။

ဂျက်မာသာ သူ့ရဲ့ ကျရှုံးမှုတွေကို အကောင်းဘက်ကမမြင်နိုင်ခဲ့ရင်၊ သင်ခန်းစာကောင်းတွေ မယူနိုင်ခဲ့ရင် အာရှတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ တကယ်လို့ ဂျက်မာသာ KFC မှာ အလုပ်ရခဲ့ရင် Alibaba လည်း ရှိမလာနိုင်သလို သူ့ရဲ့ ဘဝဖြတ်သန်းမှုကလည်း တစ်မျိုးတစ်ဖုံးပြောင်းလဲသွားမှာပါ။

လောကဓံရဲ့ ရိုက်ချက်တွေကို ခံနိုင်ပြီး သင်ခန်းစာတွေကို ကောင်းကောင်းအသိအမှတ်ပြုနိုင်ခဲ့တဲ့ ဂျက်မာရဲ့ ကျရှုံးမှုတွေကပဲ သူ့ကို အောင်မြင်ချမ်းသာတဲ့သူဖြစ်အောင် တွန်းပို့ပေးခဲ့တာပါ။ ဒီတော့ သင်လည်း ကျရှုံးမှုတွေကြုံလာရင် ခံစားမနေဘဲ သင်ခန်းစာကောင်းတွေယူလိုက်ပါ။ ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အကောင်းဆုံးကြိုးစားပြီး အောင်မြင်မှုကို အရယူလိုက်ပါနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။