Go With Me (Food Review) နှင့် My Khayee (Travel Blog) တွေကို ရေးသားတင်ဆက်ပေးနေတဲ့ မခင်မြတ်မြတ်နိုင် (ခ) Chilli နှင့်တွေ့ဆုံခြင်း

blank
ဂန္ထဝင်စာချစ်သူတို့ရေ…..

သူမကိုကြည့်လိုက်ရင် အမြဲတမ်းလန်းဆန်းတက်ကြွလို့။ သူမရဲ့ဘဝဟာ အများတကာအားကျရလောက်အောင် ပေါ့ပါးပျော်ရွှင်လို့။ ဝါသနာတွေကို ပုံဖော်ရင်းဘဝကိုပျော်ရွှင်စွာ တက်လှမ်းနေတဲ့ အများတကာအတွက် အကျိုးရှိတဲ့ ခရီးသွားဆောင်းပါးတွေကို ရေးသားတင်ဆက်ပေးနေတဲ့ Go With Me နှင့် My Khayee Blogger မခင်မြတ်မြတ်နိုင်(ခ) Chilli နဲ့  အမေးအဖြေလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ မင်္ဂလာပါအစ်မ။ ပထမဆုံးအစ်မရဲ့ ကိုယ်ရေးအကျဉ်းလေးကို စာဖတ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါဦး။

ဟုတ်ကဲ့ ကျွန်မနာမည်က ခင်မြတ်မြတ်နိုင်ပေါ့နော်။ သူငယ်ချင်းတွေကတော့ ခင်မြတ်၊ ချီလီ၊ ငရုတ်သီး ဆိုပြီး အဆင်ပြေသလို ခေါ်ကြတယ်။ ချီလီဆိုတာ သူငယ်ချင်းတွေ ပေးတဲ့နာမည်ပါ။ ဒီနာမည်နဲ့ပဲ စာတွေ ရေးဖြစ်နေတာ။ ကျောင်းကတော့ အဝေးသင်နဲ့ပဲ ဘွဲ့ရထားတာပါ။ လက်ရှိတော့ Digital Marketing ကို Freelance အနေနဲ့လုပ်ပါတယ်။

၂။ အစ်မရဲ့ မိသားစုဝင်တွေအကြောင်းလည်း ပြောပြပေးပါဦး။

အစ်မအမေက ဆရာမ၊ အဖေက အငြိမ်းစား အင်ဂျင်နီယာပါ။ မောင်နှမသုံးယောက်ရှိတဲ့အထဲ အစ်မက အလတ်ပေါ့။ အားလုံးနဲ့လည်း အစ်မက စရိုက်လုံးဝမတူဘူး။ ငယ်ငယ်ကတည်းက သတ္တိရှိရှိနဲ့ ကိုယ်လုပ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တာများတယ်။ အိမ်က အကုန်လုံးက အေးဆေးသမားတွေဆိုတော့ တစ်ယောက်တည်း ချွန်ထွက်နေတာ။

၃။ အစ်မအနေနဲ့ Go With Me နဲ့ My Khayee Blog တွေကို ဘယ်အချိန်က စတင်ရေးသားခဲ့ပါသလဲ။ စတင်ရေးဖြစ်တဲ့အကြောင်းလေးလည်း ပြောပြပေးပါဦး။

ဟုတ် အရင်ဆုံး စရေးခဲ့တာ Gowithme ပါ။ အခုဆိုရင်တော့ သုံးနှစ်ပြည့်တော့မှာပေါ့နော်။ အရင်ကတည်းက ကိုယ်တွေသူငယ်ချင်းတွေက စားမယ်သောက်မယ် အဖွဲ့  အခုလို ဆိုရှယ်မီဒီယာတွေ ခေတ်မစားခင်ကတည်းက တစ်နေရာရာက ဘယ်ဆိုင်ဖွင့်လဲဆို သိနေပြီ။ စာမရေးခင်ကတည်းက တစ်ခုခုဆို သူငယ်ချင်းတွေက လှမ်းမေးနေကြဆိုတော့ အခြားနိုင်ငံတွေကလို Foodie Mobile App လေးလုပ်ချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ အရင်ဆုံး ကိုယ့်ဆီမှာ ပရိသတ် ရှိမှ ဖြစ်ဦးမယ်ဆိုပြီး ဖေ့စ်ဘွတ်မှာပဲ စာစရေးဖြစ်တယ်။ ချီလီက အရင်ကတည်းက Blog မှာစာရေးတယ်။ အဲကတည်းက ခရီးသွားတဲ့အကြောင်းတွေ ရေးဖြစ်တယ်။ အဲဒါနဲ့ပဲ ခရီးသွားတဲ့အကြောင်းရေးဖို့ My Khayee ဆိုတဲ့ ပေ့ခ်ျတစ်ခု ထောင်ပြီးရေးဖြစ်သွားတာပါ။ သူကတော့ နှစ်နှစ်လောက်ရှိပြီ။ blank

