အိမ်ရှင်မကြီးဖြစ်နေတဲ့ ဖေဖေ့သမီးအတွက် ပေးစာတစ်စောင်

blank

သမီးလေးရေ….

သမီးလေးအိမ်ထောင်ရက်သားကျသွားပြီးတဲ့နောက် သျှောင်နောက်ဆံထုံးပါပြီး ဖေဖေမေမေတို့ရဲ့ အဝေးမှာ နေခဲ့တယ်။ သမီးလေးလက်ထပ်တဲ့နေ့ကဆို အိုးပုတ်ချိုးရုပ်လေးတွေနဲ့ ကစားနေတဲ့သမီးလေးကို မြင်ယောင်ရင်း ငိုခဲ့ရသေးတယ်။ ဖုန်းနဲ့ပဲအဆက်အသွယ်ရှိပြီး သမီးနဲ့မတွေ့ဖြစ်တာ  ဟိုတစ်လောက သမီးနေတဲ့မြို့ကို ဖေဖေရောက်လာတဲ့အထိဆိုပါတော့။ အိမ်ရှင်မကြီးဖြစ်နေတဲ့ ဖေဖေ့သမီးအိမ်မှာပဲ တည်းဖြစ်တဲ့ ခံစားမှုကတော့ တစ်မျိုးကြီးပါပဲသမီးရေ…။ မိုးလင်းကနေ မိုးချုပ်အလုပ်လုပ်နေတဲ့ သမီးလေးကို ကြည့်ရင်း ဖေဖေသမီးရဲ့ ငယ်ဘဝကိုတောင် သတိရသွားသလိုပါပဲ သမီး။  သမီးခင်ပွန်းအိပ်ရာကနေ မထသေးခင်ကတည်းက အိပ်ရာထ၊ သမီးခင်ပွန်း အိပ်ရာကထလာရင် စားဖို့ချက်ပြုတ်၊ မြေးလေးကို ကျောင်းသွားဖို့ပြင်ဆင်ပေးပြီး ရုံးကို ကတိုက်ကရိုက်သွားတဲ့သမီးကို ကြည့်ပြီးဖေဖေမောလိုက်တာ။

ညနေရုံးဆင်းလို့ အိမ်ရောက်တော့လည်း သမီးခင်ပွန်းကို ကော်ဖီဖျော်တိုက်၊ မြေးလေးကို အဝတ်အစားလဲပေးပြီး ညနေစာချက်ပြုတ်ပြင်ဆင်ရသေးတယ်။ မြေးလေးက အိမ်သာတက်ချင်တဲ့အခါ သမီးခင်ပွန်းက ဖေ့စ်ဘုတ်သုံးရင်း လှမ်းခေါ်တော့လည်း သမီးအိမ်ပေါ်ထပ်မှာ ကြမ်းတိုက်နေရင်း ပြေးလာခဲ့ရတယ်မဟုတ်လား။ မြေးလေးကို အော်ဟစ်ရင်း ဖေဖေသောက်ဖို့ ရေနွေးကြမ်းကိုပါ ငှဲ့ပေးသွားသေးတယ်။ ပြီးတော့ ဖေဖေတို့အားလုံးစားဖို့ ညစာခူးခပ်ပေးတယ်။ သမီးခင်ပွန်းက ဖေဖေနဲ့ စကားပြောရင်း အေးအေးဆေးဆေးစားနေတဲ့အခါမှာ သမီးလေးကတော့ ပတ်ပြေးနေတဲ့ မြေးလေးကို ခေါ်လိုက် ထမင်းခွံ့ကျွေးလိုက်၊ သမီးပါးစပ်ထဲ ထမင်းတွေ ဗလုံးဗထွေးထည့်ရင်း အရသာမခံနိုင်ဘဲ ထမင်းကို စားနေရတယ်။ ထမင်းစားပြီးလို့ သမီးခင်ပွန်းက တီဗွီကြည့်နေတဲ့အခါ သမီးက ပန်းကန်ခွက်ယောက်တွေ ဆေးကြောပြီး မနက်စာချက်ပြုတ်ဖို့ ပြင်ဆင်နေခဲ့တယ်။ ပြီးတော့ သမီးခင်ပွန်းတီဗွီကြည့်ပြီးရင် အဆင်သင့်အိပ်လို့ရအောင် အိပ်ရာခင်းပေးဖို့ အိမ်ပေါ်တက်သွားတယ်။

သမီးလေးရေ….

