နှုတ်ကြောင့် သေစေနိုင်တဲ့ စကားပြောခြင်းအပြစ်ကြီး (၇)မျိုး

blank

လူတစ်ယောက်ကို ချစ်အောင်လုပ်နိုင်တာလည်း လက်လေးသစ်ပမာဏရှိတဲ့ ပါးစပ်၊ မုန်းအောင်လုပ်နိုင်တာကလည်း ဒီလက်လေးသစ်ပမာဏရှိတဲ့ ပါးစပ်တစ်ပေါက်ပါပဲ။ ကျွန်မတို့ ရှင်သန်နေထိုင်ရတဲ့ အချိန်ကာလတော်တော်များများကို စကားပြောခြင်းနဲ့ ကုန်ဆုံးရပါတယ်။ ကောင်းတဲ့စကားတွေက တစ်ဖက်လူနားထဲမှာ စွဲကျန်လေ့မရှိပေမဲ့ မကောင်းတဲ့စကားတွေကတော့ နားဆင်ရတဲ့လူတိုင်းရဲ့ စိတ်ထဲမှာရော၊ နားထဲမှာပါ ထာဝရစွဲကျန်နေတတ်ပါတယ်။ တစ်ခါတလေ နားထောင်သူတွေ အထိနာပါစေတော့ဆိုပြီး ပြောလိုက်တဲ့စကားတွေက တစ်ဖက်လူထက် ပြောလိုက်တဲ့သူကို ပိုပြီး ထိခိုက်စေတာတွေရှိပါတယ်။ တစ်ခါတလေမှာ ကြမ်းတမ်းတဲ့ဆဲဆိုစကားတွေထက် နားဝင်ဆိုးတဲ့စကားတွေလည်း ရှိနေပါတယ်။

ဒီတော့ ကိုယ်ပြောလိုက်တဲ့စကားကြောင့် အပြစ်ဖြစ်ရတာမျိုးမဖြစ်အောင်၊ ကိုယ့်ရဲ့ ပုံရိပ်ကိုထိခိုက်စေတာမျိုးမဖြစ်အောင် အောက်မှာဖော်ပြထားတဲ့ နားဝင်ဆိုးတဲ့စကားလေးတွေကို ရှောင်ကြဉ်လိုက်ရအောင်။

၁။ အတင်းအဖျင်းစကားများ

လူတစ်ယောက်ရဲ့ မကောင်းခြင်းတွေကို သူ့ကွယ်ရာမှာ လိုတာထက်ပိုပြီးချဲ့ကားပြောတာဟာ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ ကျွန်မကို လူတစ်ယောက်က သူများအတင်းလာပြောရင် ကျွန်မမရှိတဲ့အချိန်ကျရင်လည်း ကျွန်မအတင်းကို တခြားသူတွေကို ပြောလိမ့်မယ်ဆိုတာ လုံးဝသေချာပါတယ်။

၂။ တစ်ဖက်စောင်းနင်းဝေဖန်စကားများ

လူတစ်ယောက်ရဲ့အကြောင်းကို သေချာမသိဘဲ တစ်ဖက်သတ်ဝေဖန်ပြောဆိုလိုက်တယ်ဆိုပါစို့၊ တခြားသူတွေရဲ့ စိတ်ထဲမှာ “သူကဒီလိုပါလား” လို့ ထင်သွားမှာပါ။ ပြီးတော့ ပြောတဲ့သူကိုလည်း “သူလည်း ဒီလိုမကောင်းခဲ့လို့ သူများကိုပြောနိုင်တာပေါ့” ဆိုပြီး အထင်သေးသွားနိုင်ပါတယ်။ ပြီးတော့ နားထောင်သူအတွက်လည်း နားဝင်ဆိုးစေတယ်လေ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အပျက်သဘောဆောင်တဲ့ အဆိုးမြင်စကားများ

