ကျရှုံးမှုဆိုတာဘဝရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်း သိစေခဲ့တဲ့ ရှက်ခ်ကီရာ(Shakira)ရဲ့ဘဝဇာတ်ကြောင်း

blank

ရှက်ခ်ကီရာ (Shakira) လို့ပြောလိုက်တာနဲ့ အသံအားကောင်းကောင်း၊ ခန္ဓာကိုယ်လှလှနဲ့ ပရဟိတလုပ်ငန်းတွေလုပ်တဲ့ ကမ္ဘာကျော်အဆိုတော်ဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ လူတိုင်းဟာ ရှက်ခ်ကီရာရဲ့ အလှအပနဲ့ အောင်မြင်ကျော်ကြားမှုကို သိကြပေမဲ့ သူမဘဝဇာတ်ကြောင်းကိုတော့ မသိကြပါဘူး။ ဒီတော့ ရှက်ခ်ကီရာရဲ့ ဘဝအကြောင်းလေးကို အကျဉ်းချုပ်ပြောပြပါရစေ။

ရှက်ခ်ကီရာက ချမ်းသာတဲ့မိသားစုက မွေးဖွားလာခဲ့တာဖြစ်ပြီး သူမရဲ့ဖခင်ဟာ ရတနာသူဌေးကြီးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့သူမအသက် (၇)နှစ်အရွယ်မှာတော့ သူမဖခင်ရဲ့စီးပွားရေးတွေ အရှုံးပေါ်ပြီး ဒေဝါလီခံခဲ့ရပါတယ်။ သူမရဲ့ မိဘတွေက စီးပွားရေးပြဿနာတွေကို ဖြေရှင်းနေစဉ်မှာ သူမကို မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ ခေတ္တနေထိုင်ခိုင်းခဲ့ပါတယ်။

သူမအိမ်ကို ပြန်ရောက်တဲ့အချိန်မှာတော့ အားလုံးပြောင်းလဲသွားခဲ့ပါတယ်။ ရှိသမျှရောင်းချပြီး အကြွေးတွေကိုဆပ်ရတာကြောင့် သူမတို့မှာ ကားတွေ၊ ပရိဘောဂတွေဘာမှမရှိတော့ဘဲ အိမ်အလွတ်ကြီးပဲ ကျန်နေခဲ့ပါတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“ကျွန်မအိမ်ကို ပြန်ရောက်တဲ့နေ့က ဘာမှမရှိတော့တာကိုတွေ့ပြီး ကျွန်မအရမ်းစိတ်ပျက်သွားခဲ့တယ်။ ကျွန်မမိဘတွေကိုလည်း စိတ်ပျက်မိတယ်။ ဒီလောက်ဆင်းရဲသွားအောင် သူတို့ဘယ်လိုလုပ်လိုက်တာလဲဆိုပြီးတော့ပေါ့” လို့ ရှက်ခ်ကီရာက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ဒီလိုတွေဖြစ်ပြီးတဲ့နောက်မှာ ရှက်ခ်ကီရာရဲ့ မိဘတွေက သမီးဖြစ်သူကို သူတို့ကံကောင်းနေသေးကြောင်း သက်သေပြဖို့ နည်းလမ်းတွေရှာခဲ့ကြပါတယ်။ ရှက်ခ်ကီရာရဲ့ မိဘတွေက စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ ဖိနပ်မပါဘဲပြေးဆော့နေတဲ့ သူဆင်းရဲကလေးတွေရှိတဲ့ ပန်းခြံဘက်ကို လမ်းလျှောက်ထွက်ဖို့ မကြာခဏသူ့ကို ခေါ်သွားလေ့ရှိပါတယ်။ အဲဒီအချိန်ကလည်းက သူမရဲ့စိတ်ထဲမှာ သူဆင်းရဲကလေးတွေကို သနားသွားပြီး သူအောင်မြင်လာတဲ့အချိန်မှာ ကလေးတွေကို ကူညီမယ်ဆိုပြီး စိတ်ဆန္ဒပြင်းပြခဲ့ပါတယ်။

ဒီလိုစိတ်ဆန္ဒတွေကြောင့် သူမအသက် ၈နှစ်အရွယ်မှာပဲ သီချင်းတွေကိုကိုယ်တိုင်ရေးပြီး စတင်သီဆိုခဲ့ပါတယ်။ အသက် ၁ဝ နှစ်အရွယ်မှာ ကျောင်းဂီတအသင်းမှာ အဆိုတော်အဖြစ်ပါဝင်ချင်ပေမဲ့ သူမအသံက အားကောင်းပြီး အသံသြတာကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်။ “နင်ရဲ့ သီချင်းသံက ဆိတ်အော်သံနဲ့တူတယ်” ဆိုပြီး မျက်နှာချင်းဆိုင်ဝေဖန်ပြောဆိုတာကိုပါ ခံခဲ့ရပါတယ်။ ဇွဲမလျှော့တဲ့ကြိုးစားမှုတွေကြောင့် ဂီတလောကထဲကို ဝင်ရောက်နိုင်ခဲ့ပေမဲ့ သူမရဲ့ ပထမဆုံး album နှစ်ခုကတော့ မအောင်မြင်ခဲ့ပါဘူး။

သူမရဲ့ တတိယမြောက်သီချင်းအယ်လ်ဘမ်ကျမှ အောင်မြင်မှုကို ရခဲ့ပါတယ်။ တတိယမြောက် အယ်လ်ဘမ်ကို ထုတ်ဝေပြီးတဲ့အချိန် သူမအသက် ၁၈နှစ်အရွယ်မှာပဲ နိုင်ငံအသီးသီးက ဆင်းရဲတဲ့ကလေးတွေအတွက် ပညာရေးနဲ့ စားစရာထောက်ပံ့ပေးတဲ့ ပရဟိတဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ရှက်ခ်ကီရာဟာ ကမ္ဘာ့အကောင်းဆုံး အဆိုတော်တွေထဲကတစ်ယောက် ဖြစ်နေပါပြီ။

ရှက်ခ်ကီရာရဲ့ ဘဝဇာတ်ကြောင်းကနေ ကျွန်မတို့ဘာတွေ သင်ခန်းစာရလိုက်သလဲဆိုတော့ “ကျရှုံးတယ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ၊ နောက်တစ်ကြိမ် ပြန်လည်ကြိုးစားတာကမှ ဘဝရဲ့ ရှင်သန်ခြင်းပါ” ဆိုတဲ့ အသိအမြင်လေးပေါ့။ ဒါကြောင့် ဘယ်လောက်ပဲရှုံးနိမ့်ပါစေ၊ ပြန်ထပါ၊ ကြိုးစားပါ၊ အကြင်နာတရားလက်ကိုင်ထားပါ၊ ဒီအတိုင်း ထပ်ကာထပ်ကာကြိုးစားရင်း အောင်မြင်မှုကို အရယူလိုက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါနော်။