ဘယ်တော့မှ မေ့မရတဲ့ အမှတ်တရ နှုတ်ဆက်အနမ်းလေးတစ်ပွင့်

blank

တစ်ခုသော မနက်ခင်းလေးမှာပေါ့။ အစည်းအဝေးတက်ဖို့ နောက်ကျနေတဲ့ ဖခင်ဖြစ်သူဟာ ကုတ်အင်္ကျီတောင် မဝတ်နိုင်တော့ဘဲ အလျင်စလိုနဲ့ ကားကိုအမြန်မောင်းပြီး အိမ်ကနေထွက်သွားခဲ့သတဲ့။ အစည်းအဝေးမီဖို့ စိတ်လောနေတာကြောင့် ငါးနှစ်အရွယ်သမီးဖြစ်သူက လှေကားပေါ်ကဆင်းလာပြီး “ဖေဖေ… ဖေဖေ… ခဏပါဦး” လို့ ပြောတာကိုတောင် မကြားလိုက်ဘူးတဲ့။

ဖခင်ဖြစ်သူထွက်သွားတဲ့အခါ သမီးလေးရဲ့ နှုတ်ခမ်းလေးတွေ မဲ့သွားပြီး “ဖေဖေက နှုတ်ဆက်အနမ်းပေးဖို့ မေ့သွားပြန်ပြီ” လို့ တစ်ကိုယ်တည်းရေရွတ်လိုက်ရင်း မျက်ရည်တွေဝိုင်းလာခဲ့သတဲ့။ ပြီးတော့ သူ့ဖေဖေဆီကို ချက်ချင်းဖုန်းခေါ်ပြီး-

“ဖေဖေ သမီးကို နှုတ်ဆက်အနမ်းပေးဖို့ မေ့သွားတယ်နော်” လို့ ပြောလိုက်သတဲ့။

“ဟင်… ဟုတ်ပ။ ဆောရီးပါ သမီးလေးရယ်။ ဖေဖေမေ့သွားတယ်”

“ရပါတယ်… ဖေဖေ” လို့ ပြောပြီး ဖုန်းချလိုက်ပေမဲ့ သမီးလေးရဲ့ စိတ်ထဲမှာတော့ ဝမ်းနည်းနေတာပေါ့။

ဖုန်းချပြီးတဲ့အခါမှာတော့ သမီးလေးဟာ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ မနက်စာစား၊ ဖိနပ်စီး၊ လွယ်အိတ်လွယ်ပြီး ကျောင်းသွားဖို့ တံခါးဖွင့်လိုက်တဲ့အချိန်မှာပဲ တံခါးရှေ့ကို ကားလေးတစ်စီး ထိုးရပ်လာပါတယ်။

ဟုတ်ပါတယ်။ သူမဖေဖေရဲ့ ကားပါ။ သူမဖေဖေ ကားပေါ်ကဆင်းလာတာကို မြင်လိုက်ရတာနဲ့ သမီးလေးဟာ ဖေဖေ့ဆီပြေးသွားပြီး ပွေ့ဖက်လိုက်ပါသတဲ့။ သူမရဲ့ သုန်မှုန်နေတဲ့ မျက်နှာလေးဟာ ချက်ချင်းဆိုသလို လပြည့်ဝန်းကြီးပမာ ကြည်လင်ပြုံးရွှင်သွားခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဖခင်ဖြစ်သူက “ဖေဖေ မေ့သွားတဲ့အတွက် တောင်းပန်ပါတယ်ကွယ်” လို့ ပြောရင်း သမီးလေးကို ကောက်ယူပွေ့ချီပြီး ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်နမ်းလိုက်ပါတယ်။ သမီးလေးကလည်း သိပ်ကို ပျော်ရွှင်ကြည်နူးလို့ပေါ့။

ဂန္ထဝင်ပရိသတ်ကြီးရေ… ဒီဇာတ်လမ်းလေးထဲက ဖခင်ဖြစ်သူဟာ အရေးကြီးတဲ့အစည်းအဝေးကိုတောင် လျစ်လျူရှုပြီး သမီးလေးဆီကို ဘာကြောင့် အရောက်ပြန်လာပြီး အနမ်းပေးခဲ့တာလဲ သိကြလား။  အဲဒီဖခင်အမျိုးသားပြောခဲ့တာကတော့

“နောက် ၁၅ နှစ်ကြာတဲ့အခါမှာ ကျွန်တော် အစည်းအဝေးနောက်ကျတာကို လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်အရာရှိတွေ အားလုံးမေ့သွားကြလိမ့်မယ်။ ဒါပေမဲ့ သမီးလေးကတော့ သူ့ကို နှုတ်ဆက်အနမ်းပေးဖို့ သူ့ဖေဖေပြန်လာတယ်ဆိုတဲ့ အမှတ်တရလေးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး” လို့ပေါ့။

ဟုတ်ပါတယ် ဂန္ထဝင်ပရိသတ်ကြီးရေ…။ ကျွန်မတို့မိဘတွေကသာ သားသမီးတွေရဲ့နောင်ရေးအတွက် မိသားစုကို အချိန်မပေးဘဲ ငွေတွေကုန်းရုန်းရှာဖွေနေကြပေမဲ့ သားသမီးလေးတွေရဲ့ စိတ်နှလုံးမှာ တကယ်လိုချင်တောင့်တကြတာဟာ မိဘရဲ့ မေတ္တာတရားနဲ့ ဂရုစိုက်ကြင်နာမှုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သားသမီးတွေကို တကယ်ချစ်တယ်၊ သူတို့အတွက်တကယ်စဉ်းစားပေးချင်တယ်ဆိုရင် သူတို့လေးတွေကို ဂရုစိုက်ကြက်နာပါ၊ အလုပ်ဘယ်လောက်များများ အချိန်ပေးပါ။

အချိန်ပေးပါဆိုတာကလည်း အလုပ်ပစ်၊ အကိုင်ပစ်ပြီး အမြဲတမ်းအချိန်ပေးနေဖို့ မလိုပါဘူး။ မိသားစုဝင်ငွေအတွက် အလုပ်တွေလုပ်နေရင်းနဲ့မှ သားသားမီးမီးလေးတွေကို အချိန်ဖဲ့ပေးဖို့ပါ။ အလုပ်ကပြန်လာပြီး TV ကြည့်နေမယ့်အစား၊ ဖုန်းဆော့နေမယ့်အစား သားသားမီးမီးလေးတွေနဲ့ ဆော့ကစားပါ။ အရာရာတိုင်းထက် သားသမီးလေးတွေကို ဦးစားပေးပါ။ ဘာလို့လဲဆိုတော့ သင့်ဘဝမှာ ဘယ်အရာမှ မမြဲပေမဲ့ သင့်သားသမီးလေးတွေကတော့ သင့်ဘဝရဲ့နောက်ဆုံးအချိန်အထိ သင့်နားမှာ ရှိနေမှာမို့လို့ပါပဲ။

သဘောကျနှစ်သက်တယ်ဆိုရင် တခြားသူတွေဖတ်ရအောင် SHARE ပေးလိုက်ပါဦးနော်။