ဇီးရိုးကနေ ကမ္ဘာကျော်ဟီးရိုးဖြစ်လာခဲ့သူ အိုပရာဝင်းဖရေး(Oprah Winfrey)ရဲ့ စိတ်ဝင်စားစရာဘဝအကြောင်း

blank

“ သင် ဘယ်သူဆိုတာကို သေချာသိလေ သင့်အတွက် အကောင်းဆုံးဖြစ်မယ့်အရာတွေကိုပို ဆုံးဖြတ်နိုင်လေပဲ ”ဆိုတဲ့ မှတ်သားထိုက်တဲ့စကားတစ်ခွန်းကို ပြောခဲ့သူကတော့ ကမ္ဘာကျော်ရုပ်သံ တင်ဆက်သူ အိုပရာဝင်းဖရေး(Oprah Winfrey)ပဲ ဖြစ်ပါတယ်။

အိုပရာဝင်းဖရေးဆိုတာ ၂ဝ-ရာစုရဲ့ အချမ်းသာဆုံး အာဖရိကန်အမေရိကန်သူဌေးမကြီးဖြစ်ပြီး သူမကို ၁၉၅၈-ခု၊ ဇန်နဝါရီ၂၉-ရက်နေ့မှာ မစ္စစ္စပီနယ်(Mississippi)၊ ကော်စစ္စကို(Kosciusko)မြို့မှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိမှာ သူမဟာ အမေရိကန်ရဲ့အအောင်မြင်ဆုံးတယ်လီဗေးရှင်းအစီအစဉ် ထုတ်လုပ်သူအဖြစ် ကျော်ကြားလျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းလုံးက အမျိုးသမီးထုကြားမှာ လွှမ်းမိုးနိုင်တဲ့ စံပြအမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ကလေးဘဝကတော့ ကြမ်းတမ်းခက်ခဲမှုတွေအမျိုးမျိုးနဲ့ မချောမွေ့ခဲ့ပါဘူး။ သူမဆယ် ကျော်သက်အရွယ်မှာ မိဘနှစ်ပါးကွာရှင်းခဲ့ကြပြီး သူမကတော့ အဘိုးအဘွားတွေနဲ့ သွားရောက်နေ ထိုင်ခဲ့ရပါတယ်။ ဆင်းရဲချို့တဲ့လွန်းတဲ့အတွက် အာလူးထည့်တဲ့ဂုန်နီအိတ်ကိုတောင် အဝတ်အစားချုပ် ဝတ်ခဲ့ရဖူးပါတယ်။ သူမ ၆- နှစ်အရွယ်မှာတော့ သူမရဲ့မိခင်နဲ့ အတူပြန်နေခဲ့ပါတယ်။ သူမရဲ့မိခင်ဟာ အိမ်အကူတစ်ယောက်အဖြစ် အသက်မွေးရတာကြောင့် သမီးဖြစ်သူ အိုပရာဝင်းဖရေးလေးအတွက် အချိန်မပေးနိုင်ရှာပါဘူး။ ဒါကြောင့် အသက် ၉-နှစ် အရွယ်မှာ သူမအစ်ကိုဝမ်းကွဲနဲ့သူမဦးလေးသာမက သူမရဲ့မိသားစုနဲ့ ခင်မင်တဲ့လူရဲ့ အဓမ္မပြုကျင့်မှုတွေကိုပါ ခံစားခဲ့ရပါတယ်။ အသက် ၁၃-နှစ်မှာ အိမ်က ထွက်ပြေးခဲ့ပြီး အသက် ၁၄-နှစ်မှာ မိခင်တစ်ယောက်ဖြစ်လာခဲ့တယ်။ သားလေးတစ်ယောက်မွေးဖွားခဲ့ ပေမဲ့ မီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ရှာပါတယ်။ အဲ့ဒီနောက်တော့ သူမရဲ့ဖခင်ဖြစ်သူ ဆံသဆရာဆီမှာ တစ်လှည့်ပြန်လာနေခဲ့တယ်။

သူမအတွက်တော့ ပထမဆုံးအကြိမ်အဖြစ် ပညာသင်ဖို့ အခွင့်အလမ်းရရှိခဲ့တာပါပဲ။ ဘဝနာခဲ့ တဲ့အတွက် ပညာရေးမှာ စိတ်ရောကိုယ်ပါ နစ်မြုပ်ကြိုးစားခဲ့တဲ့ သူမဟာ အရှေ့နေ့ရှ်ဗယ်လီအထက် တန်းကျောင်းရဲ့နာမည်အကျော်ကြားဆုံး ကျောင်းသူတစ်ယောက်ဖြစ်လာခဲ့တယ်။ ကျဘမ်းစကား ပြောပြိုင်ပွဲတိုင်းမှာလည်း ထူးချွန်ဆုတွေကို ဆက်တိုက်ရယူနိုင်ခဲ့တယ်။ နောက်တော့ တင်န်နက်စီ တက္ကသိုလ်မှာ လူမှုဆက်ဆံရေးဘာသာရပ်ကို ဆက်လက်ဆည်းပူးခဲ့တယ်။

