မိုင်ထောင်ချီ ပျံသန်းသွားလာနိုင်တဲ့ လိပ်ပြာငယ်လေးများ အကြောင်း

blank
စာချစ်သူတို့ရေ…

လိပ်ပြာလေးတွေဆိုတာ လှပတဲ့အတောင်လေးတွေကို ဖြန့်ကျက်ပြီး ဟိုဟိုဒီဒီသွားလာပျံဝဲတတ်တဲ့ ချစ်စရာသတ္တဝါလေးတွေပါ။ လိပ်ပြာမျိုးစိတ်ပေါင်း များစွာရှိတဲ့အထဲမှာမှ လိမ္မော်ရောင်နဲ့ အနက်ရောင်စပ်ကြားအတောင်လေးတွေနဲ့ မိုနာ့ခ်ျလိပ်ပြာ (Monarch Butterfly) လေးတွေဟာ ထူးဆန်းမှုတွေနဲ့ လှပနေတဲ့ လိပ်ပြာလေးတွေပေါ့။

မိုနာ့ခ်ျလိပ်ပြာလေးတွေကို မြောက်အမေရိကမှာ အများဆုံးတွေ့ရတတ်ပြီး အခြားနေရာဒေသတွေမှာလည်း တွေ့ရပါတယ်။ လိပ်ပြာလေးတွေဆိုတာ ပိုးတုံးလုံးဘဝကနေ ဆင့်ကဲပြောင်းလဲလာတာပါ။ အဲဒီလိုပဲ မိုနာ့ခ်ျလိပ်ပြာလေးတွေကလည်း milk weed လို့ ခေါ်တဲ့ ပေါင်းပင်လေးတွေကနေ သူတို့ရဲ့ ပိုးတုံးလုံးဘဝကို စတင်ပါတယ်။ အဲဒီကမှ တဖြည်းဖြည်းအရွယ်ရောက်ပြီး လှပတဲ့အတောင်တဝင့်ဝင့်နဲ့ လိပ်ပြာလေးဘဝကို ပြောင်းလဲသွားပါတယ်။ မိုနာ့ခ်ျလိပ်ပြာလေးတွေရဲ့ ပိုးတုံးလုံးကနေ အရွယ်ရောက်တဲ့အဆင့်ထိကို တစ်လနီးပါးကြာမြင့်ပါတယ်။

ပန်းပွင့်လေးတွေကပေါ်ပျံဝဲ၊ ပန်းဝတ်ရည်စုပ်ပြီး လှချင်တိုင်းလှနေတဲ့ မိုနာ့ခ်ျလိပ်ပြာလေးတွေရဲ့ အကြောက်ဆုံးအရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ဆောင်းရာသီရဲ့ အအေးဒဏ်ပါပဲ။ ဒီတော့ လိပ်ပြာလေးတွေက ဆောင်းရာသီရောက်ခါနီးတိုင်း တောင်ဘက်ပိုင်းကို မိုင်ပေါင်းထောင်ချီပျံသန်းကြပြီး ဆောင်းခိုကြပါတယ်။ သူတို့ရဲ့ ဆောင်းခိုကာလဟာ အောက်တိုဘာလကစတင်ပြီး နောက်တစ်နှစ်ဇူလိုင်လမှာ ပြီးဆုံးပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဆောင်းခိုခရီးစဉ်အတွက် သူတို့ရဲ့ ပြင်ဆင်ပုံလေးကလည်း စိတ်ဝင်စားစရာပါ။ လိပ်ပြာလေးတွေဟာ သူတို့စုပ်ယူထားတဲ့ ပန်းဝတ်ရည်တွေထဲက သကြားဓာတ်တွေကို အဆီအဖြစ်ဝမ်းဗိုက်ထဲမှာ သိုလှောင်ထားကြပါတယ်။ ဒီတော့ အဲဒီအဆီတွေက ဆောင်းခိုခရီးစဉ်အတွက် ရိက္ခာဖြစ်သွားတာပေါ့။ ဆောင်းခိုခရီးစဉ်တစ်လျှောက်မှာ ပျံသန်းလာရင်းနဲ့ မောပန်းတဲ့အခါမှာ အန္တရာယ်ကင်းအောင် မြင့်မားတဲ့အပင်ကြီးတွေရဲ့ ထိပ်ဖျားမှာ နားနေတတ်ကြပါတယ်။ အဲဒီလိုနားတဲ့အခါမှာ အနွေးဓာတ်ရရှိအောင် တစ်ကောင်ပေါ်တစ်ကောင်ထပ်ပြီး အုပ်စုလိုက်အနားယူကြပါတယ်။ နေ့ခင်းတွေမှာတော့ တောတောင်လျှိုမြောင်တလျှောက်က သစ်ပင်ပန်းမန်တွေရဲ့ ဝတ်ရည်ကို မှီဝဲ၊ စမ်းချောင်းတွေထဲက ရေချိုတွေကို သောက်သုံးရင်း သူတို့ရဲ့ ခရီးစဉ်အတိုင်းပျံသန်းကြပါတယ်။

ဒီလိုနဲ့ ဆောင်းခိုကြရင်း နွေဦးကာလရောက်တဲ့အခါ အိမ်ပြန်ဖို့အတွက် ပြင်ဆင်ကြပါတော့တယ်။ သူတို့ရဲ့ အလာခရီးဟာ မိသားစုတွေသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ဖို့ကောင်းသလောက် အပြန်ခရီးကတော့ ဝမ်းနည်းမှုတွေအပြည့်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့လေးတွေရဲ့ ဘဝသက်တမ်းက အလွန်ဆုံး ၈လပဲကြာမြင့်တာကြောင့် အပြန်လမ်းခရီးမှာ မိဘအဘိုးအဘွားတွေ ပြန်ပါမလာနိုင်တော့ပါဘူး။ ဆောင်းခိုရင်း ပေါက်ဖွားလာကြတဲ့ လိပ်ပြာငယ်လေးတွေက အပြန်လမ်းခရီးကို လိပ်ပြာကြီးတွေရဲ့ အကူအညီမပါဘဲ ပျံသန်းရင်း အိမ်ပြန်ကြရပါတယ်။

စာချစ်သူတို့ တွေးရင်တွေးမိမှာပေါ့။ လိပ်ပြာငယ်လေးတွေက လမ်းမသိဘဲ ဘယ်လိုပြန်မလဲလို့။ လိပ်ပြာငယ်လေးတွေမှာ အလာခရီးတုန်းက မိဘဘိုးဘွားတွေရဲ့ လာရာလမ်းကြောင်းကို ခြေရာခံနိုင်တဲ့အစွမ်းလေးတွေ ရှိကြပါတယ်။ ဒါဟာ သူတို့အတွက် လှပမှုအပြင် သဘာဝတရားကြီးကပေးတဲ့ နောက်ထပ်ဆုလာဘ်တစ်ခုဆိုလည်း မမှားပါဘူး။ သိပ္ပံပညာရှင်အချို့ကတော့ ဒါဟာ ပင်ကိုယ်ဗီဇမဟုတ်ဘဲ လာရာလမ်းမှာ မိဘဘိုးဘွားတွေချန်ထားခဲ့တဲ့ ပန်းဝတ်မှုံလေးတွေကို ခြေရာခံပြီး ပြန်လာကြတယ်လို့လည်း ပြောကြပါတယ်။