အိမ်ထောင်မှုနိုင်နင်းတဲ့ သမီးလေးကိုကြည့်ရင်း ဖေဖေသိပ်ဂုဏ်ယူရပါတယ်။ ပြီးတော့ သမီးဖေဖေ ဝမ်းလည်းနည်းတယ်။ ကိုယ့်အတွက်ကိုယ်အချိန်မပေးနိုင်လောက်အောင် အိမ်ထောင်မှုအလုပ်တွေနဲ့ လုံးပန်းနေတဲ့သမီးကိုကြည့်ရင်း  ဖေဖေစဉ်းစားကြည့်မိတယ်။ သမီးလေးရဲ့ ငယ်ဘဝတစ်လျှောက်မှာ  အိမ်အလုပ်တွေမနားမနေလုပ်နေတဲ့ သမီးမေမေကို တွေ့ခဲ့ရပြီး ဖေဖေ့ကိုတော့ အိမ်အလုပ်တွေနဲ့ မသက်ဆိုင်သူတစ်ယောက်လို နေခဲ့တာကို သမီးတွေ့ခဲ့ရတယ်။ မိန်းကလေးဆိုတာ အိမ်အလုပ်တွေအားလုံးကို ပင်တိုင်တာဝန်ယူထားသူဖြစ်ပြီး ယောကျာ်းလေးဆိုတာ အခွင့်ထူးခံလူတန်းစားဆိုတာ သမီးခေါင်းထဲမှာ စွဲလာခဲ့တယ်။ ဒါကြောင့်လည်း ငွေရှာတာချင်းအတူတူ သမီးခင်ပွန်းက အိမ်ရောက်တာနဲ့ နားနေပြီး သမီးကတော့ အားလုံးရဲ့အလုပ်တွေကို ကျေနပ်စွာလုပ်နေခဲ့တယ်။ ဒါတွေဟာ ဇနီးမယားတစ်ယောက်ရဲ့ တာဝန်တွေဆိုတာကို သမီးကြည်ဖြူစွာ လက်ခံနေခဲ့တယ်။ ငယ်ငယ်တုန်းက အိမ်အလုပ်တွေဆက်တိုက်လုပ်နေခဲ့တဲ့ မေမေ့ကို သမီး မျက်စိထဲစွဲလာသလို အိမ်အလုပ်တွေနဲ့ မသက်ဆိုင်သူလို သတင်းစာဖတ်နေတတ်တဲ့ ဖေဖေ့ကို မြင်သားကျလာတဲ့သမီးဟာ သမီးကို မကူဘဲ ဖေ့စ်ဘုတ်သုံးနေတဲ့ ခင်ပွန်းကို အပြစ်မတင်ခဲ့ဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ သမီးခင်ပွန်းဟာလည်း သူ့ဘဝတစ်လျှောက်လုံး အိမ်အလုပ်တွေကို သူ့ အမေတစ်ယောက်လည်း လုပ်တာကို မြင်လာခဲ့တဲ့အတွက် သမီးအိမ်အလုပ်လုပ်နေတာကို မြင်ရတဲ့အခါ မထူးဆန်းသလို ခံစားနေရတာပါ။ သမီးအမေ အိမ်အလုပ်တွေလုပ်နေတာကို ဖေဖေ မြင်လာတာ နှစ်ပေါင်းကြာလာခဲ့တာတောင် တစ်ခါမှ အပြစ်ရှိသလို မခံစားဖူးလေ။ ဖေဖေ့ရဲ့သမီးလေးကို အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် လုပ်ကိုင်နေရတာကို မြင်ရတော့မှ ဖေဖေ့ကိုယ်ဖေဖေ အပြစ်ရှိသလိုခံစားနေရတယ်။ တကယ်တော့လေ…

သမီးငယ်ငယ်တုန်းကသာ သမီးမေမေကို အဝတ်ကူလျှော်နေတဲ့ ဖေဖေ့ကိုတွေ့ဖူးခဲ့ရင်…

“မိန်းမခဏနားလိုက် ဒီနေ့ပန်းပင်တွေကို ကိုယ်ရေလောင်းလိုက်မယ်” ဆိုတဲ့ စကားလေးတွေကြားဖူးခဲ့ရင်…

“မိန်းမရေ.. ဒီနေ့အတူတူ ထမင်းချက်ရအောင်” ဆိုတဲ့ မြင်ကွင်းလေးတွေကို မြင်ဖူးခဲ့ရင်…

သမီးအမေပန်းကန်ဆေးနေတဲ့အခါမှာ ပန်းကန်တွေကို ကူပြီးနေရာချပေးနေတာကို တွေ့ဖူးခဲ့ရင်…

သမီးလေးရဲ့ အိမ်ထောင်ရေးဟာ အခြေအနေတစ်မျိုးဖြစ်နေမှာပါ။ ဖေဖေအနေနဲ့ အခုမှ နောင်တရမိပေမဲ့ သိပ်နောက်မကျသေးပါဘူးလေ။ ဖေဖေသမီးဆီကပြန်ပြီး အိမ်ရောက်တာနဲ့ သမီးမေမေကို အိမ်ကအလုပ်တွေမှာ တတ်နိုင်သလောက်ကူတော့မယ်။ သမီးမေမေကတော့ အံ့သြပြီး မနေတတ်မထိုင်တတ်ဖြစ်နေမှာ မြင်ယောင်သေးတယ် သမီးရေ…။ ဖေဖေ့ကို မီးဖိုခန်းထဲက အတင်းနှင်ထုတ်မယ့် သမီးမေမေကို ပြောပြရဦးမယ်။ ကိုယ်လည်းတစ်ဝက်ဆိုင်တဲ့ အိမ်မှာ အိမ်အလုပ်တွေကို ကိုယ့်ကိုတစ်ဝက်ခွဲပေးပါလို့ ဖေဖေကတော့တောင်းဆိုမှာပဲ။

သမီးလေးရဲ့ ငယ်ဘဝမှာ သမီးမြင်သင့်ခဲ့တဲ့ မြင်ကွင်းတစ်ခုကို သမီးအခုလာကြည့်ဖို့ အိမ်လာလည်လှည့်ပါဦး သမီးရေ…။ အခုဆို သမီးမေမေနဲ့ ဖေဖေ ပန်းကန်အတူတူဆေးရင်း… အဝတ်တွေအတူတူခေါက်ရင်း ကြင်စဦးကလို ရယ်မောပျော်ရွှင်နေလေရဲ့။

သင်ကော သင့်သမီးလေးကို ဘယ်လိုမြင်ကွင်းမျိုးနဲ့ ရင်းနှီးစေချင်လဲ။

တွေးစရာတစ်ခုခုရခဲ့ရင် SHARE ပေးလိုက်ပါဦး။