ဇာတိမြေကို ခင်တွယ်တဲ့ ဆော်လ်မွန်ငါးလေးရဲ့ စွန့်စားမှုခရီး

blank

ရေချိုမှာမွေးဖွားခဲ့ပြီး ဝမ်းစာကြောင့် သမုဒ္ဒရာထဲကို အစာရှာထွက်လာတတ်ကြတဲ့…. ဘယ်လောက်ဝေးလံတဲ့ခရီးကိုပဲရောက်နေပါစေ  ရင်သွေးလေးတွေမွေးဖွားဖို့ ရေချိုကိုပြန်လာကြတဲ့ ဆာလ်မွန်ငါးလေးတွေကို သိကြတယ်ဟုတ်။ ငွေရောင်၊ ချယ်ရီရောင်နဲ့ အနီရောင်တွေရှိကြပေမဲ့ ရေချိုကနေ ရေငံကိုသွားတဲ့အခါမှာတော့ အရောင်ပြောင်းသွားတတ်ကြတဲ့ ဆာလ်မွန်ငါးလေးတွေရဲ့ ဘဝဖြစ်စဉ်ဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

မြစ်ကလေးမှာ ဘဝစတဲ့ ဆာလ်မွန်ငါးလေးတွေဟာ အသက်တစ်နှစ်ကနေ သုံးနှစ်အရွယ်ရောက်လာတဲ့အခါ အစာရှာထွက်ဖို့အတွက် အတ္တလန္တိတ်သမုဒ္ဒရာထဲကို လာကြပါတယ်။ သမုဒ္ဒရာထဲမှာ တစ်နှစ်ကနေ လေးနှစ်လောက်နေပြီး အစာတွေကို ရှာဖွေစုဆောင်းရင်း ရရှိတဲ့အစာတွေကို အဆီအဖြစ် ဝမ်းဗိုက်မှာသိုလောင်ပြီးတဲ့အခါ မျိုးပွားဖို့အတွက် မွေးရပ်မြေကို ပြန်လာရပါတယ်။ ဆာလ်မွန်ငါးလေးတွေရဲ့ အိမ်အပြန်ခရီးဟာ ထင်သလောက်တော့ မလွယ်ကူလှပါဘူး။ ရေဆန်ကို ဆန်တက်ဖို့အတွက် ခန္ဓာကိုယ်ကိုမြှောက်ပြီး ပြောင်းပြန်ကူးခတ်လာရတဲ့အတွက် သေလုမြောပါး မောပန်းနွမ်းနယ်မှုတွေကို ခံစားရပေမဲ့ မွေးရပ်မြေကို ခင်တွယ်တဲ့ ဆာလ်မွန်ငါးလေးတွေကတော့ လက်မလျှော့ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဆာလ်မွန်ငါးတို့ရဲ့ အိမ်အပြန်လမ်းတစ်လျှောက်ဟာ ကူးခတ်ဖို့ ခက်ခဲတာတစ်ခုတည်း မဟုတ်ဘူး။ အသက်အန္တရာယ် ပေါင်းစုံကိုလည်းကျော်ဖြတ်လာရပါသေးတယ်။ သရေတမြားမြားနဲ့ စောင့်နေတဲ့ ပိုလာဝက်ဝံတွေနဲ့ အခြားအသားစားရေသတ္တဝါတွေရဲ့ ဒဏ်ကိုကျော်ဖြတ်နိုင်ရင်တောင်မှ ငါးဖမ်းသင်္ဘောကြီးတွေရဲ့ ရန်တွေ၊ ပတ်ဝန်းကျင်ညစ်နွမ်းမှုရဲ့ ခြိမ်းခြောက်မှုအပေါင်းကို ရင်ဆိုင်ပြီးမှ မွေးရပ်မြေကို ရောက်ကြရပါတယ်။ မျိုးပွားဖို့အတွက် အိမ်အရောက်ပြန်လာတဲ့ ဆာလ်မွန်ငါးတွေရဲ့ မေတ္တာကတော့ အံ့မခန်းပါပဲ။

အသက်အန္တရာယ်တွေအားလုံးကို ဖြတ်ကျော်ပြီးပေမဲ့ အိမ်ရောက်လာတဲ့ ဆာလ်မွန်ငါးလေးရဲ့ ဒုက္ခကတော့ ပြီးဆုံးမသွားပါဘူး။ ဥဥဖို့အတွက် နေရာတွေရှာ၊ မြစ်ကြမ်းပြင်ရဲ့ ကျောက်စရစ်ခဲလေးတွေကို ဥလေးတွေအတွက် လုံခြုံစိတ်ချရအောင် ဖို့ရဖိရနဲ့ အလုပ်များရပါသေးတယ်။ ဥတစ်သိုက်ဥပြီးတိုင်း သန္ဓေအောင်ပေးမယ့် ဆာလ်မွန်ထီးတွေကို စောင့်ပြီး ဆာလ်မွန်ထီးရောက်လာတဲ့အခါ နောက်တစ်သိုက်ဥရပါတယ်။ မွေးရပ်မြေမှာရှိနေတဲ့ ကာလတွေမှာတော့ သမုဒ္ဒရာထဲမှာ အစာရှာခဲ့စဉ်က ဝမ်းဗိုက်ထဲက အစာတွေနဲ့ပဲ အာဟာရပြုကြရပါတယ်။ ရင်သွေးငယ်တွေကို မွေးဖွားပြီး အချိန်အတော်ကြာအောင် သက်ရှိထင်ရှားရှိနေသေးရင်တော့ သမုဒ္ဒရာထဲကို ဝမ်းစာရှာဖို့ ထွက်လာရပြန်ပါတယ်။ ဆောင်းတွင်းနှောင်းမှာ ဥခဲ့တဲ့ ဆာလ်မွန်ဥလေးတွေကတော့ ဧပြီ၊မေလောက်မှာ သားလောင်းကောင်းလေးတွေဖြစ်လာပါတော့တယ်။

အဲဒီနောက်မှာတော့ ဆာလ်မွန်ငါးလေးတွေဟာ အရွယ်အမျိုးမျိုးကိုဖြတ်ကျော်ပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ ဆာလ်မွန်ငါးတို့ရဲ့ ထုံးစံအတိုင်း ဘဝကိုကျော်ဖြတ်ရပြန်ပါတယ်။ သိပ္ပံပညာရှင်တွေက ဆာလ်မွန်ငါးတွေမှာ ပင်လယ်ဘက်မှာရှိနေတဲ့  သံလိုက်ဓာတ်ကို ခံစားသိနေနိုင်တဲ့ အစွမ်းတွေရှိနေတယ်ဆိုတာကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ဘဝအတွက် ကြိုးစားရုန်းကန်ရပေမဲ့ မွေးရပ်မြေကို ခင်တွယ်ပြီး မျိုးဆက်အတွက် အန္တရာယ်အပေါင်းကို ရင်ဆိုင်ကြတဲ့ ဆာလ်မွန်ငါးလေးတွေဟာ ချစ်စရာလည်းကောင်း သနားစရာလည်းကောင်းလှပါတယ်။

ဒါကြောင့်လည်း ဆာလ်မွန်ငါးလေးတွေကို မျိုးချစ်တဲ့ ငါးလေးတွေလို့ ပြောစမှတ်ပြုကြတာ မဟုတ်လား။