အသက် ၁၉-နှစ်အရွယ်မှာတော့ ပြည်တွင်းရေဒီယိုအစီအစဉ်တစ်ခုမှာ ညနေခင်းပြည်တွင်း သတင်းအတွက် တွဲဖက်အစီအစဉ်တင်ဆက်သူအလုပ်ကို ရရှိခဲ့တယ်။ သူမအတွက်တော့ ဒါဟာ ဘဝတစ်ခုလုံးကို ပြောင်းလဲစေမယ့် အကြီးမားဆုံးအချိုးအကွေ့တစ်ခုပါပဲ။ ၁၉၈၄-ခုနှစ်မှာ “AM Chicago” ဆိုတဲ့ နံနက်ခင်း စကားပြောတဲ့အစီအစဉ်ကို စတင်ခဲ့တယ်။ အဲ့ဒီအစီအစဉ်ဟာ မကြာခင် မှာဘဲ အမေရိကရဲ့လူကြည့်အများဆုံး အစီအစဉ်တစ်ခုဖြစ်လာခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အဲဒီအစီ အစဉ်ကို “ အော်ပရာဝင်းဖရေးအစီအစဉ်” လို့ အမည်ပေးခဲ့ကြတယ်။ စုပေါင်းစကားပြောကြတဲ့အဲ့ဒီ အစီအစဉ်ဟာ ကြည့်ရှုသူ ၃ဝ-မီလျံကျော်နဲ့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၁၄၄-နိုင်ငံကိုဖြတ်ပြီး အမေ ရိကန်တယ်လီဗေးရှင်းသမိုင်းမှာ လူကြိုက်အများဆုံးရှိုးတစ်ခုဖြစ်လာခဲ့တယ်။ သူမဟာ “Change Your Life TV”အစီအစဉ်နဲ့လည်း ကြည့်ရှုသူအမျိုးသမီး ၂၂ မီလျှံရဲ့ လွှမ်းမိုးနိုင်ဆုံးခေါင်းဆောင် တစ်ဦးအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူမဟာ အစီအစဉ်တင်ဆက်သူနဲ့ထုတ်လုပ်သူအပြင် အိုပရာမဂ္ဂဇင်းတည်ထောင်သူနဲ့ အောက်ဆီဂျင်မီဒီယာရဲ့တွဲဖက်တည်ထောင်သူအလုပ်ကိုလည်း လုပ်ကိုင်ခဲ့တယ်။ ၁၉၉၈-ခုနှစ်မှာ “Oprah’s Angel Network” ဆိုတဲ့ မေတ္တာနဲ့ကူညီတဲ့ပရဟိတအသင်းအဖွဲ့ကို စတင်တည်ထောင်ခဲ့ ပါတယ်။ သူမရဲ့ပရဟိတအဖွဲ့ကနေ ဟာရီကိန်းကတ်ထရီနာမုန်တိုင်းပြီးတဲ့နောက် သူမရဲ့ကြည့်ရှုသူ ပရိသတ်တွေဆီက ဝိုင်းဝန်းလှူဒါန်းကြတဲ့အလှူငွေ ဒေါ်လာ ၁၁-မီလျှံကို ရရှိခဲ့ပြီး ဒေါ်လာ ၁ဝ မီလျှံ ကို လှူဒါန်းနိုင်ခဲ့တယ်။ ကမ္ဘာ့လှူဒါန်းနိုင်ဆုံး ပုဂ္ဂိုလ်ကျော်စာရင်းမှာ နံပါတ် ၃၂ နဲ့ မှတ်တမ်းတင်ခံခဲ့ရ တယ်။

ဘဝကို သုညကနေ စတင်ခဲ့ပြီး ယနေ့မှာကမ္ဘာကျော်ထိတ်ထိတ်ကြဲ စွမ်းဆောင်ရှင်တစ်ဦးဖြစ် လာခဲ့တဲ့ အိုပရာဝင်းဖရေးရဲ့ မှတ်သားထိုက်တဲ့ ဘဝခံယူချက်ကတော့ “ အဓိပ္ပာယ်ရှိတဲ့ဘဝဆိုတာ လက်ရှိအခြေအနေကို အကောင်းဆုံးကျင့်ကြံနေထိုင်နေရုံသာမကဘဲ ဒီထက်ပိုကောင်းတဲ့နေရာတစ် ခုဆီ မိမိကိုယ်ကို အမြဲတွန်းတင်ပေးနေဖို့ပါပဲ ” ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ရှင်။

အမျိုးသမီးများကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ယခုစာစောင်လေးကို ပြန်လည်မျှဝေဖို့SHARE လိုက်ပါဦးနော်။