စိတ်ခွန်အားတွေကို ဗီတာမင်ဖြည့်ပေးခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း

blank

ကျွန်မတို့ ရုံးလမ်းထဲမှာ သားအဖနှစ်ယောက်တောင်းရမ်းစားသောက်နေတတ်တယ်။ ဖခင်ဖြစ်သူက ခြေတစ်ချောင်းပြတ်နေပြီး အသက်(၈) နှစ်အရွယ် ကောင်ကလေးကတော့ စုတ်နေတဲ့အဝတ်အစားတွေ ဝတ်ထားတဲ့ကြားမှာတောင် ချစ်ဖို့ကောင်းနေပါတယ်။ ကောင်လေးရဲ့ မျက်နှာက တစ်ခုခုကို အလိုမကျသလို မှုန်ကုတ်နေတတ်ပြီး သူအဖေနဲ့ အမြဲတမ်း အခြေအတင်စကားပြောနေတာကို တွေ့ရတတ်ပါတယ်။ ဖခင်ဖြစ်သူက ကောင်လေးကို နာကျင်အောင်ရိုက်နေတာကို တွေ့ရတိုင်း ကျွန်မစိတ်ထဲမှာ မကောင်းပါဘူး။

တစ်ရက်မှာတော့ ကျွန်မရုံးပေါက်ဝရောက်တဲ့အချိန် ထုံးစံအတိုင်း သူတို့သားအဖ အချေအတင်ဖြစ်နေပါတယ်။ ဖခင်ဖြစ်သူက ကောင်လေးရဲ့ ကျောကိုဗြန်းခနဲရိုက်လိုက်တာ တွေ့လိုက်ရပြီး ကောင်လေးကို ဒေါသတကြီးနဲ့ ငိုယိုရင်းထထွက်သွားတာကိုတွေ့လိုက်ရတယ်။ ကျွန်မလည်း စိတ်မကောင်းဖြစ်ရင်း ရုံးကိုလာမိတော့တယ်။ နောက်ရက်တွေမှာတော့ ကောင်ကလေးမပါတော့ဘဲ ဖခင်တစ်ယောက်တည်း တောင်းရမ်းနေတာကို တွေ့ရတတ်ပါတယ်။ ကောင်လေးဘယ်ရောက်သွားပါလိမ့်လို့ တွေးမိပေမဲ့ ရက်တွေကြာလာတဲ့အခါ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတော့တာပေါ့။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်နေ့မှာ အမေနဲ့အတူ ဘုရားကို ရောက်လာတော့ ပန်းရောင်းနေတဲ့ သူတွေအကြားမှာ ကောင်လေးကိုတွေ့လိုက်ရတယ်။ အရင်ကထက် နည်းနည်းတောက်ပြောင်နေတဲ့ အဝတ်အစားတွေရယ်၊ လည်ပင်းမှာလွယ်ထားတဲ့ လွယ်အိတ်လေးရယ်၊ ဆီလိမ်းပြီး ပိပြားနေတဲ့ ဆံပင်လေးတွေကြောင့် ကောင်လေးဟာ နည်းနည်းတောင် ပိုချစ်စရာကောင်းနေသလိုပါပဲ။ အလုအယက်ရောင်းနေတဲ့ ပန်းသည်တွေကြားမှာ ပန်းမျိုးစုံကိုင်ထားတဲ့ကောင်လေးက ကျွန်မကိုပြုံးပြတယ်။ ကျွန်မလည်းအခြား ပန်းသည်တွေကိုကျော်ပြီး ကောင်လေးစီကို တန်းတန်းမတ်မတ်လျှောက်သွားမိတယ်။

“ ပန်းရောင်းနေတာလား မောင်လေး” လို့မေးတော့……..

“ ဟုတ်တယ် မမ။ သားအဖေနဲ့ မလိုက်တော့ဘူးဗျ။ အဖေကသားကိုတောင်းခိုင်းတာ သားက မတောင်းချင်ဘူးလေ။ အဲဒါနဲ့ပဲ အဖေနဲ့ကျွန်တော်အမြဲ ပြဿနာတက်နေရတာ။ သားကသူများ ပိုက်ဆံဒီတိုင်းမလိုချင်ဘူးဗျ။ ဒါကြောင့် သားက လမ်းပေါ်မှာရပ်ထားတဲ့ကားတွေကို ဖုန်သုတ်ပေးတယ်၊ မုန့်ဖိုးပေးရင်လည်း ပေးသလောက် မပေးရင်လည်း မယူဘူးပေါ့။ ဒါပေမဲ့ အားလုံးကတော့ ပေးကြပါတယ်။ အဲဒီကနေရတဲ့ ပိုက်ဆံတွေနဲ့ အခုကျွန်တော်အရင်းလုပ်ပြီး ပန်းရောင်းနေတာ။ သူများတွေဆီက ဒီတိုင်းတောင်းတာထက်စာရင် ပိုလည်းရတယ်။ သားလည်းမရှက်ရတော့ဘူး” တဲ့။

ကျွန်မလေ ကောင်လေးကိုကြည့်ရင်း ဝမ်းနည်းဝမ်းသာဖြစ်သွားမိတယ်။ ပန်းတစ်စည်းယူပြီး တစ်ထောင်တန်တစ်ရွက်ပေးတော့ ပြန်အမ်းငွေကို ရိုရိုသေသေပေးတယ်။ “မအမ်းနဲ့တော့ မောင်လေး” လို့ပြောတော့ “သားမယူဘူး အစ်မ၊  သားရဲ့လုပ်အားခမပါရင် ဘယ်သူ့ဆီကမှ အလကားမယူဘူး” တဲ့။

“အလကားမပေးပါဘူး မောင်လေးရယ်။ ဒါက မောင်လေးဆီက ရလိုက်တဲ့ အတွေးတွေအတွက် ဉာဏ်ပူဇော်ခ ပေးတာပါ” လို့ ပြောမိတယ်။ တောက်ပတဲ့အပြုံးနဲ့  ပြုံးပြတဲ့ကောင်လေးကိုကြည့်ရင်း ကျွန်မရင်ထဲမှာ အတွေးများစွာ…..