၎။ ခရီးထွက်ခြင်းရဲ့ အကျိုးကျေးဇူးလေးကိုလည်း ပြောပြပေးပါဦး။

ခရီးထွက်တဲ့အခါ ချီလီ့ အတွက်တော့ အသစ်အသစ်တွေ ပေးတယ်။ နယ်မြေအသစ်၊ ယဉ်ကျေးမှုအသစ်၊ လူအသစ်တွေနဲ့ တွေ့ရပြီး အိုင်ဒီယာ အသစ်တွေရတယ်။ လူတွေ နဲ့ ပေါင်းသင်းဆက်ဆံရေး ပညာတင်သာမကဘူး ခရီးသွားတဲ့အခါကုန်ကျစရိတ် တွက်ရတော့ အတွက်အချက်ကလည်း ရတယ်။ အင်္ဂလိပ်လိုပြောရတော့ အခြား ဘာသာစကားလည်း အကျွမ်းတဝင်ဖြစ်လာတယ်။ မြေပုံတွေဘာတွေကြည့်ပြီး သွားတတ်လာတယ်။ နောက်ပြီး ခရီးစဉ်တစ်ခုလုံးကိုယ့်အတွက် ကိုယ်ဆုံးဖြတ် ကိုယ့်လုံခြုံရေးလည်း  ကိုယ်ပဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတော့ အတော်တိုးတယ်။ ခရီးထွက်တာက တကယ်တော့ Life University ကို အပြင်မှာ တကယ့်လက်တွေ့ကျကျ တက်နေရသလိုပါဘဲ။

၅။ အခုလိုအများကလက်ခံတဲ့ Blogger တစ်ယောက်ဖြစ်ဖို့ အစ်မဖြတ်သန်းလာခဲ့ရတဲ့ ခရီးစဉ်လေးအကြောင်းကိုလည်း ပြောပြပေးပါဦး။

အများလက်ခံတဲ့ Blogger ဖြစ်ခဲ့တာ Passion ကြောင့်လို့ထင်ပါတယ်။ ကိုယ်တကယ် ချစ်တဲ့အရာကို လုပ်နေရင် လူဆိုတာ ဟန်ဆောင်နေစရာမလိုဘူး။ ပင်ပန်းနေလည်း ပင်ပန်းနေမှန်းမသိဘူး။ ချီလီဆို အချို့ Review တွေကို ကားပေါ် ရထားပေါ် မှာတင် ရေးခဲ့တာ။ သူငယ်ချင်းတွေကတောင် ပြောတယ်။ နင့်ကို တကယ်မယုံနိုင်ဘူးတဲ့။ ဟုတ်တယ်။ တစ်ခါတစ်လေ ရီဗျူးကို ည သန်းခေါင်မှ ရေးတာမျိုး။ ခရီးသွားမယ်ဆို သေချာဖတ်ပြီး လေ့လာပြီးသွားတာမျိုး ဒါတွေကြောင့် ဒီလိုနေရာရောက်လာတယ်လို့ ထင်ပါတယ်။

blank

၆။ အစ်မအနေနဲ့ လတ်တလောမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းလေးတွေအကြောင်းလည်း ပြောပြပေးပါဦး။

