ပြဿနာဆိုတာ ကိုယ်ထိလက်ရောက်ဖြေရှင်းရတဲ့အရာဆိုတာကို ပြသသွားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်

blank

ဟိုးရှေးရှေးတုန်းက ဝါးအိမ်လေးတွေဆောက်ပြီး နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိသတဲ့။ ဝါးနဲ့ကောက်ရိုးနဲ့သာဆောက်ထားတဲ့အတွက် အိမ်တစ်အိမ်မှာ မီးစွဲလောင်ပြီဆိုရင် တစ်ရွာလုံးပြာကျသွားနိုင်တယ်ဆိုတာကို ရွာမှာရှိတဲ့လူကြီးတွေက တွေးဆမိတာကြောင့် တစ်ရွာလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ မီးသတ်စနစ်တစ်ခုကို စဉ်းစားမိခဲ့ကြတယ်။

လူငယ်လေးတွေပါဝင်တဲ့ မီးကင်းအဖွဲ့ နေ့ညခွဲပြီး အလှည့်ကျစနစ်နဲ့ မီးကင်းလှည့်ဖို့ တာဝန်ချထားတယ်။ တစ်ရွာလုံးကို မြင်ရတဲ့မျှော်စင်ကြီးတစ်ခုဆောက်ထားပြီး မီးလောင်ပြီဆိုတာနဲ့ အချက်ပေးဥသြသံပေးပြီး မီးငြိမ်းသတ်တဲ့အဖွဲ့ကို အချက်ပေးဖို့ အကွက်ကျကျစီစဉ်ထားတာပေါ့။ ဥသြသံကြားတာနဲ့ သူတို့တွေဟာ မီးသတ်ပစ္စည်းတွေရှိတဲ့နေရာကို ပြေးကြတယ်။

သန်စွမ်းတဲ့ ယောက်ျားပျို၊ မိန်းမပျိုတွေဟာ ရွာရေတွင်းကနေ ရေငင်ပေးကြတယ်။ ဆယ်ကျော်သက်ယောက်ျားလေး၊ မိန်းကလေးတွေက ရေပုံးတွေကို အဆင်သင့်ဖြည့်ထားပေးတယ်။ ကျန်လူတွေကတော့ ရေတွင်းကနေ မီးလောင်တဲ့နေရာအထိတန်းစီပြီး ရေတွေကို လက်ဆင့်ကမ်းပြီးသယ်ကြတယ်။ ရဲရင့်တဲ့ယောက်ျားကြီးတွေ၊ မိန်းမကြီးတွေက လက်ဆင့်ကမ်းပြီးရောက်လာတဲ့ရေတွေကို ယူပြီး မီးတွေကို ငြိမ်းသက်ကြတယ်။

တစ်နေ့မှာတော့ ခရီးသွားတစ်ယောက်က အဲဒီရွာကဖြတ်သွားရင်း ဥသြသံကိုကြားလိုက်သတဲ့။ ခရီးသွားဟာ သူ့ဘဝမှာ တစ်ခါမှာမကြားဖူးတဲ့အသံကိုကြားလိုက်ရတဲ့အတွက် စူးစမ်းချင်စိတ်ဖြစ်သွားပြီး ပြေးလာတဲ့ရွာသားတစ်ယောက်ကို အဲဒါဘာသံလဲလို့မေးလိုက်သတဲ့။ ရွာသားကလဲ အဲဒါမီးသတ်ဥသြသံလို့ပြောပြီး မီးငြှိမ်းဖို့ရေးကြီးသုတ်ပြာ ထွက်ပြေးသွားတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခရီးသွားဟာ အရမ်းကိုအံ့သြသွားပြီး မီးဘေးမကြာခဏကြုံတွေ့ရတတ်တဲ့ သူ့ရွာကို ယူဆောင်သွားဖို့အကြံရသွားတော့တာပေါ့။ ရက်များစွာကြာသွားတဲ့အခါမှာ မီးသတ်ဥသြကိုတောင်းခံဖို့အဲဒီရွာလေးကို ပြန်လာတော့သတဲ့။ သူ့ရဲ့တဖွဖွတောင်းဆိုမှုကြောင့် ရွာသားတွေကလည်း မီးသတ်ဥသြတစ်ခုချက်ခြင်းလုပ်ပြီး သူ့ကိုပေးလိုက်တော့တာပေါ့။

ခရီးသွားဟာ မီးသတ်ဥသြကိုယူပြီး သူ့ရွာကို ဝမ်းသာအားရနဲ့ပြန်လာခဲ့တော့တယ်။ သူ့ရွာကိုရောက်တာနဲ့ သူကရွာသူရွာသားအားလုံးကို သူ့အိမ်ရှေ့ကိုစုပြီးခေါ်လိုက်တော့သတဲ့။ သူက မီးသတ်ဥသြကိုရွာသားတွေကို ပြပြီး

