Mr. Bean ဇာတ်ကောင်အကြောင်းကို သင်ဘယ်လောက်ထိ သိထားသလဲ

blank

စကားလုံးတစ်လုံးမှ မပြောဘဲ ကမ္ဘာကြီးကို ရယ်မောအောင်လုပ်နိုင်ခဲ့သူတစ်ယောက် ရှိပါတယ်။ သူကတော့ မစ္စတာဘင်းန်(Mr.Bean) လို့ အများသိကြတဲ့ ဟာသမင်းသားကြီး ရိုဝမ် အတ်ကင်ဆန် (Rowan Atkinson) ဖြစ်ပါတယ်။ အခု လူတွေသိပ်မသိကြသေးတဲ့ သူ့ဘဝအကြောင်းလေးတွေကို ပြောပြပါရစေ။

သူဟာ ညီအစ်ကို (၄)ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ မွေးရာပါ စကားထစ်တဲ့ဝေဒနာကို ခံစားခဲ့ရပြီး “ဘ” အသံထွက်ကို ပီပြင်အောင်မထွက်နိုင်လို့ နည်းပညာအကူအညီတွေနဲ့ စကားပြောရသူလည်းဖြစ်ပါတယ်။

သူဟာ မွေးရာပါအားနည်းချက်ကို မမှုဘဲ Oxford တက္ကသိုလ်၊ Queen’s College ကနေ လျှပ်စစ်ဘာသာရပ်အထူးပြုနဲ့ မာစတာဘွဲ့ထိရအောင် ယူနိုင်ခဲ့ပါတယ်။ မာစတာတက်ရောက်နေတုန်းမှာပဲ သူ့ဘဝကို အောင်မြင်ကျော်ကြားစေတဲ့ Mr.Bean ဇာတ်လမ်းတွဲတွေကို ပူးတွဲဖန်တီး၊ ပူးတွဲဇာတ်ညွှန်းရေးပြီး စတင်ရိုက်ကူးခဲ့ပါတယ်။

အတ်ကင်ဆန်ဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲရ် (Tony Blair) နဲ့လည်း Durham Choristers School မှာ ကျောင်းနေဖက်သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။

အတ်ကင်ဆန်အနေနဲ့ အနုပညာလုပ်ငန်းကို စတင်ဝင်ရောက်ခဲ့စဉ်က ဇာတ်လမ်းတွေ၊ ရုပ်သံအစီအစဉ်တွေတော်တော်များများမှာ ခပ်စိပ်စိပ်ပါဝင်ခဲ့ပါတယ်။ သူ့ကို နာမည်ကျော်ကြားလာစေခဲ့တာကတော့ BBC ရဲ့ ဟာသအစီအစဉ်ဖြစ်တဲ့ “Not the Nine O’Clock” ဖြစ်ပါတယ်။

တစ်ခါက သူလိုက်ပါစီးနင်းလာတဲ့ လေယာဉ်ရဲ့ လေယာဉ်မှူးက ရုတ်တရက်သတိလစ်သွားပြီး လေယာဉ်ပျက်ကျမလိုဖြစ်တာကြောင့် လေယာဉ်ကိုပျက်မကျအောင် သူက ထိန်းချုပ်မောင်းနှင်နိုင်ခဲ့ပါတယ်။ တကယ်တော့ သူ့မှာ လေယာဉ်နဲ့မောင်းနှင်မှုနဲ့ပတ်သက်တဲ့ အတွေ့အကြုံလုံးဝမရှိခဲ့ပါဘူး။

သူ့ရဲ့ အနုပညာပြောင်မြောက်မှုနဲ့ ပရဟိတလှူဒါန်းမှုတွေကြောင့် ၂ဝ၁၃ ခုနှစ်မှာ အင်္ဂလန်ဘုရင်မကြီးကချီးမြှင့်တဲ့ CBE (Commander of the Order of the British Empire) ဘွဲ့ကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ လက်ရှိချမ်းသာကြွယ်ဝမှုတွေက အမေရိကန်ဒေါ်လာ သန်း ၁၃ဝ အထိရှိပါတယ်။