လတ်တလောတော့အစ်မက Digital Marketing ကို Freelance လုပ်တယ်။ အဲ့ဒီကနေ ဝင်ငွေရတာပေါ့နော်။ ဒါပေမဲ့ ရှာလိုက် ကုန်လိုက်ပါဘဲ။ နောက်ပိုင်း ဘလော့ဂါတစ်ယောက်အနေနဲ့ ရတဲ့ ငွေအနည်းအကျဉ်းတော့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကိုယ်ခရီးသွားတာတွေကို ကာမိတဲ့အထိတော့ မရသေးဘူးပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ လူငယ်တွေအနေမီဒီယာတွေကို နည်းမှန်လမ်းမှန် အသုံးချတတ်ရင် ရရှိခံစားရမယ့်အကျိုးကျေးဇူးတွေကို ပြောပြပေးပါဦး။

အခုဆိုရင်ဖေ့စ်ဘွတ်ပေါ်မှာ သတင်းတွေအမျိုးမျိုး တွေ့နေရတယ်။ ကိုယ့်အတွက် အကျိုးမရှိတာဆိုတာ မရှိသလောက်ပေါ့နော်။ အမဆို ခရီးအကြောင်းဆို သူများရေးတာတွေလည်းဖတ်တယ်။ အခြားနိုင်ငံက ဘလော့ဂါတွေဘာလုပ်နေလဲလည်း ပြန်ကြည့် Inspire ယူတယ်။ အခြားလူတွေကော ဒီမီဒီယာကို အသုံးချပြီးဘာတွေလုပ်နေလဲ။ ငါကောဘာတွေ ဆက်လုပ်လို့ရလဲဆိုတာမျိုးကို စဉ်းစားကြည့်တယ်။ အဲဒီတော့ တကယ်တမ်းသုံးတတ်ရင် အကျိုးအများကြီးရှိတယ်။

blank

၈။ အစ်မခရီးထွက်တာကို ဘယ်အချိန်ကစပြီး ဝါသနာပါတာလဲ။ အစ်မပထမဆုံး ထွက်ခဲ့တဲ့ ခရီးစဉ်လေးကို ပြောပြပေးပါဦး။

ခရီးထွက်တာက မွေးကတည်းကပဲ။ အစ်မက ငယ်ငယ်ကတည်းက အမေနဲ့ခရီးထွက်နေကြ။ အဲဒီတုန်းက တော့ သူငယ်တန်းလောက်ပေါ့။ ပထမဆုံးခရီးထွက်တာ အစ်မအဖွားတွေ ရှိတဲ့ဆီကိုသွားရတာ။ အခုခေတ်လိုမဟုတ် ကားတွေ၊ လှေတွေ၊ ဆိုက်ကားတွေ နဲ့သွားရတာ။ အဲ့ဒီလိုသွားရတာတောင် ပျော်နေတာ။ အဲ့ဒီကတည်းက ခရီးထွက်ခဲ့တာပေါ့နော်။

၉။ အစ်မအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး၊ အမှတ်အရဆုံးခရီးစဉ်တစ်ခုအကြောင်း ပြောပြပေးပါဦး။

စိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့ Sky Diving လုပ်ခဲ့တဲ့ ဆွဇ်ဇာလန် ခရီးစဉ်ပါဘဲ။ ဒီတစ်သက် ဘယ်တော့မှ မမေ့ပါဘူး။

၁ဝ။ အစ်မအနေနဲ့ ခရီးတွေထွက်ဖို့ လိုအပ်တဲ့သတင်းအချက်အလက်တွေ ဗဟုသုတတွေကို ဘယ်လိုရှာမှီးပါသလဲ။

ဟုတ်ကဲ့ စာများများဖတ်ပါတယ်။ အင်တာနက်ကနေရှာတယ်။ ဘလော့တွေ ဖတ်တယ်။ wikitravel ဖတ်တယ်။ နောက်ပြီး Youtube တွေကြည့်တယ်။ အဓိက ကတော့စာဖတ်တာပါပဲ။

၁၁။ ခရီးတွေထွက်တဲ့အခါ အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် ကြုံတွေ့ရတဲ့ အဟန့်အတားတွေရှိလား။ ကြုံတွေ့လာခဲ့ရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့ပါသလဲ။