“မိတ်ဆွေတို့…. အခုဆိုရင် ကျွန်တော်တို့ရွာမှာ မီးဘေးအတွက်စိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တော့်မှာ မီးငြှိမ်းသတ်ပေးနိုင်တဲ့နည်းပညာတစ်ခုရထားတယ်။ ဘယ်လိုနည်းပညာလေးလည်းဆိုတာကို ကျွန်တော်လက်တွေ့ပြမယ်” လို့ပြောပြီး သူ့အိမ်အနီးက ကောက်ရိုးပုံကြီးကို မီးနဲ့ရှို့ပြီး အေးအေးဆေးဆေးထိုင်နေလိုက်တော့သတဲ့။ ရွာသားတွေကတော့ သူဘာလုပ်မလဲဆိုတာကို တအံ့တသြနဲ့ ကြည့်နေကြတော့သတဲ့။ ကောက်ရိုးပုံကမီးတွေက သူ့အိမ်ကိုကူးစက်လာတာတော့မယ်အချိန်ကျမှ မီးသတ်ဥသြကိုထုတ်ပြီး မှုတ်နေလိုက်တော့တယ်တဲ့။ ရွာသားတွေကတော့ အိမ်မီးလောင်နေတာကို အေးအေးဆေးဆေးဥသြမှုတ်နေတဲ့သူ့ကို တစ်လှည့် တစ်စတစ်စကြီးလာတဲ့မီးတောက်ကြီးတွေကို တစ်လှည့်ကြည့်ရင်း အထိတ်ထိတ်အလန့်လန့်ဖြစ်နေတော့တာပေါ့။

သူကတော့ “စိတ်မပူကြနဲ့ မကြာမီမှာ မီးအလိုလိုငြိမ်းသွားမှာပါ။ ဒီဥသြကမီးသတ်ဥသြလေ” လို့ပြောရင်း ဟန်မပျက်ဥသြမှုတ်နေတယ်တဲ့။ သူဘယ်လောက်ပဲ ဥသြကိုမှုတ်ပါစေ မီးတောက်ကြီးတွေကတဖြည်းဖြည်း ကြီးမားလာတော့ တစ်ခုခုမှားနေပြီဆိုတာကို သဘောပေါက်လိုက်သတဲ့။ ဒါနဲ့ပဲ သူက မီးသတ်ဥသြကို ကျယ်ကျယ်မှုတ်ပြီး မီးငြိမ်းလိုငြိမ်းငြားကြိုးစားကြည့်တော့တယ်။ ဒါပေမဲ့မီးငြိမ်းဖို့အတွက်  ဘာပြင်ဆင်မှုမှ မရှိခဲ့တဲ့အတွက် မကြာမီမှာပဲ မီးတောက်ကြီးတွေက တစ်ရွာလုံးကို ဝါးမြိုပြစ်လိုက်တယ်တဲ့။ ကောက်ရိုးတွေ၊ ဝါးတွေနဲ့လုပ်ထားတဲ့ အိမ်တွေလည်းဖြစ်ပြန်၊ တစ်အိမ်နဲ့တစ်အိမ်ကလည်း ကပ်လျက်ရှိပြန်ဆိုတော့ ရွာသားတွေဟာ အသက်ကိုမနည်းလုပြီး ရွာပြင်ကိုထွက်ပြေးရတာပေါ့။

တကယ်တော့ ခရီးသွားဟာ မီးသတ်ဥသြရဲ့ အဓိပ္ပါယ်ကိုလွဲမှားစွာအဓိပ္ပါယ်ပေါက်သွားခဲ့တာကြောင့် သူတို့တစ်ရွာလုံးမီးမလောင်သင့်ဘဲ မီးလောင်ခဲ့ရတယ်။ တကယ်တော့ အချက်ပြအသံကိုကြားပြီး မီးငြိမ်းသတ်တာကြောင့် မီးတွေငြိမ်းရတာပါ။ မီးသတ်ဥသြကို မီးငြိမ်းသတ်ဖို့သုံးတာမဟုတ်ဘဲ တစ်ရွာလုံးကိုအတူတူမီးငြှိမ်းသတ်ဖို့ အချက်ပေးဖို့သာသုံးတဲ့အရာတစ်ခုဆိုတာကို သူသဘောမပေါက်ခဲ့ဘူး။

ဒီလိုပါပဲ ကျွန်မတို့ဘဝမှာ အချက်ပေးသံတွေက ပြဿနာတွေကိုလည်း ကျွန်မတို့ကိုယ်တိုင်ပဲရှင်းရမှာဖြစ်ပါတယ်။ ဥသြသံကို ကျယ်သည်ထက်ကျယ်အောင် ဘယ်လောက်ပဲမှုတ်ပါစေ မီးငြိမ်းမသွားသလိုပဲ ပြဿနာတွေကို ညည်းတွားနေတာက ပြဿနာတွေကို မရှင်းစေပါဘူး။ ကျွန်မတို့ကိုယ်တိုင်ရဲ့ စွမ်းဆောင်ရည်နဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့သာ ရှင်းရတဲ့အရာတစ်ခုဖြစ်ပါတယ်။ ပရိသတ်ကြီးရေ…  ဘဝရဲ့ပြဿနာတွေကို ကိုယ်ထိလက်ရောက်ဖြေရှင်းရင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကို လှမ်းချီနိုင်ပါစေရှင်။