အတ်ကင်ဆန်ဟာ ကားစုဆောင်းရတာနဲ့ ကားပြိုင်တာတွေကို ဝါသနာပါပါတယ်။ သူ့မှာ တန်ဖိုးမြင့်ဇိမ်ခံကားတွေနဲ့ အခြားကားအမျိုးအစားတွေ အများကြီးပိုင်ဆိုင်ထားပါတယ်။

၁၉၈၃ ခုနှစ်ကရိုက်ကူးခဲ့တဲ့ Never Say Never Again ဆိုတဲ့ နာမည်ကျော် ဂျိမ်းစ်ဘွန်းဇာတ်ကားထဲမှာလည်း ဇာတ်ပို့အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

သူဟာ တော်ဝင်အခမ်းအနားတွေကို တက်ရောက်ဖို့ဖိတ်ကြားခံရတဲ့ ဧည့်သည်တော်လည်းဖြစ်ပါတယ်။ မင်းသားကြီး ချားလ်စ် (Prince Charles) နဲ့ ကမ်မီလာ (Camilla)တို့ရဲ့ မင်္ဂလာပွဲ၊ မင်းသား ဝီလျံ (Prince William) နဲ့ ကိတ် မစ်ဒယ်လ်တန် (Kate Middleton) တို့ရဲ့ မင်္ဂလာပွဲတွေကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။

Mr.Bean ဇာတ်လမ်းတွဲအတွက် “Mr.Bean” ဆိုတဲ့နာမည်ဖြစ်မလာခင် “Mr.White”၊ “Mr.Cauliflower” စတဲ့နာမည်တွေနဲ့ ရိုက်ကူးဖို့ စီစဉ်ထားခဲ့ကြပါတယ်။ နောက်ဆုံး “Mr.Bean” ဆိုတဲ့ နာမည်ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။

Johnny English Reborn ရုပ်ရှင် ပထမဆုံးပြသတဲ့ပွဲမှာ သူ့ရဲ့ သိပ်ကိုလှပတဲ့ သမီးချော Lily ကို ပွဲထုတ်ခဲ့ပါတယ်။

သူ့ရဲ့ဘဝဇာတ်ကြောင်းကို လေ့လာကြည့်မယ်ဆိုရင် ကျွန်မတို့ သင်ခန်းစာတွေအများကြီးရပါတယ်။ သူ့ရဲ့ မွေးရာပါအားနည်းချက်ဖြစ်တဲ့ စကားပြောရခက်တဲ့ရောဂါကြောင့် အားငယ်ဝမ်းနည်းမနေဘဲ အားနည်းချက်ကနေ အားသာချက်ဖြစ်အောင်ပြောင်းလဲပြီး အောင်မြင်မှုအတွက်အသုံးချနိုင်ခဲ့ပါတယ်။ ပညာရေးမှာသာမက အနုပညာမှာပါအောင်မြင်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ အဲဒီအားနည်းချက်ကို လက်ခံကိုင်တွယ်ပုံချင်းမတူညီတာကြောင့်သာ လူတွေရဲ့ဘဝ ကောင်းခြင်း၊ ဆိုးခြင်း၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေ ကွဲပြားသွားရတာပါပဲ။

ကိုယ့်ကို ပြုံးရယ်စေတဲ့သူက ကိုယ့်ကျေးဇူးရှင်ပဲတဲ့။ Mr.Bean ကြောင့် ပြုံးရယ်ခဲ့ရဖူးတယ်ဆိုရင်ပဲ ဒီစာစောင်လေးကို SHARE ပြီး သူ့ကို လေးစားချစ်ခင်ကြောင်း ပြလိုက်ရအောင်လား။