အမျိုးသမီးတစ်ယောက်အနေနဲ့တော့ အစ်မပဲ ကံကောင်းတာလား လူကဲခတ်တတ်တာလား စေတနာပဲ ကောင်းလို့လားမသိ တစ်ခါမှ အခက်အခဲ မကြုံဖူးဘူး။ အမျိုးသမီးမို့ကိုယ့်ကိုယ် ပိုကူညီတဲ့လူတောင်ရှိတယ်။ နာဂကနေ နန်းယွန်းသွားတုန်းက ဆိုင်ကယ်တက္ကစီနဲ့ ကိုးနာရီလောက် စီးရတယ်။ အဲ့ဒီတုန်းက လမ်းမှာ သူရယ် ကိုယ်ရယ်ပဲ ရှိတာ။ ဆိုင်ကယ်သမားက ကိုယ့်ကို သေချာဂရုစိုက်တဲ့အပြင် နန်းယွန်းရောက်တော့တောင် သူ့အမျိုးအိမ်ခေါ်သွားပေးသေးတာ။ ဆိုင်ကယ်မငှားခင်ကိုယ်ကလည်း စိတ်ချရတဲ့သူဖြစ်အောင် သေချာမေးမြန်းငှားရတာပေါ့နော်။ ခရီးသွားရင် လူရည်လည်တတ်ဖို့လဲ လိုတာပေါ့။

၁၂။ အစ်မအနေနဲ့ ဘယ်လိုစာပေမျိုးတွေ ဖတ်ရတာနှစ်သက်ပါသလဲ။

အစ်မကတော့ အကုန်ဖတ်ပါတယ်။ ဒါပေမဲ့ လူမျိုးတစ်မျိုး နေရာဒေသတစ်ခုကို ဇာတ်လမ်းတည်ထားတာမျိုးတွေ ကြိုက်တယ်။ ခရီးမသွားခင် အဲဒီလိုစာအုပ်တွေ ဖတ်လေ့ရှိတယ်။ Twilight Over Burma, From the Land of Green Ghost စတဲ့ မြန်မာပြည်အကြောင်းရေးတဲ့ စာအုပ်တွေ အရမ်းကြိုက်တယ်။ နောက် စာရေးစရာမင်းလူ၊ သင့်လူ တို့လည်းဖတ်တာပဲ။ အကြိုက်ဆုံးကတော့ တက္ကသိုလ်ဘုန်းနိုင်ပါ။

၁၃။ အစ်မစိတ်ဓာတ်ကျတဲ့အခါ စိတ်ဓာတ်တက်ကြွလာစေတဲ့ လက်စွဲဆောင်ပုဒ်ကဘာလဲ။

စိတ်ဓာတ်ကတော့ ကျသလားမမေးနဲ့။ ဟားဟား။ စိတ်ဓာတ်တက်ကြွစေတဲ့ လက်စွဲဆောင်ပုဒ်တော့ မရှိပါဘူး။ ဒါပေမဲ့ သဘောကျတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ Quote  လေးတော့ရှိတယ်။ What is the point of the revolution if you can’t dance တဲ့ အဓိပ္ဗာယ်က ပျော်စရာတွေမရှာနိုင်တော့ဘူးဆိုရင် ဘာလို့ အလုပ်တွေ ကြိုးစားနေမှာလဲတဲ့။

၁၄။ ဂန္ထဝင်စာချစ်သူတွေအတွက် စကားလက်ဆောင်လေးပြောပေးပါဦး။

ဂန္တဝင်စာချစ်သူတွေအကုန်လုံး ခရီးတွေများကြီးသွားနိုင်ပြီး စားသလောက်မဝတဲ့ သူတွေ ဖြစ်ပါစေလို့။

စာချစ်သူတို့ရေ…

လူငယ်တစ်ယောက်ပီပီ သွက်လက်ဖြတ်လတ်နေတဲ့ မခင်မြတ်မြတ်နိုင်(ခ) Chilli ရဲ့ အင်တာဗျူးလေးကို နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ စာချစ်သူတို့အားလုံးလည်း ယုံကြည်ရာကို ပုံဖော်ရင်း ဘဝကိုဖြတ်ကျော်နိုင်ကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆန္ဒပြုအပ်ပါတယ်ရှင်။