အဆိုးမြင်စကားဆိုတာ ဘယ်သူက ဘယ်လိုကောင်းတာပြောပြော လက်မခံဘဲအဆိုးမြင်တာ၊ ဘုနဲ့ဘောက်ပြန်ပြောတာ၊ ပြောချင်တဲ့ဆိုလိုရင်းကို နားလည်အောင်မကြိုးစားဘဲ အဆိုးဘက်ဦးတည်အောင် ပြောတတ်တာမျိုးဖြစ်ပါတယ်။ ဒါဟာ တကယ်မကောင်းတဲ့အကျင့်ပါ။ လူမှုဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။

၎။ ညည်းညူတဲ့စကားများ

ကျွန်မတို့တွေ အများဆုံးပြောကြတဲ့စကားတွေပေါ့။ ရာသီဥတုမကောင်းလို့၊ ကံမကောင်းလို့၊ မီးပျက်လို့၊ ဘာဖြစ်လို့၊ ညာဖြစ်လို့ စတဲ့အကြောင်းရင်းတွေ တစ်ပုံတစ်ပင်ကြောင့် ညည်းညူနေကြတယ်မဟုတ်လား။ ဒီလိုညည်းညူလိုက်တာက ဘာပြဿနာတွေကိုမှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ညည်းညူတာတွေကို လျှော့ပြီး လက်တွေ့ကျကျ ဖြေရှင်းသင့်ပါတယ်။

၅။ ဆင်ခြေပေးတဲ့စကားများ

တကယ်တော့ ဆင်ခြေပေးတယ်ဆိုတာ ကိုယ့်အပြစ်ကိုဖုံးကွယ်ဖို့ တခြားအရာတွေ၊ တခြားအခြေအနေတွေ၊ တခြားလူတွေအပေါ်မှာ အပြစ်ပုံချလိုက်ခြင်းပါပဲ။ တစ်နည်းအားဖြင့်ပြောရင် တာဝန်မယူတတ်တာပေါ့။ ဆင်ခြေပေးတယ်ဆိုတာလည်း နားဝင်ဆိုးတဲ့စကားပဲ မဟုတ်လား။

၆။ အလိမ်အညာစကားများ

မသိတဲ့သူကို လိမ်လို့ တစ်ချိန်ချိန် သိသွားတဲ့အခါ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ သိနေတဲ့သူကို သွားလိမ်ရင်လည်း လှောင်ပြောင်ခံရတာ၊ ထောက်ပြပြောဆိုခံရတာ၊ အထင်သေးခံရတာတွေ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျွန်မတို့ကိုယ်တိုင်ကလည်း အလိမ်အညာစကားတွေဆိုရင် နားမထောင်ချင်လောက်အောင် နားခါးတတ်ကြတယ်မဟုတ်လား။

၇။ အခိုင်အမာငြင်းဆိုကြတဲ့စကားများ

လောကမှာ လူတိုင်းရဲ့အတွေးတွေက အမြဲတမ်းမှန်မနေနိုင်ပါဘူး။ ဒီတော့ ကိစ္စတစ်ခုကို ကိုယ်ထင်တဲ့အတိုင်းမှန်ပါတယ်ဆိုပြီး ဇွတ်ပိတ်ငြင်းတာတွေမဖြစ်သင့်ပါဘူး။ ပင်လယ်ကမ်းခြေမရောက်ဖူးတဲ့သူက ပင်လယ်ရေကချိုပါတယ်ဆိုပြီး ဇွတ်ငြင်းရင် နားထောင်ရတဲ့သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ဒေါသစိတ်တောင်ဖြစ်စေနိုင်ပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… လူမှုဆက်ဆံရေးကောင်းမွန်ပြီး လူအထင်သေးမခံရအောင် အထက်မှာဖော်ပြထားတဲ့ နားဝင်ဆိုးတဲ့စကားတွေကို ရှောင်ကြဉ်ကြရအောင်လားရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။